နေပြည်တော်ရှိ မြို့နယ်များ၌ အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာအလယ်တန်း၊ အထက်တန်းကျောင်းသား၊ ကျောင်းသူများ အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

နေပြည်တော်  အောက်တိုဘာ  ၁၅

နေပြည်တော်ရှိ မြို့နယ်များ၌ အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာအလယ်တန်း၊ အထက်တန်းကျောင်းသား၊ ကျောင်းသူများ အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်း နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်ရှိ မင်္ဂလာဗျူဟာဓမ္မဗိမာန်တော်ကြီး၌ အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်းကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးနေမှုများကို  သွားရောက်ကြည့်ရှုအားပေးကြသည်။

ထိုသို့ ကြည့်ရှုအားပေးရာတွင် ပြည်ထောင်စုဝန်ကြီးက ကျောင်းသား၊ ကျောင်းသူများ ကာကွယ်ဆေးထိုးခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို တားဆီး ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း၊ ကာကွယ်ဆေးထိုးပြီးသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျောင်းများ ပြန်လည် ဖွင့်လှစ်ပါက ပညာသင်ယူမှုအခွင့်အလမ်းများ ရရှိကြမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများ ကာကွယ်ဆေးထိုးပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိရာတွင် မိဘ အုပ်ထိန်းသူများ၊ ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့၏ သားသမီးတပည့်များ၏ ပညာရေးအခွင့်အလမ်းအတွက် ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ ကာကွယ်ဆေးထိုးရာတွင် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးကြသည့် မြို့နယ် ပြည်သူ့ဆေးရုံမှဆရာဝန်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ကြက်ခြေနီအဖွဲ့များ၊ ပရဟိတအဖွဲ့များ၊ ဆရာ၊ ဆရာမများနှင့် မိဘပြည်သူများအားလုံးကို ကျေးဇူးတင်ဂုဏ်ယူ ဝမ်းမြောက်ပါ ကြောင်း စသည်ဖြင့် ပြောကြားသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် ကာကွယ်ဆေးမထိုးမီ မိဘအုပ်ထိန်းသူ၏ ခွင့်ပြုချက် ရယူခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ရောဂါအခံရှိ၊ မရှိ မေးမြန်းခြင်းနှင့် ကာကွယ်ဆေးထိုးပြီးပါက ကျန်းမာရေးအတွက် ကာကွယ်နေထိုင်ရမည့် အစီအစဉ်များကို ပြောကြားဆောင်ရွက်ပေးကြပြီး ကာကွယ်ဆေးထိုးနှံပေးကြသည်။

ထိုမှတစ်ဆင့်  ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် သက်ဆိုင်ရာတာဝန်ရှိသူများသည် ပုဗ္ဗသီရိမြို့နယ် အမှတ်(၂၀) အခြေခံ ပညာအထက်တန်းကျောင်းသို့သွားရောက်၍ အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာအလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုများကို သွားရောက်ကြည့်ရှုအားပေးကာ ကျောင်းသား မိဘများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်သည်။

ယင်းနောက် အဆိုပါအထက်တန်း ကျောင်းအတွင်းရှိ ကျောင်းအားကစားကွင်း အဆင့်မြှင့်တင်တည်ဆောက်နေမှုများကို သွားရောက် ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။                           

သက်နိုင်ဝင်း