အသံထက်အလွန်မြန် ဂျက်အင်ဂျင်ကိုပိုင်ဆိုင်လာတဲ့ အိန္ဒိယ

အိန္ဒိယနိုင်ငံကတော့   အသံထက်အလွန်မြန် ဂျက်အင်ဂျင်ကို ပိုင်ဆိုင်လာတဲ့ ထိပ်တန်းအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်လာပါပြီ။ အကြောင်းရင်းကတော့ သူတို့ရဲ့ အသံထက်အလွန်မြန် နည်းပညာ သရုပ်ပြယာဉ် (HSTDV)ကို ပထမဆုံးအကြိမ် အောင်မြင်စွာ စမ်းသပ်လိုက်နိုင်လို့ဖြစ်ပါတယ်။

HSTDV မှာ စခရမ်ဂျက်လို့ခေါ်တဲ့ အသံထက် အလွန်မြန် ဂျက်အင်ဂျင်ကို တပ်ဆင်ထားပါတယ်။ အဲဒါကို ဝှီးလားကျွန်းရှိ ဒုံးပစ်လွှတ်ရေးနေရာကနေ တာတိုပစ် ပဲ့ထိန်းဒုံးကျည်နဲ့ သိပ်မခြားနားတဲ့    Agni-1    ဒုံးနဲ့ ပစ်လွှတ်လိုက်တာပါ။

အဲဒီဒုံးက HSTDV ကို အမြင့်ပေ ၁၈ ဒသမ ၆ မိုင် အထိသယ်ဆောင်သွားပြီး စခရမ်ဂျက်အတွက် လိုအပ်တဲ့ အမြန်နှုန်းကို ဖန်တီးပေးပါတယ်။ တကယ်တမ်းတော့ စခရမ်ဂျက်ဆိုတာ သူ့ချည်း သက်သက် အလုပ်မလုပ်ပါဘူး။ မြန်နှုန်းမြင့်နေတဲ့ အချိန်မှသာ အလုပ်လုပ်ပါတယ်။ ဒါကြောင့် သူ့ကို မြန်နှုန်းမြှင့်ပေးဖို့အတွက် ဒုံးအဟုန်မြှင့်စက်လိုမျိုး အားမြှင့်ကိရိယာလိုပါတယ်။ အဲဒီလို အကူအညီရ မှသာ   သူ့ရဲ့အမြန်နှုန်းကို အပြည့်အဝတင်နိုင်တာပါ။

အားမြှင့်ကိရိယာရဲ့ အကူအညီကြောင့် လိုအပ်တဲ့ အမြန်နှုန်းကိုရောက်ပြီဆိုရင်  အသံထက်မြန်တဲ့ လေစီးကြောင်းက စခရမ်ဂျက်ရဲ့အင်ဂျင်ထဲကို ဖြတ်သန်းသွားပြီးနောက် သူဟာအသံထက်ငါးဆ သို့မဟုတ် အဲဒါ ထက်ပိုမြန်တဲ့နှုန်းနဲ့ ပျံသန်းနိုင်ပါပြီ။ အခုစမ်းသပ်မှုမှာတော့ HSTDV ဟာ အသံထက် ခြောက်ဆနီးပါးမြန်တဲ့ အမြန်နှုန်းနဲ့ စက္ကန့် ၂၀ ကျော် ကြာပျံသန်းနိုင်ခဲ့တာကို တွေ့ရပါတယ်။

HSTDV ကို အောင်မြင်စွာ စမ်းသပ်နိုင်မှုဟာ  အနာဂတ်မှာ မျိုးဆက်သစ်လက်နက်နည်းပညာတွေ အတွက် အကောင်းဆုံး အထောက်အပံ့ဖြစ်စေမှာဖြစ်ပြီး အဓိကအားဖြင့် သင်္ဘောဖျက် ပဲ့ထိန်းဒုံး ကျည်တွေကို ထုတ်လုပ်နိုင်စေမှာဖြစ်ပါတယ်။

အသံထက်အလွန်မြန်  စခရမ်ဂျက်ရဲ့သွားနိုင်တဲ့ အကွာအဝေးက  အလွန်တိုတောင်းပါတယ်။ ဒါပေမဲ့  ဒီနည်းပညာအပေါ် အခြေခံပြီးတည်ဆောက်ထားတဲ့ သင်္ဘောဖျက်ဒုံးကျည်ကတော့  မိုင်ရာပေါင်း များစွာကို ပျံသန်းနိုင်ပါတယ်။ အသံထက်အလွန်မြန် ဒုံးကျည်တွေရဲ့တန်ဖိုးက သူတို့ရဲ့ အမြန်နှုန်း အပေါ် မူတည်နေတာပါ။ ဘာကြောင့်လဲဆိုရင် ဒုံးကျည်ဟာမြန်နှုန်း မြင့်လေ  ကြားဖျက်ပစ်ချခံရဖို့ မဖြစ်နိုင်လေပါပဲ။

နွေဦး