နိုဝင်ဘာလအတွင်း ပြည်ပနိုင်ငံများသို့ မြန်မာ့ထောပတ်သီး တင်ပို့နိုင်ရန်ပြင်ဆင်

နိုဝင်ဘာလအတွင်း ပြည်ပနိုင်ငံများသို့ မြန်မာ့ထောပတ်သီး တင်ပို့နိုင်ရန်ပြင်ဆင်

ယခုနှစ်  နိုဝင်ဘာလအတွင်း ပြည်ပနိုင်ငံများသို့    မြန်မာ့ထောပတ်သီးများ တင်ပို့နိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဒုတိယဥက္ကဋ္ဌ ဦးမျိုးညွန့်၏ ပြောဆိုချက်အရ သိရသည်။

''နိုဝင်ဘာလမှာ   တင်ပို့ဖို့ပြင်ဆင်နေပါတယ်။  အဲဒီအတွက် ပြည်ပနိုင်ငံတွေကို   ဒီလထဲမှာ အသီးနမူနာ ပို့ခဲ့ပါတယ်။ ဒီမှာ ရနိုင်တဲ့ အသီးအရည်အသွေး၊  အရွယ်အစားတွေကို   နမူနာ တင်ပို့ထားတာပါ။   အမှာတွေတော့ ရထားပါပြီ။    လက်ရှိမှာ တော့ ကျွန်တော်တို့ဘက်ကနေ Export တန်းဝင် အသီးတွေရရှိဖို့ ကြိုးစားနေပါတယ်''ဟု ဦးမျိုးညွန့်ကပြောသည်။

ပြည်ပနိုင်ငံများသို့   မြန်မာ့မျိုးရင်းဖြစ်သော အမရာမျိုးနှင့် နိုင်ငံခြားမျိုးဖြစ်သည့် Hass မျိုးများ တင်ပို့မည်ဖြစ်သည်။

''လောလောဆယ်  အရည်အသွေးကောင်းတဲ့ အသီးတွေကို တင်ပို့ဖို့ကတော့  Hass နဲ့ အမရာမျိုးပဲ ရှိပါသေးတယ်။  ဘယ်နှတန်လောက်  တင်ပို့မယ် ဆိုတာကတော့ အတိအကျ မသိရသေးဘူး။ အဓိက ကတော့ တောင်သူတွေအတွက် ဈေးကွက်ဖော်ဆောင်ပေးတာပါ'' ဟု  ဦးမျိုးညွန့်က ပြောသည်။

ယခုနှစ်အတွင်း  ရာသီဥတုအခြေအနေအရ မိုးကောင်းစွာရရှိသော်လည်း ကိုဗစ်- ၁၉ ရောဂါအခြေအနေကြောင့် အပင်ထိန်းသိမ်းမှု လျော့ကျခဲ့သော ခြံများလည်း ရှိနေသည့်အတွက်  တင်ပို့နိုင်မည့်တန်ချိန်ကို     ခန့်မှန်းနိုင်ခြင်း မရှိသေးဘဲ   အဖွဲ့လိုက် ကွင်းဆင်းဆောင်ရွက်နေကြောင်း သိရသည်။