ပုံရိပ်ယောင်ကမ္ဘာမှသည် အောင်မြင်မှုဆီသို့

နာရီလက်တံလေးများသည် အချိန်အခါမလပ် တချက်ချက်နှင့် အမြဲမပြတ်ရွေ့လျားနေ၏။ တစ်ရက်လျှင် အချိန် ၂၄ နာရီကိုတူညီစွာ ပိုင်ဆိုင်ကြသော်လည်းအချိန်ကို တန်ဖိုးရှိစွာ အသုံးချနိုင်မှု အပေါ်မူတည်၍ အောင်မြင်မှုများ ကွဲပြားခြားနားသွားသည်။ လူ့ဘဝတွင် ရည်မှန်းချက်ရှိရသည်။  ပန်းတိုင်ရှိရသည်။ ထိုရည်မှန်းချက်ပန်းတိုင်သို့ရောက်ရှိရန် ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် အမြဲမပြတ်ကြိုးစားနေရမည်လည်း ဖြစ်သည်။ အောင်မြင်လိုသူတစ်ဦးအတွက် အလဟဿဖြုန်းတီးပစ်ရန် အချိန်မရှိပါ။ အချိန်ကိုစနစ်တကျ စီမံခန့်ခွဲ၍ ရည်မှန်းချက် ပန်းတိုင်သို့ အရောက်လှမ်းနိုင်ရန် ကြိုးစားအားထုတ်နေရမည်သာ ဖြစ်ပေသည်။

ရည်မှန်းချက်ပန်းတိုင်သို့ အောင်မြင်စွာအရောက်လှမ်းနိုင်ရန် ဇွဲ၊ လုံ့လ၊ ဝီရိယရှိမှု၊ အချိန်ကို တန်ဖိုးရှိစွာအသုံးချနိုင်မှုအပြင် စည်းကမ်းရှိရန်လည်းလိုအပ်သည်။ စည်းကမ်းရှိမှတိုးတက် မည်။ စည်းကမ်းရှိမှ အောင်မြင်နိုင်မည်ဖြစ်သည့်အတွက် မိမိရည်မှန်းချက်ပန်းတိုင်သို့ လျှောက်လှမ်းရာတွင် အထောက်အကူဖြစ်စေမည့် သံမဏိစည်းကမ်းချက်များ ချမှတ်ကာ တိကျစွာလိုက်နာကျင့်ကြံရမည်ဖြစ်သည်။ ရည်မှန်းချက်ပန်းတိုင်သို့ တစ်နေ့တွင်ရောက်ရ မည်ဟု မိမိကိုယ်မိမိယုံကြည်မှုရှိရမည့်အပြင် ရည်မှန်းချက်နှင့် သွေဖည်မသွားစေရန်လည်း မိမိကိုယ်မိမိ ထိန်းချုပ်နိုင်စွမ်းလည်းရှိရမည်ဖြစ်သည်။ ယနေ့အချိန်သည် ယခင်ဆယ်စုနှစ် များနှင့်မတူ နည်းပညာနယ်ပယ်တွင် တစ်ဟုန်ထိုးတိုးတက် ပြောင်းလဲလျက်ရှိသည်။ နည်းပညာ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ နေထိုင်မှုပုံစံများလည်း ပြောင်းလဲလာခဲ့သည်။ လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုကျော် ကာလများတွင် အနားယူအပန်းဖြေစရာ ရေဒီယို၊  ကက်ဆက်နှင့် ရုပ်မြင်သံကြားသာရှိခဲ့သော်လည်း ယနေ့ခေတ်တွင် အင်တာနက်အသုံးပြုမှု တွင်ကျယ်လာသည့်အပြင် လူမှုကွန်ရက်အသုံးပြုမှု၊ အင်တာနက်ဂိမ်းကစားမှုများ ခေတ်စား လာပြီး အချို့မှာ အင်တာနက်ပေါ်တွင်၊ တစ်နည်းအားဖြင့် ပုံရိပ်ယောင်ကမ္ဘာတွင် သာယာ လာကြသည်။ လူမှုကွန်ရက်အသုံးမပြုရလျှင်၊ ဂိမ်းမကစားရလျှင် နေမထိထိုင်မသာဖြစ်ကြ သည်အထိ စွဲလမ်းကြသူများလည်းရှိလာသည်။ ဘဝရည်မှန်းချက်အတွက်အာရုံစူးစိုက်မှုနည်း လာကြသည်ကိုလည်း တွေ့ရသည်။ အောင်မြင်လိုသူတစ်ဦးအနေဖြင့် မိမိကိုယ်မိမိ နေ့စဉ် သုံးသပ်၍ ယနေ့ထက် မနက်ဖြန်ပိုတော်အောင်၊ ပိုကောင်းအောင်ကြိုးပမ်းနေရမည်ဖြစ်ပေရာ စိတ်အလိုကိုလိုက်၍ ဘဝအတွက် တန်ဖိုးရှိသောအချိန်များအကျိုးမဲ့မဖြုန်းတီးမိစေရန် ဂရုပြု ကြရမည်ဖြစ်ပေသည်။ ယနေ့လူငယ်၊ နောင်ဝယ်လူကြီးဟူသော ဆိုရိုးစကားနှင့်အညီ နောင်တစ်ခေတ်တွင် နိုင်ငံတော်ကိုဦးဆောင်ကြမည့်လူငယ်များသည် ငယ်စဉ်ကတည်းကပင် ကြီးမားသည့် ရည်မှန်းချက်များ ချမှတ်ကာ ကြိုးစားသင့်သည်။ ဘက်စုံကဏ္ဍစုံတွင် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီးကို တည်ဆောက်ရာ၌ အရည်အချင်းပြည့်ဝသည့် လူသား အရင်းအမြစ်များစွာ လိုအပ်သည့်အတွက် လူငယ်များအနေဖြင့် ပုံရိပ် ယောင်ကမ္ဘာထဲတွင် သာယာမနေဘဲ  လက်တွေ့ဘဝတွင် နိုင်ငံတော်အတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်ဖြစ်နိုင်ရန် ငယ်စဉ်ကတည်းကပင် ကြိုးစားဖြည့်ဆည်းကြရမည်ဖြစ်ပေသည်။ စာရေးသူတို့ငယ်စဉ်က လက်ဖက်ရည်ဆိုင်ထိုင်ကြရာတွင် လူမှုဘဝအတွက် အထောက်အပံ့ဖြစ်စေမည့် အကြောင်း အရာများ၊ စိတ်ဓာတ်ခွန်အားကို မွေးဖွားပေးသည့်စာပေများ၊ သုတရသများကို ငြင်းခုံ ဆွေးနွေးကြခြင်းဖြင့် မိမိတို့ဖတ်မှတ်ထားသမျှကို မျှဝေလေ့ရှိကြသည်။ သမိုင်းကြောင်းများ ပြောကြလျှင် တုတ်ထမ်း၊ ဓားထမ်း ဖြစ်လုဖြစ်ခင်အထိ ငြင်းခုံခဲ့ကြသည်။ ပျော်စရာ လည်းကောင်း  ဗဟုသုတများလည်းရခဲ့သည်။

ယနေ့ခေတ် အချို့လူငယ်များ လက်ဖက်ရည်ဆိုင် ထိုင်ကြရာတွင် စာရေးသူတို့ငယ်ဘဝ နှင့်မတူ တစ်မူထူးခြားသည်။ အဖွဲ့လိုက်စုထိုင်ကာ အင်တာနက်ဂိမ်းများဆော့ကစားရင်း လက်ပံပင် ဆက်ရက်ကျသကဲ့သို့ ဆူညံနေတော့သည်။ ကြီးသည်ငယ်သည်မသိ၊ ဆဲသူကဆဲ၊ အော်သူကအော်၊ ဆူညံပွက်လောရိုက်နေတော့သည်။ အခြားလက်ဖက်ရည်ဝိုင်းမှ ဧည့်သည် များကိုလည်း အားနာရကောင်းမှန်း သိဟန်မတူ။ ဂိမ်းမကစားသည့် လက်ဖက်ရည်ဝိုင်း အချို့ကို ကြည့်လျှင်လည်း ဖုန်းကိုယ်စီဖြင့် လူမှုကွန်ရက်တွင် အလုပ်ရှုပ်နေသည်ကို တွေ့ရသည်။ တစ်ဝိုင်းတည်း အတူတူထိုင်နေကြသော်လည်း စကားပင်မပြောကြ။ မသိလျှင် ရန်ဖြစ်ထားသည်ဟုပင် ထင်စရာရှိသည်အထိ ပြောင်းလဲလာခဲ့ပြီဖြစ်သည်။ ပုံရိပ်ယောင် ကမ္ဘာထဲတွင် နစ်မြုပ်နေကြပြီဖြစ်ပေသည်။ အင်တာနက်ကို မိမိတို့သိရှိလိုသည့် အကြောင်း အရာများ ရှာဖွေဖတ်ရှုရန်၊ ဗဟုသုတများ တိုးပွားစေရေးအတွက် လေ့လာဆည်းပူးရန် အသုံးပြုခြင်းအပြင် အခြားလူမှုစီးပွားဆိုင်ရာ အကျိုးရှိသည့် ကိစ္စရပ်များအတွက် အသုံးပြု သင့်သည်။ မိမိတို့၏ တစ်နေ့တာပင်ပန်းနွမ်းနယ်မှုကို တစ်ခဏတာ ဖြေဖျောက်နိုင်စေရန် ဖျော်ဖြေရေး တစ်ခုအနေဖြင့်လည်း အသုံးပြုသင့်သည်။ သို့ရာတွင် အမြဲမပြတ် အင်တာနက် အသုံးပြု၍ ပုံရိပ်ယောင်ကမ္ဘာထဲတွင် နစ်မြုပ်နေခြင်းမျိုးမဖြစ်စေရန် ဂရုပြုဆင်ခြင်ကြရမည် ဖြစ်ပေသည်။

