တရုတ်နိုင်ငံက လှူဒါန်းသည့် Sinovac ကိုဗစ်ကာကွယ်ဆေး တစ်သန်းနှင့် ဆေးထိုးအပ်များ ရောက်ရှိ

တရုတ်နိုင်ငံက လှူဒါန်းသည့် Sinovac ကိုဗစ်ကာကွယ်ဆေး တစ်သန်းနှင့် ဆေးထိုးအပ်များ ရောက်ရှိ

နေပြည်တော် အောက်တိုဘာ ၁၃

တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ  မြန်မာနိုင်ငံသို့ လှူဒါန်းသည့်  Sinovac  ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်သန်းအနက် ပထမအသုတ်အဖြစ်  ကာကွယ်ဆေး တစ်သန်းနှင့်  ဆေးထိုးအပ် ၁ဝဝ၁၆ဝဝ တို့သည် ဒေသစံတော်ချိန် ည ၆ နာရီခွဲတွင် Air China လေကြောင်းလိုင်းဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိလာရာ  လှူဒါန်းပစ္စည်းများ လွှဲပြောင်းလက်ခံခြင်း အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီးတို့ တက်ရောက်၍  Video Conferencing    စနစ်ဖြင့် ကျင်းပသည်။

ရှေးဦးစွာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီးက ယခုလှူဒါန်းသည့် ကာကွယ်ဆေးများသည် မြန်မာနိုင်ငံရှိ ကျောင်းသား လူငယ်များအား ထိုးနှံပေးမည်ဟု သိရှိရပါသဖြင့် မြန်မာနိုင်ငံ၏ ကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရန်အတွက် အထောက်အကူပြု နိုင်မည်ဟု မျှော်လင့်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းအတွင်း တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ကာကွယ်ဆေး အပါအဝင် ဆေးနှင့် ဆေးပစ္စည်းများ သယ်ယူ ပို့ဆောင်ရေး၊ မူဆယ်-ရွှေလီနယ်စပ်ဂိတ်  ၁ဝ၅ မိုင်ကုန်သွယ်ရေး စခန်းတွင် ကိုဗစ်-၁၉ ကုသရေးစင်တာ တည်ဆောက်ရေး အစရှိ သည်တို့တွင် ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံမှ စဉ်ဆက်မပြတ်ဖော်ဆောင်နေ သော ကပ်ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးများ လှူဒါန်းပေးအပ်ခြင်းနှင့် ဝယ်ယူခြင်းများတွင် အကူအညီပေးခြင်း အပြင် တရုတ်-မြန်မာ နှစ်ဦးနှစ်ဖက်မှ မြန်မာနိုင်ငံတွင် ကာကွယ် ဆေးအရည်ဖြည့် ထုပ်ပိုးပြီး ပူးပေါင်းထုတ်လုပ်ရန်လည်း ဆွေးနွေးညှိနှိုင်းလျက် ရှိကြောင်း နှင့် ကောင်းမွန်တဲ့ ရလဒ်ရရှိနိုင်ဖို့ မျှော်လင့်ကြောင်း၊  မြန်မာနိုင်ငံ၏ ကာကွယ်ဆေး လွှမ်းခြုံနိုင်မှု ၅ဝ ရာခိုင်နှုန်းရရှိရေး၊ ရောဂါပိုး တွေ့ရှိမှုရာခိုင်နှုန်း ၅ ရာခိုင်နှုန်းအောက် အထိကျဆင်းရေး ရည်မှန်းချက် ဖော်ဆောင်ရာတွင် အဆွေတော်နဲ့အတူ ရင်းနှီးစွာ ချိတ်ဆက်ပြီး တရုတ်နိုင်ငံမှ တတ်စွမ်းသမျှ ကူညီပေးသွားမှာဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးမှ ကျေးဇူးတင်စကား ပြောကြားရာတွင်  တရုတ် ပြည်သူ့သမ္မတ နိုင်ငံမှ မိမိတို့ ကျန်းမာရေး ဝန်ကြီး ဌာနသို့ လှူဒါန်းသော ကိုဗစ်-၁၉  ကာကွယ်ဆေး  Sinopharm Dose ပမာဏ ၃ ဒသမ ၅သန်းအားလည်း လက်ခံရရှိခဲ့ပြီး အဆိုပါ ကာကွယ်ဆေးများအား National Vaccine Deployment Plan အရ ဦးစားပေး အုပ်စုများ သတ်မှတ်၍ထိုးနှံပေး လျက်ရှိကြောင်း၊ ကိုဗစ်-၁၉  ကပ်ရောဂါ ဖြစ်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် တရုတ်- မြန်မာ နှစ်နိုင်ငံသည် ချစ်ကြည် ရင်းနှီးစွာဖြင့်  ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ပူးပေါင်း ဆောင်ရွက်မှုများကို ထိရောက်စွာ ဖော်ဆောင် လျက်ရှိပြီး တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ် ဒေသတလျှောက်တွင်လည်း  ကပ်ရောဂါ ကာလအတွင်း နှစ်နိုင်ငံပြည်သူများ အသွားအလာ ထိန်းချုပ်ခြင်းနှင့် ကူးစက်မှု လျော့ပါး စေရေးအတွက် လှူဒါန်း ရရှိထားသော Sinopharm ကာကွယ်ဆေးများအနက် တစ်သန်း ကို ရောဂါဖြစ်ပွားမှု လျော့ချနိုင်ရေးအတွက် နယ်စပ်ဒေသ နေထိုင်သူများအား ထိုးနှံပေး  လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ပြည်တွင်းလိုအပ်ချက်နှင့်အညီ အချိန်နှင့်တစ်ပြေးညီ ရရှိနိုင်ရန်အတွက် မြန်မာနိုင်ငံ စက်မှုဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံသား စီးပွားရေး လုပ်ငန်းရှင်များ ပူးပေါင်း၍ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ နည်းပညာ ပံ့ပိုးမှုဖြင့် Ready to Fill Bulk(RTF) စနစ်အသုံးပြုကာ ထုတ်လုပ်ရန် ပြင်ဆင်နေမှုများအားလည်း ရှေ့ဆက်၍ အောင်မြင်စွာ လုပ်ဆောင်နိုင်ရန် နှင့် ဆက်လက်ကူညီ ပံ့ပိုးပေးရန် မျှော်လင့်ကြောင်း ပြောကြားသည်။

