ရွှေတောင်ပံရင်မှာဝင့်ကြွား တပ်မတော်(လေ)သူရဲကောင်းများ

တပ်မတော်(လေ)၏ လေယာဉ်မောင်းသင်တန်း အမှတ်စဉ်(၈၂) ကျောင်းဆင်းတောင်ပံ အပ်နှင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့၌ကျင်းပရာ အဆိုပါအခမ်းအနားတွင် ရွှေတောင်ပံကို ရင်မှာဝင့်ကြွားစွာ တပ်ဆင်နိုင်ရန်အတွက်  သင်ကြားလေ့ကျင့်ပေးခဲ့ကြသူများနှင့်  နိုင်ငံ့အန္တရာယ်ပြည့်ရန်စွယ်များကို ဝေဟင်ထက်မှ အသက်ပေး ကာကွယ်စောင့်ရှောက်ကြမည့် လေသူရဲကောင်းများအား တွေ့ဆုံမေးမြန်းမှုများကို ဖော်ပလိုက်ရပါသည်-

ဗိုလ်မှူးကြီးဖြိုးဝေလင်း

(တပ်မှူး-လေယာဉ်မောင်းသင်ကျောင်း)

ယခုသင်တန်းဆင်းတဲ့ လေသူရဲတွေကို နိုင်ငံတကာလေတပ်များရဲ့သင်ရိုးညွှန်းတမ်း များနဲ့အညီ  အခြေခံ၊  အကြိုတန်းမြင့်နဲ့ တန်းမြင့်သင်တန်းဆိုပြီး   အပိုင်းသုံးပိုင်းခွဲခြားကာ    သင်ကြားပို့ချပေး ခဲ့ပါတယ်။ ပျံသန်းချိန်နာရီ ၁၈၀ လေ့ကျင့်ပေးနိုင်ခဲ့တဲ့အပြင် ပျံသန်းရေးပိုင်းတွင်သာမက မြေပြင် ဘာသာရပ်ဆိုင်ရာ လေကြောင်းဘာသာရပ် များကိုလည်း  ခေတ်စနစ်နဲ့ကိုက်ညီစေဖို့  နိုင်ငံတကာ လေတပ်များ၊    အရပ်ဘက် လေယာဉ်မောင်းသင်ကျောင်းများနဲ့   လေယာဉ်မှူးကြီး လိုင်စင် သင်တန်းများတွင်  လက်ရှိအသုံးပြုနေပြီး အပြည်ပြည်ဆိုင်ရာ အရပ်ဘက်လေကြောင်း အဖွဲ့ချုပ် (ICAO) နဲ့ ပြည်ထောင်စုလေကြောင်းအဖွဲ့အစည်း  (FAA)တို့က အသိအမှတ်ပြုထားတဲ့ သင်ရိုး ညွှန်းတမ်းစာအုပ်တွေကို ပြဋ္ဌာန်းကာ သင်ကြားပို့ချပေးခဲ့ပါတယ်။ ကျွန်တော်တို့ ကျောင်းက မွေးထုတ်ပေးလိုက်တဲ့ လေယာဉ်မောင်းသင်တန်းဆင်း လေသူရဲအရာရှိငယ်များဟာ သက်ဆိုင်ရာ ပျံသန်းရေးအုပ်သို့ ရောက်ရှိတာနဲ့  စစ်ဆင်ရေးတာဝန်များကို  စတင်ထမ်းဆောင်နိုင်မှာဖြစ်ပါတယ်။  

ဒုတိယဗိုလ်မှူးကြီးအောင်သူရ (ခေတ္တဌာနမှူး-ပျံသန်းရေးဌာန)

