ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသောပြည်သူများကို ဦးစားပေးသည့် အနေဖြင့် ဆေးနှစ်ကြိမ် အပြည့်ထိုးနှံပြီးသူများ တတိယအကြိမ် လာရောက်ထိုးနှံခြင်း မပြုကြရန် ပြည်သူသို့မေတ္တာရပ်ခံ

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသောပြည်သူများကို ဦးစားပေးသည့် အနေဖြင့် ဆေးနှစ်ကြိမ် အပြည့်ထိုးနှံပြီးသူများ တတိယအကြိမ် လာရောက်ထိုးနှံခြင်း မပြုကြရန် ပြည်သူသို့မေတ္တာရပ်ခံ

ရက်စွဲ၊ ၁၃ - ၁ဝ - ၂ဝ၂၁

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကို ထိရောက်စွာ ကာကွယ်ထိန်းချုပ်ရေးအတွက် ကာကွယ်ဆေးထိုးနှံ ပေးခြင်းကို ဦးစားပေးအုပ်စုများ သတ်မှတ်၍ ဦးစားပေး အစီအစဉ်အလိုက် ဆောင်ရွက်လျက်ရှိပါသည်။ (၁၂-၁ဝ-၂ဝ၂၁)ရက်နေ့ အထိ လူဦးရေ(၁ဝ.၆)သန်းခန့်အား ကာကွယ်ဆေး ထိုးနှံပေးပြီး ဖြစ်၍ နှစ်ကြိမ်အပြည့် ထိုးနှံပြီးစီးသူ(၄.၂)သန်းခန့်၊ ပထမအကြိမ် ထိုးနှံပြီးစီးသူ(၆.၄)သန်းခန့်နှင့်   ကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း(၁၄.၈)သန်းခန့် ထိုးနှံပြီးဖြစ်ပါသည်။  ကာကွယ်ဆေး နှစ်ကြိမ်အပြည့် လွှမ်းခြုံမှုရာခိုင်နှုန်းမှာ အသက် ၁၈ နှစ်နှင့်အထက် လူဦးရေ၏(၁၂)ရာခိုင်နှုန်းခန့် ရရှိပြီးဖြစ်ပါသည်။ ကာကွယ်ဆေး လွှမ်းခြုံမှုရာခိုင်နှုန်းများ   ယခုထက်ပိုမို တိုးတက်ရရှိစေရေး ဆက်လက်၍ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါသည်။

ယခုအချိန်ကာလအတွင်းတွင် အချို့သူများသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် အပြည့်ထိုးနှံခြင်း ခံယူပြီးသော်လည်း တတိယအကြိမ် ကာကွယ်ဆေး (Booster Dose)ထိုးနှံခြင်းကို နိုင်ငံတော်မှ အခမဲ့ထိုးနှံပေးနေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်တွင် လာရောက်၍ ရယူထိုးနှံလျက် ရှိသည်ဟု သိရှိရပါသည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် အပြည့်ထိုးနှံခြင်း မရရှိသောသူများ အနေဖြင့် ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်စွာ ခံစားရနိုင်ခြေနှင့် ရောဂါကြောင့် သေဆုံးနိုင်ခြေသည် အကြိမ်ပြည့် ထိုးနှံခြင်း ခံယူထားသူများနှင့် နှိုင်းယှဉ်ပါက အလွန်မြင့်မားပါသည်။ ကာကွယ်ဆေးထိုးရန် ကျန်ရှိသူတို့ကို ဦးစားပေးကာ အစီအစဉ်အလိုက် လူတိုင်းကာကွယ်ဆေးထိုးနှံမှု အကြိမ်ပြည့်ခံယူ၍ ရောဂါကူးစက်မှု မရှိစေရေး ဆောင်ရွက်ထားနိုင်မှသာလျှင် မိမိအတွက်လည်း ရောဂါကူးစက်မှု မရှိစေရေး လုံခြုံစိတ်ချရမှု ရရှိမည် (No-one is safe until everyone is safe))ဖြစ်ပါသည်။ ကာကွယ်ဆေးလွှမ်းခြုံမှု မြင့်မားလာသည်နှင့်အတူ ရောဂါကူးစက်ဖြစ်ပွား သေဆုံးမှုများကို ထိရောက်စွာ လျှော့ချနိုင်မည်ဖြစ်ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှလည်း ကာကွယ်ဆေးသာတူညီမျှစွာ ရရှိရေးအတွက် အကြံပြု ထားပါသည်။

ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် မိမိတို့နိုင်ငံတွင် ကာကွယ်ဆေး လွှမ်းခြုံမှုများ ဦးတည်အုပ်စုများအလိုက် မြင့်မားစွာ ရရှိလာသည့်အခါတွင် တတိယအကြိမ် ကာကွယ်ဆေး(Booster Dose) ထိုးနှံရန် လိုအပ်ပါက ကာကွယ်ဆေးရရှိမှုအပေါ် မူတည်၍ ဦးစားပေးအစီအစဉ်အလိုက် လိုအပ်ချက်အရ ဆက်လက် ဆောင်ရွက်မည်ဖြစ်ပါသည်။ 

သို့ဖြစ်ပါ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသူများ အနေဖြင့် ကာကွယ်ဆေးတစ်ကြိမ်မျှပင် ထိုးနှံရခြင်း မရှိသေးသည့် ရောဂါကာကွယ်မှု မရရှိသေးသူများကို ဦးစားပေး၍ လည်းကောင်း၊ မိမိတို့နိုင်ငံတွင် ကာကွယ်ဆေး လွှမ်းခြုံမှုမြင့်မားစွာ ရရှိရေးအတွက် လည်းကောင်း   နိုင်ငံတော်မှ ထိုးနှံပေးလျက်ရှိသည့် အခမဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်း အစီအစဉ်တွင် လာရောက်၍ တတိယအကြိမ် ကာကွယ်ဆေး (Booster Dose) ထိုးနှံမှုများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန