ဆေးလိပ်သောက်ခြင်းနှင့် COVID-19 အဆုတ်ရောင်ရောဂါ

ကျန်းမာရေးအတွက် သင့်လျော်ကောင်းမွန်သည့် ဆေးလိပ်သောက်သုံးမှု ပမာဏသည်မရှိဟု ပညာရှင်များက တညီတညွတ်တည်း လက်ခံထားကြပြီးဖြစ်သည်။  ဆေးလိပ်နှင့်ဆေးရွက်ကြီး မှီဝဲခြင်းသည် ကျန်းမာရေးအတွက် ကောင်းကွက်တစ်ခုမျှမရှိကြောင်းလည်း အများသိကြပြီး ဖြစ်ပါသည်။ သို့တိုင်အောင် ဆေးလိပ်နှင့်ဆေးရွက်ကြီးကို ကမ္ဘာတစ်ဝန်း မှီဝဲနေကြဆဲဖြစ်သည်။ စီးကရက်ကဲ့သို့ အငွေ့ထွက်သည့်ပုံစံ၊ ကွမ်းယာကဲ့သို့သော အငွေ့မထွက်သည့် ဆေးရွက်ကြီး မှီဝဲမှုပုံစံ အမျိုးမျိုးဖြင့် ဆေးလိပ်ဆေးရွက်ကြီးကို မှီဝဲနေကြပါသည်။

ဆေးလိပ်နှင့်  ဆေးရွက်ကြီး သုံးစွဲမှုလျှော့ချရေးအတွက် အခွန်ကောက်ခံမှုပုံစံမျိုးစုံဖြင့် ထိန်းချုပ် ဆောင်ရွက်နေကြသော်လည်း ဆေးလိပ်သောက်သုံးသူ များပြားလွန်းသည့်အတွက် စီးကရက်ခွန် ကောက်ခံခြင်းကပင် တိုင်းပြည်၏ဝင်ငွေ ရပေါက်ရလမ်းတစ်ခု ဖြစ်နေပြီး ဆေးလိပ်စက်ရုံများမှ လုပ်သားပေါင်း သန်းနှင့်ချီပြီး အလုပ်အကိုင်ပေးနိုင်သည့် မက်လုံးက လည်းရှိနေပြန်သည်။

ဆေးလိပ်သောက်သုံးသူများ၏ ၅၀ ရာခိုင်နှုန်းမှာ ဆေးလိပ်၏ ပယောဂကြောင့်ပင် ကွယ်လွန်ကြ ရကြောင်း သုတေသနများလည်း အခိုင်အမာထွက်ရှိပြီးဖြစ်ပါသည်။ နိုင်ငံတိုင်း၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းစဉ်များတွင်  ဆေးလိပ်၊ ဆေးရွက်ကြီးမှာ အဓိက ရန်သူတော်တစ်ဦးအဖြစ်  ရပ်တည်ဆဲဖြစ်ပြီး ကာကွယ်လို့ရနိုင်သည့် သေဆုံးမှုများ၏ တရားခံလည်း ဖြစ်ပါသည်။ သို့တိုင်အောင် ဆေးလိပ်နှင့်ဆေးရွက်ကြီး ယဉ်ကျေးမှုမှာ ဆက်လက်ဖြစ်ထွန်း အားကောင်းလျက် ရှိပြီး ယနေ့ ဆေးလိပ်ကုမ္ပဏီကြီးများမှ သမားရိုးကျ စီးကရက်များအစား  အငွေ့မထွက်သည့် လျှပ်စစ်စီးကရက်များဖြင့် အစားထိုးနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် ကာလဖြစ်ပါသည်။

COVID-19 ရောဂါကာလအတွင်း ဆေးလိပ်သောက်ခြင်းနှင့် အသက်ရှူလမ်းကြောင်း ကူးစက်ရောဂါ ဆက်နွှယ်ပြဿနာများ ပြန်လည်ရေပန်းစားလာခဲ့ပါသည်။ များသောအားဖြင့် ဆေးလိပ်တိုက်ဖျက် ရေးခေါင်းစဉ်များအောက်မှာ  ကူးစက်ရောဂါများ မဟုတ်သည့် သွေးတိုး၊ နှလုံးသွေးကြောကျဉ်း၊ ကင်ဆာ အစရှိသည့်ရောဂါများ ကာကွယ်ရေးကို ဦးစားပေးဖော်ပြလေ့ရှိပါသည်။  လျှပ်စစ်စီးကရက် များဖြင့် အစားထိုးကြေညာလာခြင်း၏ နောက်ခံအကြောင်းရင်းမှာလည်း အထက်ပါ မကူးစက် နိုင်သည့်ရောဂါများ  ကာကွယ်ရေးအတွက် အဓိကဦးစားပေးလိုခြင်းဖြစ်ပါသည်။