စာပေဌာနမှတာဝန်ယူထားတဲ့ အခြေခံလေယာဉ်သားလောင်း သင်တန်းတက်ရောက် အောင်မြင်သူ များကိုသာ လက်တွေ့ပျံသန်းမှုသင်ခန်းစာများ သင်ကြားပို့ချဖို့အတွက် အခြေခံလေယာဉ်မောင်း သင်တန်း၊ အကြို တန်းမြင့်လေယာဉ်မောင်းသင်တန်းနဲ့ တန်းမြင့်လေယာဉ်မောင်းသင်တန်းဆိုပြီး  အပိုင်းသုံးပိုင်းခွဲခြားပြီး  ပို့ချပေးပါတယ်။ ပထမပိုင်းအနေနဲ့ကတော့ အခြေခံလေယာဉ်မောင်း သင်တန်းမှာ လေကြောင်းဆိုင်ရာ ဘာသာရပ်များကို ၁၂ ပတ်ကြာသင်ကြားရပြီး ဘာသာရပ်အားလုံး အောင်မြင်သူများကိုသာ  Grob-120 TP အမောင်းသင် လေယာဉ်များဖြင့် တစ်ဦးတည်းပျံသန်းခြင်း မတိုင်မီ အဆင့်(Pre-Solo Stage)ကို  တက်ရောက်ရပါတယ်။ ပထမဆုံးအကြိမ် တစ်ဦးတည်း ပျံသန်းနိုင်ရန်အတွက် ပျံသန်းချိန်  ၁၅  နာရီ သတ်မှတ်ထားပြီး ပျံသန်းရေး သင်ခန်းစာတွေကို ရှင်းလင်းသင်ကြားရာမှာလည်း ခေတ်မီသင်ကြားမှုနည်းစနစ် များဖြစ်တဲ့ ကွန်ပျူတာ အခြေပြု လေ့ကျင့် သင်ကြားမှုစနစ် (Computer Based Training)နဲ့  သင်ကြားလေ့ကျင့်စေခြင်း၊ အမှန်တကယ် ပျံသန်းမှု   မဆောင်ရွက်မီ လေယာဉ်တု (Simulator)များနဲ့ လေ့ကျင့်သင်ကြားခြင်း များကို ဆောင်ရွက်ကြရပါတယ်။  ပျံသန်းသင်ကြားချိန် ၁၅  နာရီ ဆိုတဲ့အချိန်တိုအတွင်းမှာ တစ်ဦးတည်း ပျံသန်းမောင်းနှင်နိုင်မှု (Solo Flight) ကို အောင်မြင်စွာ ပျံသန်းနိုင်ရမှာဖြစ်ပါတယ်။

