ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာများမှ တိုက်ပွဲရှောင်ပြည်သူများ နေရပ်ပြန်နိုင်ရေး အတွက် နေအိမ်အသစ် ဆောက်လုပ်ခြင်းနှင့် နေအိမ်များ ပြန်လည်ပြုပြင်ရန် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်း

ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာများမှ တိုက်ပွဲရှောင်ပြည်သူများ နေရပ်ပြန်နိုင်ရေး အတွက် နေအိမ်အသစ် ဆောက်လုပ်ခြင်းနှင့် နေအိမ်များ ပြန်လည်ပြုပြင်ရန် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်း

နေပြည်တော် အောက်တိုဘာ ၁၃

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အတွင်းရှိ ကျေးရွာများမှ တိုက်ပွဲရှောင်ပြည်သူများ နေရပ်ပြန်နိုင်ရေး အတွက် နေအိမ်အသစ် ဆောက်လုပ်ခြင်းနှင့် နေအိမ်များ ပြန်လည်ပြုပြင်ရန် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းတွင် ပလက်ဝမြို့၊ မြို့မရပ်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ သဇင်ခန်းမ၌ ပြုလုပ်ရာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံ တပ်မှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တိုက်ပွဲရှောင်ပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ တာဝန်ရှိသူများက နှုတ်ခွန်းဆက်စကားများ ပြောကြားကြပြီး ပလက်ဝမြို့နယ် အတွင်းရှိ အောက်သဲမဝ၊ ဘောင်ဝ၊ စိမ့်စမ်းဝ၊ ငဗွီ၊ အန်ခခိုဝ၊ ဆီဖလောင်၊ တမန်းသားနှင့် ပလက်ချောင်းဝကျေးရွာတို့မှ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု ၁၅၂ စု၊ လူဦးရေ ၇၁၄ ဦးတို့အတွက် အိမ်အသစ် ၄၆ လုံး ဆောက်လုပ်ရန်နှင့် နေအိမ် ၁ဝ၃ လုံးကို ပြန်လည်ပြုပြင်ရန်အတွက် ထောက်ပံ့ငွေများကို ကျေးရွာအလိုက် အိမ်ထောင်စုဝင်များထံ အသီးသီး ပေးအပ်လှူဒါန်းသည်။

တပ်မတော်အနေဖြင့်  တိုက်ပွဲရှောင်ပြည်သူများ   နေထိုင်ရာနေရာများတွင် မိုင်းရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းများအပြင် နေအိမ်ဆောက်လုပ် ပြုပြင်ရန် လိုအပ်မှုများနှင့် လုပ်ကိုင်စားသောက်ရန် လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိပြီး အခြားလိုအပ်သည်များ ကူညီပံ့ပိုးပေးနိုင်ရန်  ကြိုတင်စုဖွဲ့ပြင်ဆင် ဆောင်ရွက်ထားရှိကြောင်း  သတင်းရရှိသည်။