တွေ့ဆုံဆွေးနွေးရေးအယူအဆကို နေတိုးကဖယ်ရှားလိုက်ပြီဟုရုရှားပြော

မော်စကို၊ နိုင်ငံရေး

တွေ့ဆုံဆွေးနွေးရေးအယူအဆကို နေတိုးကဖယ်ရှားလိုက်ပြီဟုရုရှားပြော

နေတိုးတပ်ဖွဲ့သည်   ရုရှားနိုင်ငံနှင့်ဆက်ဆံရေးတွင်  တွေ့ဆုံဆွေးနွေးရေး အယူအဆကိုဖယ်ရှားလိုက်ပြီဖြစ်ကြောင်း ရုရှားနိုင်ငံခြား ရေးဝန်ကြီး ဆာဂျီလက်ရော့ကပြောသည်။

ရုရှားနိုင်ငံနှင့် နေတိုးတပ်ဖွဲ့ဝင်အနောက်နိုင်ငံများကြား ကာလရှည်ကြာအပြန်အလှန်ဆက်ဆံမှု၊ ဆွေးနွေးတိုင်ပင်မှုများကို အချိန်ကာလအတန်ကြာ လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိကြောင်း၊ အထူးသဖြင့် အရေးကြီးသည့် အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးမှုမပြုနိုင်ခဲ့ကြောင်း လက်ရော့ကအောက်တိုဘာ ၁၈ ရက်တွင်ပြောကြားခြင်းဖြစ်သည်။  ရုရှားအစိုးရသည် ရုရှားနှင့်ထိစပ်နေ သည့်    နယ်စပ်ဒေသများသို့မဖြတ်ကျော်ရေး၊  အဆိုပါနယ်စပ်ဒေသများတွင်  စစ်ရေးလေ့ကျင့်မှုကို   တိုးချဲ့လုပ်ဆောင်ခြင်း မပြုရေး အတွက် သဘောတူညီချက်ချမှတ်နိုင်စေရန် နေတိုးတပ်ဖွဲ့အား တစ်ကြိမ်ထက်မက တိုက်တွန်းခဲ့သော်လည်း  နေတိုးတပ်ဖွဲ့မှ တုံ့ပြန်မှုတစ်စုံတစ်ရာထွက်ပေါ်လာခြင်းမရှိကြောင်း ၎င်းက ဆက်ပြောသည်။

ရုရှားနိုင်ငံသည် နေတိုးတပ်ဖွဲ့နှင့်သာမက ဥရောပသမဂ္ဂနှင့် ဆက်ဆံရေးယိုယွင်းစေရန်လုပ်ဆောင်ခြင်းမရှိကြောင်း၊ ထို့ကြောင့် နေတိုးတပ်ဖွဲ့အနေဖြင့် နှစ်ဦးနှစ်ဖက်ကြားဆက်ဆံရေး တိုးတက်လာစေရေးအတွက် ပြန်လည်ပြင်ဆင်လိုပါက လိုအပ်သည့် ဆောင်ရွက်ချက်များကို လုပ်ဆောင်သင့်ကြောင်း လက်ရော့ကပြောသည်။

ရုရှားအစိုးရ၏ အဆိုပါပြောဆိုချက်သည် နေတိုးတပ်ဖွဲ့က ရုရှားသံအမှုထမ်းရှစ်ဦး၏ သံအမှုထမ်းခန့်အပ်လွှာကို ဖျက်သိမ်းပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ရုရှားနှင့် ဥရောပနိုင်ငံအများစုပါဝင်သည့် နေတိုးတပ်ဖွဲ့တို့ကြား ဆက်ဆံရေးမှာ ရုရှားနိုင်ငံက    ခရိုင်းမီးယား ဒေသအား နိုင်ငံ၏ ပိုင်နက်အတွင်းသို့ သွတ်သွင်းပြီးချိန်မှစ၍  ယိုယွင်းလာခြင်းဖြစ်ကြောင်းသိရသည်။

Ref: Sputnik