အမှန်တော့ ဆေးလိပ်သောက်ခြင်းနှင့် အသက်ရှူလမ်းကြောင်း ကူးစက်ရောဂါများ   ဆက်နွှယ်မှုမှာ အထင်ကရရှိနေခဲ့ပြီး ဖြစ်ပါသည်။ အထူးသဖြင့် ဝင်ငွေအလတ်စားနှင့် အနိမ့်စားနိုင်ငံများမှာ COVID-19 ကပ်ရောဂါအတွင်း  ဆေးလိပ်နှင့်နှီးနွှယ် အသက်ရှူလမ်းကြောင်း ကူးစက်ရောဂါများပြဿနာက   ပိုမိုဆိုးရွားလာခဲ့ပါသည်။ ဆေးလိပ်သောက်ခြင်းနှင့် COVID-19 ဆက်စပ်မှုပြဿနာများကို သုတေသန အထောက်အထား ခိုင်ခိုင်မာမာဖြင့် အတည်မပြုနိုင် ကြသေးသော်လည်း တောင် အာဖရိကနှင့် အိန္ဒိယနိုင်ငံတို့တွင် အသွားအလာကန့်သတ်မှု(LockDown) ကာလအတွင်း ဆေးလိပ် ရောင်းချခြင်းကို လုံးဝပိတ်ပင်ထားသည့် ဖြစ်ရပ်များရှိနေပါသည်။

ဆေးလိပ်သမားများမှာ အသက်ရှူလမ်းကြောင်း ကူးစက်ရောဂါများ ပိုမိုဖြစ်ပွားလေ့ရှိကြောင်း သုတေသနများ ခိုင်ခိုင်မာမာရှိခဲ့ပြီးဖြစ်ပါသည်။ ဆေးလိပ်သောက်ခြင်းသည် ကိုယ်ခံစွမ်းအားကို လျော့ကျစေနိုင်သည်။ အဆုတ်တီဘီရောဂါ ကူးစက်ခံရဖို့ နှစ်ဆပိုမို အားပေးသည်။ ရောဂါပိုးမွှားများ ဝင်ရောက်လာသည့်အခါ ဝါးမျိုထိန်းသိမ်းပေးတတ်သည့် Macrophage အမည်ရ ကိုယ်ခံစွမ်းအား ဆဲလ်ကလာပ်စည်းများ၏  လုပ်ငန်းဆောင်တာကို   ဆေးလိပ်က  အားပျော့စေနိုင်သည်။ ဆေးလိပ်သောက်ခြင်းသည်  အဆုတ်ရောင်ဗက်တီး ရီးယားပိုးများဖြစ်သည့် Pneumococcal, Legionella နှင့်   Mycoplasma   စသည့်ပိုးမွှားများ ကူးစက်မှုကို သုံးဆမှငါးဆအထိ များပြား စေနိုင်သည်။

စီးကရက်ပဲသောက်သောက်၊ အငွေ့မထွက်သည့် လျှပ်စစ်စီးကရက်ကိုပဲ သောက်သောက် အဆုတ် ရောင် ရောဂါပိုးမွှားများ အသက်ရှူလမ်းကြောင်းအတွင်း နေရာယူနိုင်စေရန် အားပေးသည်ဟု ဆိုပါသည်။ ဆေးလိပ်သမားများသည် ဆေးလိပ်မသောက်သူများထက် တုပ်ကွေးဗိုင်းရပ် ကူးစက် ခံနိုင်ခြေ ၅ ဆ  ပိုများကြောင်းလည်း သိရသည်။

အရှေ့အလယ်ပိုင်းဒေသများမှာ ဖြစ်ပွားခဲ့သည့်  MERS ကိုရိုနာဗိုင်းရပ်နှင့်  အာရှအရှေ့ဖျားနိုင်ငံ များမှာဖြစ်ပွားသည့် SARS ကိုရိုနာဗိုင်းရပ်ကူးစက်မှု ဖြစ်စဉ်များကို လေ့လာကြည့်သည့်အခါ  ဆေးလိပ်အန္တရာယ်ကို    ပိုမိုသိသာထင်ရှားစွာ တွေ့ရသည်။