တစ်ဦးချင်းပျံသန်းမှုကို ကျော်ဖြတ်အောင်မြင်လာကြတဲ့ လေသူရဲလောင်းတွေအနေနဲ့ လေယာဉ် ကျွမ်းထိုးပျံသန်းခြင်း၊ ချိန်ခွက်ကြည့်ပျံသန်းခြင်းနဲ့ အုပ်ဖွဲ့ပျံသန်းခြင်း အစရှိတဲ့ ပျံသန်းရေး သင်ခန်းစာတွေကို ၆၅ နာရီကြာ ဆက်လက်သင်ကြားရပြီး ပျံသန်းချိန်စုစုပေါင်းနာရီ ၈၀ လေ့ကျင့်ပျံသန်းပြီးချိန်မှာတော့ ပထမအဆင့် အခြေခံလေယာဉ်မောင်းသင်တန်း ပြီးဆုံးပြီပဲ ဖြစ်ပါတယ်။ အခြေခံ လေယာဉ်မောင်းသင်တန်း အောင်မြင်ပြီးသူတွေထဲကမှ စာပေရမှတ် နဲ့ ပျံသန်းမှု အရည်အသွေးအပေါ် မူတည်ပြီးတော့ တိုက်လေယာဉ်လေသူရဲလောင်း၊ သယ်ယူ ပို့ဆောင်ရေးနဲ့ ရဟတ်ယာဉ် လေသူရဲလောင်းများခွဲခြားကာ အကြိုတန်းမြင့် လေယာဉ်မောင်း သင်တန်းအဖြစ် နာရီ ၅၀ ကြာ ဆက်လက် သင်ကြားပို့ချပေးပါတယ်။ ဒုတိယအဆင့်အကြိုတန်းမြင့် လေယာဉ်မောင်းသင်တန်းမှာ သယ်ယူပို့ဆောင်ရေးလေယာဉ်နဲ့  ရဟတ်ယာဉ် လေသူရဲလောင်း များကို Grob-120 TP လေယာဉ်ဖြင့်လည်းကောင်း၊ တိုက်လေယာဉ် လေသူရဲလောင်းများကို K-8 အမောင်းသင် ဂျက်တိုက်လေယာဉ်ဖြင့်လည်းကောင်း ဆက်လက်သင်ကြားပို့ချပေးပါတယ်။ တတိယအဆင့် တန်းမြင့်လေယာဉ်မောင်း သင်တန်းတွင်   တိုက်လေယာဉ် လေသူရဲလောင်းများကို K-8W လေယာဉ်၊ သယ်ယူ ပို့ဆောင်ရေးလေသူရဲလောင်းများကို Y-12IV လေယာဉ်၊  ရဟတ်ယာဉ် လေသူရဲလောင်းများကို H-120 ရဟတ်ယာဉ်တို့ဖြင့်  ပျံသန်းချိန် နာရီ ၅၀ ကြာဆက်လက်ပို့ချ ပေးပါတယ်။ တန်းမြင့်လေယာဉ်မောင်းသင်တန်းကို   တက်ရောက်ပြီးချိန်မှာတော့   လေသူရဲလောင်း အားလုံးဟာ  ပျံသန်းချိန်   စုစုပေါင်းနာရီ  ၁၈၀  ကို  အောင်မြင်စွာ ပျံသန်းနိုင်ခဲ့ပြီးဖြစ်ပါတယ်။   လေယာဉ် မောင်းသင်တန်းအမှတ်စဉ်(၈၂)မှာ သင်တန်း တက်ရောက်သူအားလုံး အန္တရာယ်ကင်းရှင်း စွာနဲ့ သင်တန်းပြီးဆုံးအောင်မြင်ပြီး  ရွှေတောင်ပံရင်မှာ ဝင့်ကြွားစွာတပ်ဆင် ထားတာကို မြင်တွေ့ရတဲ့အတွက်  အတိုင်းမသိ ဝမ်းသာကြည်နူးမိပါတယ်။

ဒုတိယဗိုလ်မှူးကြီးဟိန်းအောင်

(ဌာနမှူး-စာပေဌာန)

