ဆိုမာလီယာစစ်တပ်သို့ အယ်ရှာဘတ် အကြမ်းဖက်အဖွဲ့မှ တပ်မှူးတစ်ဦး လက်နက်ချလာ

ဆိုမာလီယာစစ်တပ်သို့ အယ်ရှာဘတ် အကြမ်းဖက်အဖွဲ့မှ တပ်မှူးတစ်ဦး လက်နက်ချလာ

အယ်ရှာဘတ်အကြမ်းဖက် အဖွဲ့မှ တပ်မှူးတစ်ဦးသည် အောက်တိုဘာ ၁၇ ရက်တွင် ဆိုမာလီယာ အနောက်တောင်ပိုင်း ဘာကိုးဒေသ ဝါဂျစ်မြို့ရှိ ဆိုမာလီယာ အမျိုးသားတပ်ဖွဲ့(SNA) တွင် လက်နက်ချ အလင်းဝင်လာကြောင်း သိရသည်။

မိုဟာမက်ကူလောအလီ အမည်ရှိ အဆိုပါ အမျိုးသားသည် နိုင်ငံတောင်ပိုင်း ဒေသတွင် တိုက်ခိုက်မှုပြုလုပ်သည့် အကြမ်းဖက်အဖွဲ့၏ တာဝန်ခံတစ်ဦးဖြစ်သည်။   ၎င်းသည် လက်နက်ချမည့်အကြောင်း   စစ်တပ်သို့ ဆက်သွယ်ပြောကြားပြီးနောက် AK47 ချေမှုန်းရေးရိုင်ဖယ်နှင့် ခဲယမ်းမီးကျောက်နှင့် အတူ ဝါဂျစ်မြို့ရှိ ဆိုမာလီယာ တပ်ဖွဲ့သို့ လက်နက်ချ အလင်းဝင်လာခြင်း ဖြစ်ကြောင်း SNA  မှတာဝန်ရှိသူ တစ်ဦးဖြစ်သည့် မိုဟာမက်နျူရာက    သတင်းထောက်များကို ပြောသည်။

ဆိုမာလီယာ စစ်ဘက်အနေဖြင့် လက်နက်ချမည့် မည်သည့် အကြမ်းဖက်သမားများကိုမဆို လွတ်ငြိမ်းချမ်းသာခွင့်နှင့်အတူ ကြိုဆိုကြောင်းကိုလည်း   မိုဟာမက်နျူရာက ဆက်လက် ပြောဆိုထားသည်။

အယ်ရှာဘတ် အကြမ်းဖက်အဖွဲ့အစည်းက ၎င်းတို့၏ တပ်ဖွဲ့ဝင်တစ်ဦး အစိုးရထံသို့လက်နက်ချ အလင်းဝင်လာသည့်ကိစ္စနှင့် ပတ်သက်၍   ချက်ချင်းတစ်စုံတစ်ရာမျှ ပြောဆိုထားခြင်း မရှိကြောင်း သိရသည်။

အယ်ရှာဘတ် အကြမ်းဖက်အဖွဲ့သည် နိုင်ငံတကာက  အသိအမှတ်ပြုထားသည့် ဆိုမာလီယာ အစိုးရအဖွဲ့ကို  ဖြုတ်ချရန် နိုင်ငံအတွင်း၌ အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်နေသည့် အဖွဲ့အစည်းဖြစ်သည်။