နေပြည်တော်၌ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ

နေပြည်တော်၌ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ

အခြေခံပညာအလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိစေရန်နှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန် ရရှိလာစေရေးအတွက် ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉  ကာကွယ်ဆေး  ဆက်လက် ထိုးနှံပေးလျက်ရှိသည်။

ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးနှံပေးနေမှုနှင့် စပ်လျဉ်း၍ နေပြည်တော် ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမွန်ကျော်မြင့်က ''ကာကွယ်ဆေး ထိုးနှံပေးရာမှာ ကျောင်းသားတွေရဲ့ မိဘအုပ်ထိန်းသူတွေ သဘောတူညီချက်ရယူပြီး သဘောတူညီချက်ရတဲ့ ကျောင်းသား၊ကျောင်းသူတွေကို ဦးစားပေး ထိုးနှံပေးနေတာဖြစ်ပါတယ်။ မိဘ၊ အုပ်ထိန်းသူတွေရဲ့ သဘောတူညီချက် မရရင်တော့ ကာကွယ်ဆေးမထိုးပေးပါဘူး။ကာကွယ်ဆေး မထိုးထားပေမယ့်လည်း ကျောင်းတက်ရောက် ခွင့်တော့ ပေးမှာဖြစ်ပါတယ်။ ဆေးထိုးနှံ ပေးနေတာ နှစ်ရက်ရှိပါပြီ။

ကျောင်းသား မိဘတွေကလည်း ယုံကြည်ချက် အပြည့်နဲ့ ပူးပေါင်းပါဝင်ပေးတဲ့အတွက် ဘာအခက်အခဲမှ မရှိပါဘူး''ဟု ပြောသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းကို အောက်တိုဘာ ၁၂ ရက်မှ  စတင်၍ ထိုးနှံပေးလျက်ရှိပြီး နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် တပ်ကုန်းမြို့နယ်တို့ရှိ အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းနှင့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်း ၄၉၆ ကျောင်းတွင်ရှိသည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၈၃၉၆၉ ဦးအား ကာကွယ်ဆေး ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

''ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးတဲ့အခါ မှာလည်း ကိုဗစ်လမ်းညွှန်မှုများနဲ့ ကိုက်ညီမှုရှိအောင် မြို့နယ် အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာ ကျန်းမာရေးဦးစီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနနဲ့ NGO အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ကျောင်းသားတွေအပြင် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး မထိုးနှံရသေးတဲ့ ဆရာ၊ ဆရာမတွေနဲ့ သူတို့ရဲ့ မှီခိုမိသားစုဝင်တွေကိုလည်း ထိုးနှံပေးသွားဖို့ စီစဉ်ထားပါတယ်''ဟု ဦးမွန်ကျော်မြင့်က ဆက်လက် ပြောကြားသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်း မြို့နယ်များအလိုက်    ဆေးထိုးနှံရန် သတ်မှတ်ထားသည့်    စုရပ်နေရာများ၌  အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို နေ့ရက်အလိုက် သတ်မှတ်ထားသည့် လူဦးရေစာရင်းအတိုင်း ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ကာကွယ်ဆေးထိုးနှံပေးလျက် ရှိပြီး ကာကွယ်ဆေးထိုးမည့် စုရပ်နေရာများ၌လည်း ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေး အတွက် လက်ဆေးဘေစင်များ ထားရှိ၍ လက်ဆေးစေခြင်း Mask  နှင့် Face Shield များ ဝေငှခြင်း၊ ဆေးထိုးရန် လာရောက်သည့် ကျောင်းသား၊ ကျောင်းသူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်းတို့ကို တာဝန်ကျကျန်းမာရေးနှင့် ပညာရေးဝန်ထမ်းများက ဆောင်ရွက်ပေးကြပြီး ပညာပေးဗွီနိုင်း ဆိုင်းဘုတ်များကိုလည်း ကျောင်းတွင်း၊ ကျောင်းပြင် ချိတ်ဆွဲထားရှိကာ အသိပညာပေးမှုများ ဆောင်ရွက်ထားသည်ကို တွေ့ရသည်။

ကာကွယ်ဆေးထိုးနှံပြီးသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း နောက်ဆက် တွဲလက္ခဏာများ ဖြစ်ပေါ်မှု ရှိ၊မရှိ သီးသန့်အခန်းများတွင် နာရီဝက်စောင့်ကြည့်ပြီး ကျန်းမာရေးချို့ယွင်းမှု တစ်စုံတစ်ရာဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝ ပေးနိုင်ရန် ဆောင်ရွက်ထားသည်ကိုလည်း တွေ့ရသည်။

ထို့ပြင် ဆေးထိုးနှံမည့် ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်စေရန် School Bus  များ စီစဉ်ပေးထားပြီး ဆေးထိုးစုရပ်ကျောင်း ပတ်ဝန်းကျင် ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များ၊ မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များက လုံခြုံရေး ဆောင်ရွက်ပေးသည်ကို တွေ့ရှိရသည်။