တောင်ကိုရီးယားနိုင်ငံ သုတေသနတစ်ခုမှာ ဆေးလိပ်သောက်သူများသည် MERS ကိုရိုနာဗိုင်းရပ် အဆုတ်ရောင်ရောဂါကြောင့် ဆေးလိပ်မသောက်သူများထက် ၂ ဒသမ ၅၅ ဆ ပိုမိုသေဆုံးနိုင်သည်ဟု ဖော်ပြထားသည်။ COVID-19 နှင့် ဆေးလိပ် တိုက်ရိုက်ဆက်နွှယ်မှုကို ဖော်ထုတ်သည့် လက်တွေ့ သုတေသနများမှာ နည်းပါးနေသေးသည်။ ယနေ့အထိထွက်ရှိပြီး သုတေသနတစ်ခုမှာတော့ ဆေးလိပ် သောက်ခြင်းကြောင့် COVID-19 ပိုမိုကူးစက်နိုင်သည်ဟု မတွေ့ရှိသော်ငြား ရောဂါဝေဒနာကို ပိုမိုခံစားရစေနိုင်သည် ဟူသော တွေ့ရှိချက်ကိုဖော်ပြထားသည်။ လက်ရှိဆေးလိပ် သောက်သုံးနေသူများမှာ  COVID-19 ကူးစက်ခံရပါက အသက်ရှူကူစက်တပ်ရသည့် အလားအလာ နှင့်သေဆုံးနိုင်ခြေ ပိုများကြောင်းသိရှိရသည်။

ဆေးလိပ်သောက်သူများမှာ COVID-19 အဆုတ်ရောင်ရောဂါ ပိုမိုပြင်းထန်စွာ ခံစားကြရခြင်း အကြောင်းရင်းမှာ အသက်ရှူလမ်းကြောင်း လေပြွန်နံရံများတွင်  ACE2 receptor အမည်ရ COVID-19 ဗိုင်းရပ် လက်ခံကြိုဆိုရေးနေရာများ အများအပြားရှိနေခြင်းကြောင့်ဟု ကောက်ချက်ချကြသည်။ လက်ရှိဆေးလိပ် သောက်သုံးနေသူများသည် ဆေးလိပ်လုံးဝမသောက် တတ်သူများ၊ ဆေးလိပ်ဖြတ် ထားသူများထက် ACE2 ပိုမိုထုတ်လုပ်နိုင်စွမ်းရှိနေသည်။

ဆေးလိပ်နှင့် COVID-19 ဆက်နွှယ်မှုဆိုင်ရာ သုတေသနများပြုလုပ်ရေးနှင့် ပတ်သက်ပြီး ကန့်သတ် ချက်များစွာရှိနေသည်။ COVID-19 အဆုတ်ရောင်ရောဂါကို ပိုမိုပြင်းထန်စွာ ခံစားရစေနိုင်သည့် သွေးတိုး၊ ဆီးချို၊ အဝလွန်၊ အဆုတ်ပွရောဂါများမှာ ဆေးလိပ်သမားများတွင်  ရှိနေတတ်သည့် အတွက် ဆေးလိပ်နှင့် COVID-19 သီးသန့်ခွဲထုတ် သုတေသနပြုလုပ်ဖို့ မလွယ်ကူပါ။ လျှပ်စစ် စီးကရက် သောက်သုံးခြင်းဖြင့် COVID-19 ပိုမိုကူးစက်နိုင်ခြေများကြောင်း သက်သေအထောက် အထားမရှိသေးဟုဆိုပါသည်။

