နိုင်ငံပိုင်လောင်စာဆီတင် ရေယာဉ်အား ပင်လယ်ဓားပြများ တိုက်ခိုက်မည့် အန္တရာယ်မှ အီရန်ကာကွယ်

နိုင်ငံပိုင်လောင်စာဆီတင် ရေယာဉ်အား ပင်လယ်ဓားပြများ တိုက်ခိုက်မည့် အန္တရာယ်မှ အီရန်ကာကွယ်

အီရန်ဖျက် သင်္ဘောတစ်စင်းသည် နိုင်ငံပိုင် လောင်စာဆီတင် ရေယာဉ်တစ်စင်းအား ပင်လယ်ဓားပြများ၏ တိုက်ခိုက်မှု အန္တရာယ်မှ ကာကွယ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

အီရန်ပိုင် လောင်စာဆီတင် ရေယာဉ်အား ပင်လယ်ဓားပြများက   အေဒင်ပင်လယ်ကွေ့အတွင်း အောက်တိုဘာ ၁၆ ရက် နံနက်အစောပိုင်းတွင် မော်တော်ဘုတ် ငါးစင်းဖြင့် တိုက်ခိုက်၍   ပြန်ပေးဆွဲရန် ကြိုးပမ်းခြင်းဖြစ်ပြီး ၎င်းတို့၏ ကြိုးပမ်းချက်ကို အီရန်ရေတပ်မှ Alborz ဖျက်သင်္ဘောက ပင်လယ်ဓားပြများနှင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ပြီးနောက် လောင်စာဆီတင် ရေယာဉ်ကို  ကယ်ဆယ်နိုင်ခဲ့ခြင်း ဖြစ်သည်။

အီရန်ဖျက်သင်္ဘော၏  တိုက်ခိုက်မှုကြောင့် ပင်လယ်ဓားပြများမှာ နောက်ဆုံးတွင် ထွက်ပြေးသွားခဲ့ကြောင်း၊  ယခုဖြစ်စဉ်သည်  ပင်လယ်ရေကြောင်းဆိုင်ရာ အကြမ်းဖက် တိုက်ခိုက်မှုပင်ဖြစ်ကြောင်း အီရန်အမှတ်(၇၈) ရေတပ်ဖွဲ့မှ  တပ်မှူးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ရှားရမ်အီရာနီက ပြောဆိုထားသည်။

အီရန်ရေတပ်၏  တုံ့ပြန်တိုက်ခိုက်မှုကြောင့်   နိုင်ငံပိုင် လောင်စာဆီတင် ရေယာဉ်များသာမက အခြားနိုင်ငံများမှ ကုန်တင်ရေယာဉ်များမှာ ဘေးကင်းစွာဖြင့် ဖြတ်သန်း မောင်းနှင်နိုင်ပြီဖြစ်ကြောင်း၊ နောက်ပိုင်းတွင် မည်သည့်ဖြစ်ရပ်မှ ထပ်မံဖြစ်ပွားခြင်း မရှိကြောင်း    အီရာနီက ဆက်လက် ပြောဆိုသည်။

အဆိုပါပင်လယ်ဓားပြများ၏ တိုက်ခိုက်မှုသည်  ပင်လယ်ရေကြောင်း သွားလာမှု လုံခြုံရေးအတွက်   အီရန်က  အေဒင်ပင်လယ်ကွေ့သို့ ၎င်းတို့၏ Alborz  ဖျက်သင်္ဘောကို    ဖြန့်ကြက်ထားကြောင်း ထုတ်ပြန်ပြီး လအနည်းငယ် အကြာတွင် ဖြစ်ပွားခြင်းဖြစ်သည်။

အီရန်နိုင်ငံသည် ပြီးခဲ့သည့် ၂ဝဝ၈ ခုနှစ်မှစ၍ ၎င်းတို့၏ ရေတပ်စစ်သင်္ဘောများကို အေဒင်ပင်လယ်ကွေ့အတွင်း   စတင်ဖြန့်ကြက်ထားပြီး နိုင်ငံတကာနှင့် ပူးပေါင်း၍ ကုန်တင်သင်္ဘောများကို  ကာကွယ်ပေးလျက် ရှိကြောင်း သိရသည်။