ထို့နောက် လွှဲပြောင်းလက်ခံသည့်မှတ် တမ်းတင်ဂုဏ်ပြုလွှာအား နှစ်ဖက်လက်မှတ် ရေးထိုးကြသည်။

ယနေ့ရောက်ရှိလာသည့်  Sinovac ကာကွယ်ဆေးများကို  တိုင်းဒေသကြီး/ ပြည်နယ်များသို့ လိုအပ်ချက်အရ မြေပြင်ခရီး လမ်းကြောင်းမှ လည်းကောင်း၊ တပ်မတော် (လေ)နှင့် မြန်မာ့လေကြောင်းတို့၏ အကူအညီဖြင့် လေကြောင်းခရီးမှ လည်းကောင်း အအေးလမ်းကြောင်းမပျက် ဆက်လက် ဖြန့်ဝေသွားမည်ဖြစ်သည်။

၁၃-၁ဝ-၂ဝ၂၁ ရက်အထိ ကာကွယ်ဆေးများ ရောက်ရှိလာမှု အနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနက ဝယ်ယူထားသော COVISHIELD နှစ်သန်း၊  Sinopharm ၁၄ သန်း၊  Sinovac နှစ်သန်း စုစုပေါင်း ၁၈ သန်း doses ရောက်ရှိပြီးဖြစ်သည်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ရုရှား နိုင်ငံတို့မှ လှူဒါန်းသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  doses ခုနစ်သန်းကျော် အားလည်း လက်ခံရရှိပြီးဖြစ်သည်။

   ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ရေး အတွက် တိုင်းဒေသကြီး/ပြည်နယ်များ တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေး လျက်ရှိရာ ၁၂-၁ဝ-၂ဝ၂၁ ရက်အထိ လူဦးရေစုစုပေါင်း ၁ဝ၅၉၁၆ဝ၉ ဦးအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ် အပြည့်ထိုးနှံပြီးစီးသူ ၄၂ဝ၁၆၃ဝ ဦးနှင့် ပထမအကြိမ် ထိုးနှံပြီးစီးသူ ၆၃၈၉၉၇၉ ဦး ရှိပြီဖြစ်သည်။

သို့ဖြစ်ပါ၍ ၁၂-၁ဝ-၂ဝ၂၁ ရက်အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး အကြိမ်ရေ စုစုပေါင်း ၁၄၇၉၃၂၃၉ ကြိမ် ထိုးနှံပြီးဖြစ်သည်။

မိဘပြည်သူများအနေဖြင့် မိမိအတွက် ရရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးကို မပျက်မကွက် အကြိမ်ပြည့်ထိုးနှံမှု ခံယူခြင်း၊ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံ မှုရရှိထားသူများ အနေဖြင့်လည်း ဒုတိယ အကြိမ် ကာကွယ်ဆေးထိုးနှံမှုကို သတ်မှတ် ရက်တွင် သို့မဟုတ် အနီးဆုံးသတ်မှတ် ကာလအတွင်းတွင် နီးစပ်ရာကာကွယ်ဆေး ထိုးစုရပ်များသို့ သွားရောက်၍ ထိုးနှံမှုခံယူ ခြင်းနှင့် ကာကွယ်ဆေးထိုး လုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် ကျန်းမာရေး ဝန်ကြီးဌာနက တိုက် တွန်း နှိုးဆော်သည်။