ဖုန်းနှင့် ကွန်ပျူတာများကို အချိန်ကြာမြင့်စွာအသုံးပြု၍ စာဖတ်ခြင်း၊ ဂိမ်းကစားခြင်း၊ လူမှုကွန်ရက် အသုံးပြုခြင်းသည် ကျန်းမာရေးကိုထိခိုက်စေနိုင်သည်။ မျက်စိမှုန်ခြင်း၊ ဇက်ကြောတက်ခြင်း၊ အညောင်းမိခြင်းများဖြစ်ပေါ်စေသည့်အပြင် ညဉ့်နက်သန်းခေါင်အထိ အိပ်ရေးပျက်ခံ အသုံးပြုကြသူများအနေဖြင့် အဆီပိတ် ခြင်း၊ အဝလွန်ခြင်းရောဂါများ ခံစားရ နိုင်သည်။ ကိုယ်လက်လှုပ်ရှားမှု နည်းပါးလာသည့်အတွက် ရောဂါဘယလည်း ထူပြောလာ နိုင်သည်။ ဖုန်းဖြင့် ဂိမ်းဆော့ကြသူများသည် ဂိမ်းဆော့နေချိန်အတွင်း ဖုန်းဝင်လာသည်ကို မကြိုက်ကြ။ အင်တာနက်လိုင်းကျကာ ဂိမ်းရှုံးမည်ကို စိုးရိမ်ကြသည့် အတွက်ဖြစ်သည်။ ထို့အတူ လူမှုကွန်ရက်အသုံးပြုကာ Live လွှင့်ကြသူများမှာလည်း Live လွှင့်နေချိန်အတွင်း ဖုန်းဝင်လာပါက ကိုင်လေ့မရှိကြပါ။ ဂိမ်းဆော့ နေစဉ်၊ Live လွှင့်နေစဉ်အတွင်း ဖုန်းဝင်လာ ပါက ဖုန်းချပစ်လေ့ရှိကြသည်။ မိမိထံဆက်သွယ်လာသောဖုန်းသည် အခွင့်အလမ်းတစ်ခု၊ အခွင့်အရေးတစ်ခုကို ဖန်တီးပေးနိုင်သည့် ဖုန်းဖြစ်ပါက ထိုအခွင့်အလမ်းကို လက်လွှတ် ဆုံးရှုံးရသည့် အဖြစ်ဆိုးနှင့်ကြုံတွေ့ရနိုင်သည်။ ထို့ပြင် လူမှုဆက်ဆံရေးကဏ္ဍကို ထိခိုက် နစ်နာစေသည့် ဆိုးကျိုးများနှင့်လည်း ကြုံတွေ့လာရနိုင်သည့်အတွက်ဂရုပြုဆင်ခြင်ကြရမည် ဖြစ်ပေသည်။

လုပ်ငန်းခွင်အတွင်း ရောက်ရှိနေကြသူများအနေဖြင့် လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာ တွင် လုပ်ငန်းကျွမ်းကျင်မှုရှိစေရန် နေ့စဉ်ကြိုးစားဖို့လိုသည်။ ရိုးသားကြိုးစား၍တတ်နိုင်သမျှ စေတနာထားပြီး လုပ်ကိုင်ဆောင်ရွက်ကြရမည့်အပြင် မိမိလိုအပ်ချက်ကို တစ်ခုပြီးတစ်ခု လေ့လာသင်ယူရင်း တိုးတက်အောင် ကြိုးစားကြရမည်။ လုပ်ငန်းခွင်အတွင်း အားကိုး အားထားပြုရသူ တစ်ဦးဖြစ်အောင် ကြိုးစားကြရမည် လည်းဖြစ်သည်။ သို့ရာတွင် ညဉ့်နက် သန်းခေါင်ကျော်အထိ ဂိမ်းကစားခြင်း၊ လူမှုကွန်ရက်အသုံးပြုခြင်းများကြောင့် လုပ်ငန်းခွင် အတွင်း တာဝန်ထမ်းဆောင်နိုင်မှုကို ထိခိုက်စေလျက်ရှိသည်။ အိပ်ရေးမဝခြင်း၊ လန်းဆန်း တက်ကြွမှု မရှိခြင်းတို့ကြောင့် လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် အဆင်မပြေမှုများ ရှိလာသည်။ စိတ်မပါ လက်မပါဆောင်ရွက်လာကြသဖြင့် လုပ်ငန်းအောင်မြင်မှုကိုလည်း အားနည်းလာစေသည်။ ထို့ကြောင့် လူမှုကွန်ရက်အသုံးပြုခြင်း၊ အင်တာနက်ဂိမ်းကစားခြင်း တို့ကို ဖျော်ဖြေရေးတစ်ခုအဖြစ်သာ အသုံးပြု၍ စွဲလမ်းစွာအသုံးမပြုမိစေရန် ဂရုပြုကြရမည် ဖြစ်ပေသည်။ စာရေးသူအနေဖြင့်လည်း လွန်ခဲ့သည့်ဆယ်နှစ်ခန့်က ပုံရိပ်ယောင်ကမ္ဘာထဲတွင် နစ်မြုပ်ခဲ့ဖူးသည်။ အင်တာနက်ဂိမ်းကစားနေရလျှင် ထမင်းမေ့၊ ဟင်းမေ့၊ အကုန်မေ့နေသည့် ွောနမ တစ်ဦးဖြစ်ခဲ့ဖူးသည်။ အိပ်ချိန်မမှန်၊ စားချိန်မမှန်၊ ဖြစ်သလိုနေထိုင်စားသောက်ရင်း တန်ဖိုးရှိသည့်အချိန်များကိုဖြုန်းတီးခဲ့ဖူးသည်။ ဗိုက်ဆာလျှင် ခေါက်ဆွဲခြောက်ပြုတ်စားကာ ဂိမ်းဆော့ရင်း နံနက် ၂ နာရီ၊ ၃ နာရီထိုးသွားသည်ကိုပင် မသိသည့်ရက်များစွာလည်း ရှိခဲ့သည်။ ထိုကဲ့သို့ ပုံရိပ်ယောင်ကမ္ဘာထဲတွင် နစ်မြုပ်နေခဲ့သောကြောင့် ပညာရေး၊ ကျန်းမာ ရေး၊ လူမှုရေးတွင် တဖြည်းဖြည်း အားနည်းလာခဲ့သည်။ ခေါက်ဆွဲခြောက်သာ အစားများ သဖြင့် အစာအိမ်နာလာသည်။ ပညာရေးတွင် ကြိုးစားအားထုတ်မှု အားနည်းလာသဖြင့် ကျမ်းကြီးကြပ်သူ ပါမောက္ခ၏ ဆူပူကြိမ်းမောင်းပြစ်တင်မှုနှင့်လည်း မကြာခဏ ကြုံလာ ရသည်။ လူမှုဆက်ဆံရေးကဏ္ဍများတွင်လည်း အားနည်းလာခဲ့ရသည်။ ထို့ကြောင့် ပုံရိပ်ယောင်ကမ္ဘာမှ ရုန်းထွက်၍ အောင်မြင်မှုဆီ အရောက်လှမ်းနိုင်ရန် မိမိကိုယ်ကို ကြိုးစား တည့်မတ်ခဲ့ရသည်။ အသိတရားရရှိမှုနောက်မကျ၍သာ လမ်းမှန်ပေါ်ပြန်ရောက်ခဲ့သော်လည်း အကျိုးမဲ့ဖြုန်းတီးမိခဲ့သောအချိန်များမှာ အစားပြန်မရနိုင်တော့ပေ။

အောင်မြင်လိုသူတစ်ဦးအနေဖြင့် နေ့စဉ် ကုသိုလ်၊ ပညာ၊ ဥစ္စာ တစ်ခုခုရရှိအောင်ကျင့်ကြံ နေထိုင်ရမည်။ တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးတက်အောင်ကြိုးပမ်းရမည်။ ရည်မှန်းချက် ပန်းတိုင်များ ထားရှိကာ အောင်မြင်အောင် ကြိုးပမ်းကြရမည်။ ဇွဲ၊ လုံ့လ၊ ဝီရိယရှိစွာဖြင့် အချိန်ကို တန်ဖိုးရှိစွာ အသုံးပြုရမည်ဖြစ်သည့်အပြင် ပုံရိပ်ယောင်ကမ္ဘာတွင် နစ်မြုပ်ရင်း လက်တွေ့ဘဝနှင့် ဝေးကွာသွားခြင်းမရှိရန်၊ အောင်မြင်မှုလမ်းကြောင်းပေါ်မှ သွေဖည်မသွား စေရန်လည်း ဂရုပြုကြရမည်ဖြစ်သည်။ ထို့ကြောင့် ပုံရိပ်ယောင်ကမ္ဘာတွင် နစ်မြုပ်နေခြင်းမှ နိုးထ၍ အောင်မြင်မှုဆီသို့ အရောက်လှမ်းနိုင်ရန် အချိန်မီပြင်ဆင်သင့်ပြီ ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။   ။