ကမ္ဘာပေါ်က အကြီးဆုံးဆိုသော သတ္တဝါများ (၂)

မြေပြင်ပေါ်က အကြီးဆုံးအသားစားသတ္တဝါ -

ပိုလာဝက်ဝံနဲ့ ခိုဒီယက်ဝက်ဝံ ယနေ့အချိန်မှာ နေစရာနေရာ ရှားပါးလာပြီဖြစ်တဲ့ ဝင်ရိုးစွန်း ဝက်ဝံတွေနဲ့ ဝက်ဝံညို မျိုးစိတ်တစ်မျိုးဖြစ်တဲ့ ခိုဒီယက်ဝက်ဝံတွေကတော့ ကမ္ဘာမြေပြင်ပေါ်က အကြီးဆုံးသော အသားစားသတ္တဝါတွေပဲ ဖြစ်ပါတယ်။

သူတို့နှစ်မျိုးစလုံးဟာ ခန္ဓာကိုယ်အရွယ်အစားချင်း မတိမ်းမယိမ်းဖြစ်တဲ့အတွက် ဘယ်သူက အကောင်ပိုကြီး တယ်ဆိုတာ အတိအကျမသိရပါဘူး။ သူတို့နှစ်ကောင်စလုံးရဲ့ ခြေထောက်ကနေ ပခုံးအထိအမြင့်က ၅ ပေကျော်ရှိပြီး အလျားကတော့ ၁၀ ကျော်အထိရှိပါတယ်။

ကမ္ဘာ့စံချိန်တင်နိုင်ခဲ့တဲ့ အကြီးဆုံးသောပိုလာဝက်ဝံနဲ့ ခိုဒီယက်ဝက်ဝံတွေရဲ့ အလေးချိန်တွေ ကတော့ ပေါင် ၂၂၁၀ နဲ့ ပေါင် ၂၅၀၀ စီအသီးသီးရှိပါတယ်။

အကြီးဆုံးသော ကုန်းနေရေနေသတ္တဝါ - တရုတ်ရေပုတ်သင်

တရုတ်ရေပုတ်သင်ဆိုတာကတော့ ရေပုတ်သင်မျိုးထဲမှာကိုက အကြီးစား ရေပုတ်သင်မျိုးတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ကုန်းနေရေနေ သတ္တဝါတွေထဲမှာလည်း အကြီးဆုံးသတ္တဝါဖြစ်ပြီး အလျား အားဖြင့် ၆ ပေဝန်းကျင်ရှိတာပါ။ သူတို့နေထိုင်ရာဒေသက တရုတ်နိုင်ငံမှာဖြစ်ပြီး ကျောက်တောင် တွေ ထူထပ်တဲ့နေရာရှိ စမ်းချောင်းတွေ၊ ရေကန်တွေမှာ ကျင်လည်ကျက်စားတာဖြစ်ပါတယ်။ ယနေ့အချိန်မှာတော့ သူတို့ဟာမျိုးသုဉ်း လုနီးပါးဖြစ်လာပြီး အဓိကအားဖြင့် စားကျက်မြေတွေ ဆုံးရှုံးမှု၊ ညစ်ညမ်းမှုနဲ့ အလွန်အကျွံ ဖမ်းဆီးခံရမှုတွေကြောင့်ဖြစ်ပါတယ်။ တရုတ်ရေပုတ်သင် တွေဟာ တရုတ်တိုင်းရင်းဆေးအတွက် ဆေးစွမ်းထက်တဲ့ အမယ်တစ်မျိုးအဖြစ် ပါဝင်တဲ့အပြင် အလွန်ကိုကောင်းမွန်တဲ့ စားကောင်းသောက်ဖွယ် ဖြစ်တာကြောင့် အလွန်အကျွံဖမ်းဆီး ခံနေရတာ ဖြစ်ပါတယ်။  

ကမ္ဘာ့အကြီးဆုံးလင်းနို့ - ရွှေသရဖူဆောင်းမြေခွေးပျံ

ရွှေသရဖူဆောင်းဧရာမ မြေခွေးပျံလို့ တင်စားခေါ်ဝေါ်ရတဲ့ လင်းနို့မျိုးစိတ်ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးသော လင်းနို့ဖြစ်ပါတယ်။ သူတို့နေထိုင်ရာနေရာကတော့  ဖိလစ်ပိုင်နိုင်ငံရှိ  မိုးသစ်တော များထဲမှာဖြစ်ပြီး မျိုးသုဉ်း ပျောက်ကွယ်လုနီးပါးဖြစ်နေပြီဖြစ်တဲ့  အသီးစားလင်းနို့မျိုးတွေဖြစ်ပါ တယ်။  သူတို့ရဲ့အကြီးဆုံး အရွယ်အစားကတော့ အလျား ၂၂ လက်မ၊ တောင်ပံနှစ်ဖက်အလျား ၅ ဒသမ ၉ ပေနဲ့ အလေးချိန် ၃ ဒသမ ၃ ပေါင်ရှိပါတယ်။ သူ့ရဲ့အောက်မှာရှိတဲ့ ရွှေသရဖူဆောင်း အကြီးစားမြေခွေးပျံလို့ခေါ်တဲ့ လင်းနို့မျိုးစိတ်ကတော့ ခန္ဓာကိုယ် အလေးချိန်နဲ့အလျားတို့မှာ အနည်းငယ်သေးငယ်ပါတယ်။ ဒါပေမဲ့  တောင်ပံနှစ်ဖက် အလျားကတော့ ရွှေသရဖူဆောင်း ဧရာမ မြေခွေးပျံတွေ ထက်ပိုရှည်ပြီး ၆ ပေကျော်မှသည် ၆ ပေခွဲအထိရှိတတ်ပါတယ်။  

ကမ္ဘာ့အကြီးဆုံးအရိုးငါး - နေငါး

ကမ္ဘာပေါ်မှာရှိတဲ့ အရိုးငါးတွေထဲမှာမှ အကြီးဆုံးက သမုဒ္ဒရာထဲမှာနေတဲ့ နေငါးဖြစ်ပြီး သူ့ကို မိုလာမိုလာ လို့လည်းခေါ်ပါတယ်။ အရိုးငါးလို့ ခေါ်ရတဲ့အကြောင်းရင်းက သူ့ရဲ့ခန္ဓာကိုယ်မှာ အရွတ်တွေမရှိဘဲ အရိုးတွေနဲ့သာတည်ဆောက်ထားလို့ဖြစ်ပါတယ်။ အရိုးငါးရဲ့ခေါင်းက သူ့ရဲ့အမြီးနဲ့ တစ်ဆက်တည်းဖြစ်ပြီး ခန္ဓာကိုယ် တည်ရှိပုံကလည်း ပြားပြားကြီးဖြစ်ပါတယ်။ ပျမ်းမျှအားဖြင့် အလျား ၅ ဒသမ ၉ ပေရှိပြီး သူ့ရဲ့အမြီးတစ်ဖက်ကနေ ကျန်တစ်ဖက်အထိကို ၈ ဒသမ  ၂ ပေ ရှိပါတယ်။ အလေးချိန်ကတော့ ပေါင် ၂၂၀၀ ဝန်းကျင်ပါ။ ဒါပေမဲ့ အလျား ၁၀ ဒသမ ၈ ပေ၊ အမြီးတစ်ဖက်ကနေ တစ်ဖက်အထိအရှည် ၁၄ ပေနဲ့ အလေးချိန်ပေါင် ၅၁၀၀ ရှိတဲ့ နေငါးတွေကိုလည်း သမုဒ္ဒရာတွေထဲမှာ တွေ့ရလေ့ရှိပါတယ်။

 ကမ္ဘာ့အကြီးဆုံးမြွေ - အစိမ်းရောင်အန်နာကွန်ဒါ

အန်နာကွန်ဒါဆိုတာကတော့ အလွန်တရာကိုကြီးမားလှတဲ့ မြွေမျိုးဖြစ်ပြီး သူတို့ထဲမှာမှ အကြီးတကာ့အကြီးဆုံးကတော့ အစိမ်းရောင်အန်နာကွန်ဒါ မျိုးစိတ်ပဲဖြစ်ပါတယ်။ တောင်အမေရိက တိုက်မှာအများဆုံးတွေ့ရလေ့ရှိပြီး အဆိပ်မရှိတဲ့ ဧရာမအန်နာကွန်ဒါမြွေမျိုးဟာ လက်ရှိေမြွတွေ ထဲမှာတော့ အလေးချိန်အများဆုံးနဲ့ အလျားအရှည်ဆုံး မြွေတွေဖြစ်ပါတယ်။

သူတို့ရဲ့အစာတွေကတော့ ငါးတွေ၊ ငှက်တွေအပြင် တခြားနို့တိုက်သတ္တဝါ အမျိုးမျိုးနဲ့ တွားသွား သတ္တဝါ အမျိုးမျိုးတို့ဖြစ်ပါတယ်။ အရွယ်ရောက်ပြီး အန်နာကွန်ဒါတွေကတော့ ကြံ့သူတော်၊ သမင်၊ မိကျောင်းခေါင်းတိုစတဲ့ အရွယ်အစားကြီး သတ္တဝါတွေကိုသာ စားသောက်ပါတယ်။ မှတ်တမ်းတင် ထားမှုတွေ အရ အကြီးဆုံးသော အစိမ်းရောင်အန်နာကွန်ဒါက အလျား ၂၅ ပေ အလေးချိန်ပေါင် ၅၅၀ ရှိတာကိုတွေ့ရပါတယ်။

အရှေ့တောင်အာရှဒေသမှာ တွေ့ရလေ့ရှိတဲ့ စပါးအုံးမျိုးကတော့ အစိမ်းရောင် အန်နာကွန်ဒါတွေ ထက် အလျားပိုရှည်ပြီး ၃၂ ပေအထိရှိသော်လည်း အန်နာကွန်ဒါတွေထက် ခန္ဓာကိုယ်သေးသွယ်လေ့ ရှိပါတယ်။