အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ်၌ မိုးသည်းထန်စွာ ရွာသွန်းရာမှ မြေပြိုမှုနှင့် ရေလွှမ်းမိုးမှုများကြောင့် သေဆုံးသူ ၁၈  ဦးအထိ မြင့်တက်

အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ်၌ မိုးသည်းထန်စွာ ရွာသွန်းရာမှ မြေပြိုမှုနှင့် ရေလွှမ်းမိုးမှုများကြောင့် သေဆုံးသူ ၁၈  ဦးအထိ မြင့်တက်

အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်၌ မိုးသည်းထန်စွာ ရွာသွန်းရာမှ မြေပြိုမှုများနှင့် ရေလွှမ်းမိုးမှုများ ဖြစ်ပွားမှုကြောင့် သေဆုံးသူ အရေအတွက်သည် အောက်တိုဘာ ၁၇ ရက်တွင် ၁၈ ဦးအထိ မြင့်တက်လာကြောင်း ဒေသတွင်း သတင်းဌာနများက ထုတ်ပြန်သည်။

မိုးသည်းထန်စွာ ရွာသွန်းမှုသည်  ကီရာလာပြည်နယ်၌ အောက်တိုဘာ ၁၆ ရက်တွင်ဖြစ်ပွားခြင်းဖြစ်ပြီး ဒေသအများအပြားတွင် ရေလွှမ်းမိုးပြီးနောက် လူဒါဇင်ပေါင်းများစွာ ပျောက်ဆုံးနေခြင်း ဖြစ်ကြောင်း Hindustan Times သတင်းစာက ထုတ်ပြန်သည်။

ယခုအခါ အိန္ဒိယစစ်ဘက်မှ ကြည်း၊ ရေ၊လေ တပ်ဖွဲ့အနေဖြင့် ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများတွင် ပါဝင်လာပြီး သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေး တာဝန်ရှိသူများက   အနံ့ခံခွေးများကို အသုံးပြုလျက် ရှိကြောင်း သိရသည်။

အစိုးရအေဂျင်စီ အားလုံးအနေဖြင့် ရေကြီးမှုဖြစ်ပွားနေသော ဒေသများမှ လူများကို ကယ်ဆယ်ရန်နှင့် မြေပြိုမှု၊ ရေလွှမ်းမိုးမှုများ ဖြစ်ပွားနိုင်သော ဒေသများတွင် နေထိုင်သူများကို  ဘေးကင်းရာသို့ ပြောင်းရွှေ့ရန် လိုအပ်သော လုပ်ဆောင်ချက်များကို ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း  ကီရာလာပြည်နယ် ဝန်ကြီးချုပ် ပီနာရာယီဗီဂျာယန်က ပြောသည်။

ရေကြီးမှုများဖြစ်ပွားနေသော ဒေသများ၌ ကယ်ဆယ်ရေး စခန်းများကို ဖွဲ့စည်းထားကြောင်း၊ ပြည်သူများအနေဖြင့် ထိုစခန်းများအတွင်း ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားစေရန် နှာခေါင်းစည်းများတပ်ပြီး တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်သင့်ကြောင်း   ပြည်နယ် ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ထားသည်။

သေဆုံးသူများအနက် အများစုမှာ မြေပြိုမှုကြောင့်ဖြစ်ပြီး မိုးရွာသွန်းမှုကြောင့် ပျက်စီးမှုအများဆုံးဒေသများတွင်   ကော့တာယမ်၊ ပါသန်နန်သစ်တာနှင့်  အဒတ်ကီခရိုင်တို့ ပါဝင်ကြောင်း  တာဝန်ရှိသူများက ထုတ်ပြန်ထားသည်။