အဆိုးထဲမှအကောင်းဟု ဆိုဖွယ်ရှိသည်က တစ်ဦးတည်း သီးသန့်ခွဲခြားနေထိုင်ရခြင်း၊ အသွားအလာ ကန့်သတ်ပိတ်ပင် ထားခြင်းများက COVID-19 ကပ်ရောဂါကာလအတွင်း ဆေးလိပ်ဖြတ်ရန် အခွင့်အလမ်း ပိုများနိုင်ခြေရှိခြင်းပင်ဖြစ်သည်။ သို့ပေမယ့် ဆေးလိပ်ဖြတ်ရန်ဆိုသည်က ကာယကံရှင် တစ်ဦးချင်းစီအတွက် လွယ်ကူသည့် ကိစ္စတစ်ရပ်တော့မဟုတ်ပါ။ ကပ်ရောဂါကာလအတွင်း ရောဂါကူးစက်ခံရမှာ စိုးရိမ်ပူပန်ပြီး စိတ်ဖိစီးမှုများခြင်း၊ အလုပ်ပြုတ် သွားနိုင်ခြေရှိသည့်အတွက် စိတ်ဖိစီးမှုများခြင်း၊ လုံခြုံမှုမရှိသလို ခံစားရခြင်း၊ အထီးကျန်စိတ်ဖြစ်ခြင်း စသည့်စိတ်ခံစားမှု အားလုံး၏ ထွက်ပေါက်အဖြစ် ဆေးလိပ်သောက်ခြင်းကို အသုံးချလိုက်နိုင်ခြေက ပိုများသည်။၂၀၀၈ ခုနှစ် ကမ္ဘာ့စီးပွားပျက်ကပ်ကြုံစဉ်အခါက ဈေးကွက်အစုရှယ်ယာများတွင် ဆေးလိပ်ရှယ်ယာ များသာ ဈေးတက်နေခဲ့ကြောင်း သတိပြုမိကြဖို့ဖြစ်ပါသည်။

မည်သို့ပင်ဆိုစေ ဆေးလိပ်သောက်ခြင်းကိုတော့ အမြဲတစေဖြတ်ရန်ကြိုးစားသင့်ပါသည်။ COVID-19 ကပ်ဘေးကာလကြီးမှာလည်း ဆေးလိပ်သမားများကို ဆေးလိပ်ဖြတ်နိုင်စေဖို့ အားပေးကြရပါမည်။ ဆေးလိပ်သောက်ခြင်းကို ပိတ်ပင်ခြင်းက လုံးဝအောင်မြင်နိုင်သည့် နည်းဗျူဟာတစ်ခုမဟုတ်ပါ။ တောင်အာဖရိကနိုင်ငံမှာ ဆေးလိပ်ခွန်များ တိုးမြှင့်ကောက်ခံပြီး ဆေးလိပ် သောက်ခြင်းကို ကန့်သတ်လိုက်သည့်အခါ ဆေးလိပ်မှောင်ခိုလမ်းကြောင်းများ ပိုမိုအားကောင်းလာပြီး ဆေးလိပ် သမားများမှာ   ဆေးလိပ်ကိုအရင်ကထက် ပိုမိုလွယ်ကူစွာ ဝယ်ယူလာနိုင်ကြကြောင်း တွေ့ကြရ ပါသည်။

ဆေးလိပ်နှင့်  COVID-19 ဆက်စပ်မှုများနှင့် ပတ်သက်ပြီး သုတေသနများစွာ ပြုလုပ်ရန် ကျန်နေ သေးသည်။ COVID-19 ပိုးတွေ့ရှိသူတိုင်း၏  ဆေးလိပ်သောက်သုံးမှုရာဇဝင်ကို အသေးစိတ်မှတ်တမ်း တင်ကြရမည်။ COVID-19 တို့ဖတ်နမူနာယူသည့် နေရာများမှာ ဆေးရုံတက်ရောက်ကြရသည့် ပိုးတွေ့လူနာများ၊  အသက်ရှူစက်တပ်ရသည့် လူနာများ၊ COVID-19 ကင်းစင်ပြီး   ဆေးရုံဆင်း ရသည့် လူနာများ၊ ယုတ်စွအဆုံး ကွယ်လွန်သွားကြသူများ၏ ဆေးလိပ်ရာဇဝင်များကို မှတ်တမ်းတင် ထားကြရပါမည်။

ဆေးလိပ်ဖြတ်ခြင်းဖြင့် COVID-19 အဆုတ်ရောင်ရောဂါ၏ ပြင်းထန်ဝေဒနာများလျော့ပါးသွားစေ နိုင်ကြောင်း၊  တခြားသော အသက်ရှူလမ်းကြောင်း ရောဂါပိုးများကိုလည်း လျော့ကျစေနိုင်ကြောင်း၊ ရေတို အကျိုးကျေးဇူးများသာမက ရေရှည်အကျိုးကျေးဇူး များဖြစ်သည့်  အဆုတ်ကင်ဆာနှင့် အဆုတ်ပွရောဂါ၊  နှလုံးသွေးကြောရောဂါများ ဖြစ်ပွားမှုကိုပါ  ကာကွယ်နိုင်မည်ဖြစ်ကြောင်း အသိပညာပေးကြရမည်ဖြစ်ပါသည်။   ။