လေယာဉ်မောင်းသင်ကျောင်းကို ကနဦး ကျောင်းဆင်းရောက်ရှိလာတဲ့ သင်တန်းသား အရာရှိငယ် များကို ပထမဦးဆုံး အခြေခံ လေယာဉ်သားလောင်းသင်တန်း   စတင် တက်ရောက်စေပါတယ်။   သင်တန်းမှာ  လေသူရဲတစ်ဦး မဖြစ်မနေသိထားရမယ့် ဘာသာရပ်တွေကိုသင်ကြားပို့ချပြီး အရည်အချင်း စစ်ဆေးပါတယ်။ အဲ့ဒီသင်တန်းမှာ သင်ကြားပေးတဲ့ Airmanship၊ Principles of Flight၊ Meteorology၊ Communication   စတဲ့  ဘာသာရပ်တွေအပြင်  အင်္ဂလိပ်စာနဲ့ ကွန်ပျူတာ အပါအဝင် ဘာသာရပ် ၁၂  ခုကို  သင်တန်းကာလ လေးပတ်သင်ကြားပေးခဲ့ပါတယ်။     အဲ့ဒီနောက် အခြေခံ လေယာဉ်မောင်းသင်တန်းမှာ  လေယာဉ်သားလောင်း သင်တန်းမှာပါဝင်တဲ့  ဘာသာရပ်တွေ အပြင် Air Frame & Electric နဲ့ Survival ဘာသာရပ်တွေကို ထပ်တိုးသင်ကြားပေးပါတယ်။ သင်တန်းကာလကတော့  ၁၂  ပတ်ဖြစ်ပါတယ်။  အကြိုတန်းမြင့် လေယာဉ်မောင်းသင်တန်း မှာတော့ Weapons ဘာသာရပ်ကို ထပ်တိုးသင်ကြားပေးပြီး သင်တန်းကာလ ၁၆ ပတ် ဖြစ်ပါတယ်။ နောက်ဆုံး တန်းမြင့်လေယာဉ် မောင်းသင်တန်းကိုတော့ သင်တန်းကာလ ၁၄ ပတ်နဲ့ ဖွင့်လှစ် သင်ကြားပေးခဲ့ပြီး မြို့ပြလိုင်စင် လျှောက်ထားဖြေဆိုနိုင်တဲ့ အဆင့်ရရှိစေရန် ရည်ရွယ်ပြီးတော့  Air Law၊ Flight Planning၊ Performance Mass & Balance & Operational Procedures ဘာသာရပ်တွေကို  ထပ်တိုးပို့ချပေးနိုင်ခဲ့ပါတယ်။ ကျောင်းဆင်းလေသူရဲတွေအပေါ်  စာပေဌာနမှူး တစ်ဦးအနေနဲ့ မှာကြားချင်တာကတော့ သင်တန်းဆင်းပြီးတာနဲ့ သက်ဆိုင်ရာပျံသန်းရေး အုပ်တွေကို ရောက်ရှိတဲ့အခါမှာ သင်ကြားပေးလိုက်တဲ့ ပျံသန်းရေးဆိုင်ရာ  စာပေဘာသာရပ်တွေကို အခြေခံပြီး နိုင်ငံတကာလေကြောင်းဆိုင်ရာ စာပေများကို ဆက်လက်လေ့လာသွားကြရင်း  နိုင်ငံတော်နဲ့ တပ်မတော်အတွက် အားကိုးရတဲ့ လေသူရဲကောင်းများဖြစ်ကြပါ စေလို့ ဆုမွန်ကောင်း တောင်းပေးလိုပါတယ်။

ဗိုလ်ဇေရဲမြတ်(လေယာဉ်မောင်းထူးချွန်ဆု)

ကျွန်တော်ကတော့  တပ်မတော်စစ်တက္ကသိုလ်  သင်တန်းအမှတ်စဉ် (၆၀)မှာ သင်တန်း တက်ရောက်    အောင်မြင်ခဲ့ပြီး လေယာဉ်မောင်း သင်တန်းအမှတ်စဉ်(၈၂) မှာသင်တန်းကို ဆက်လက် တက်ရောက် ခွင့် ရရှိခဲ့ပါတယ်။   သင်တန်းမှာ ပျံသန်းချိန်၊  လေယာဉ်မောင်းနှင်မှု အကောင်းဆုံးဖြစ်ခဲ့တဲ့အတွက် လေယာဉ်မောင်းထူးချွန်ဆု ရရှိခဲ့ပါတယ်။   နိုင်ငံတော်နဲ့တပ်မတော်အတွက် ဒို့တာဝန်အရေး သုံးပါး ကို ဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်နဲ့တပ်မတော်အတွက်    အားကိုးရတဲ့  လေသူရဲကောင်းတစ်ဦးဖြစ် အောင် ဆက်လက်ကြိုးစားသွားမှာပါ။

ဗိုလ်အောင်ဇော်မျိုး(စာပေထူးချွန်ဆု)

လေယာဉ်မောင်းသင်တန်းအမှတ်စဉ်(၈၂) မှာ  စာပေထူးချွန်ဆုရခဲ့ပါတယ်။ အခုလို စာပေထူးချွန်ဆု ရရှိအောင်  အခြေခံလေယာဉ်သားလောင်း သင်တန်းကစလို့ သင်တန်းကာလ တစ်လျှောက်လုံး လေကြောင်းပညာရပ်ဆိုင်ရာ သီအိုရီတွေ၊ နည်းစနစ်တွေနဲ့ လုပ်ငန်းစဉ်တွေကို မသိတာမရှိစေရဘူး ဆိုတဲ့စိတ်နဲ့ အပတ်တကုတ် လေ့လာဆည်းပူး သင်ယူခဲ့ပါတယ်။ ဒါ့အပြင် နည်းပြဆရာတွေရဲ့  အနီးကပ် သင်ကြားပြသမှုတွေကို စူးစမ်းလေ့လာလိုစိတ်နဲ့ ကြိုးစားသင်ယူခဲ့လို့ အခုလိုဆု ရရှိခဲ့တာပါ။ အခုလိုပေးအပ်ချီးမြှင့်ခဲ့တဲ့အတွက် နိုင်ငံတော်နဲ့တပ်မတော် အပေါ်မှာ  ကျရာတာဝန်ကို  ကျေပွန်စွာ ဆက်လက်ထမ်းဆောင်နိုင်မယ့် လေသူရဲကောင်းတစ်ဦးဖြစ်အောင်  ဆက်လက်ကြိုးစား သွားမှာပါ။

ဗိုလ်ဘုန်းသက်နိုင်(စံပြလေသူရဲဆု)

စာပေသင်ကြားမှုအပိုင်းမှာရော ပျံသန်းရေးအပိုင်းမှာပါ ဆရာတွေရဲ့ သင်ကြားပြသမှုမှန်သမျှကို  စိတ်ဝင်တစားသေချာ လိုက်နာမှတ်သားရင်း  သင်တန်းကာလတစ်လျှောက် မှန်မှန်လေ့လာပြီး ကြိုးစားခဲ့တဲ့အတွက် လေယာဉ်မောင်းသင်တန်း အမှတ်စဉ်(၈၂) မှာ  စံပြလေသူရဲဆုရရှိခဲ့ပါတယ်။ ရှေ့ဆက်တာဝန်ထမ်းဆောင်ရာမှာလည်း အထက်ကပေးအပ်တဲ့အမိန့်ကို   တိကျစွာလိုက်နာပြီး     စစ်သည်တော် ကျင့်ဝတ် ၆၀ နဲ့အညီ နေထိုင်ကျင့်ကြံသွားမှာဖြစ်ပါတယ်။

လေယာဉ်မောင်းသင်တန်းကျောင်းကို ၁၉၅၀ ပြည့်နှစ် ဇွန် ၁၆ ရက်တွင် မင်္ဂလာဒုံ လေတပ်စခန်း၌ စတင်တည်ထောင်ဖွင့်လှစ်ခဲ့ပြီး အမောင်းသင်လေယာဉ်အဖြစ် အတောင်နှစ်ထပ်တပ် တိုက်ဂါးမော့သ်  (Tiger Moth) လေယာဉ်များကို စတင်အသုံးပြုခဲ့ကြောင်း၊ ထို့ပြင် အမောင်းသင် လေယာဉ်များအဖြစ် Provost လေယာဉ်၊ SF-260 လေယာဉ်၊ PC-7 လေယာဉ်၊ PT-6 လေယာဉ်များဖြင့် သင်ကြားပို့ချခဲ့ရာမှ  ၂၀၁၅  ခုနှစ်မှစတင်ပြီး  ခေတ်မီ အမောင်းသင် လေယာဉ် ဖြစ်သော Grob-120 TP   လေယာဉ်များနှင့်   လေ့ကျင့် သင်ကြားပေးလျက်ရှိကြောင်း၊ ၂၀၁၆ ခုနှစ် ဧပြီ  ၆  ရက်တွင်  လေယာဉ်မောင်းသင်ကျောင်းအဖြစ်  တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း၊ လေယာဉ်မောင်း သင်ကျောင်း၏ သက်တမ်းကာလကို တွက်ချက်ကြည့်မည်ဆိုပါက နှစ်ပေါင်း ၇၀ ပြည့်ခဲ့ပြီး အမျိုးသား လေသူရဲ  ၁၉၅၅  ဦးနှင့်  အမျိုးသမီး လေသူရဲ ၁၆ ဦး စုစုပေါင်း ၁၉၇၁ ဦးအထိ  အောင်မြင်စွာမွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။     ။