ယိုရှီဟီဒေးဆူဂါက အိမ်ထောင်စုများနှင့်ကုမ္ပဏီများကို ငွေကြေးထောက်ပံ့မည်ဟုဆို

ဂျပန်ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခံရနိုင်ခြေ အများဆုံးဖြစ်သော အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ယိုရှီဟီဒေးဆူဂါက  နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုကြောင့်   စီးပွားရေး ထိခိုက်မှုကို သက်သာစေရေးအတွက် အိမ်ထောင်စုများနှင့် ကုမ္ပဏီများကို ငွေကြေး ထောက်ပံ့ရန်စဉ်းစားထားကြောင်း စက်တင်ဘာ ၁၂ ရက်တွင် ထုတ်ဖော်ပြောဆိုသည်။ ပျက်ယွင်းနေသော ဘဏ္ဍာရေးကဏ္ဍကို ပြင်ဆင်ရန် နည်းလမ်းမရှာမီ စီးပွားရေးပြန်လည် နာလန်ထူအောင် အဓိကထား ဆောင်ရွက်မည်ဖြစ်ကြောင်း ယိုရှီဟီဒေးဆူဂါက ဆက်ပြောသည်။ ထို့ပြင် ရောင်းခွန်တိုးမြှင့်ကောက်ခံမှုကို လာမည့် ဆယ်စုနှစ်တစ်ခုနီးပါး အတွင်း ပြုလုပ်မည်မဟုတ်ကြောင်း ၎င်းကဆိုသည်။ စီးပွားရေး အကျပ်အတည်း ပိုမိုဆိုးရွားလာပါက အလုပ်အကိုင်နှင့်စီးပွားရေးလုပ်ငန်းများကို ကာကွယ်ရန် နောက်ထပ် ဆောင်ရွက်ချက်များကိုလုပ်ဆောင်သွားမည်ဟု ယိုရှီဟီဒေးဆူဂါကပြောသည်။

နိုင်ငံ၏လက်ရှိ စီးပွားရေး အခြေအနေအရ အစိုးရအနေဖြင့် အဆိုပါ စီမံချက်များကို မဖြစ်မနေ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယိုရှီဟီဒေးဆူဂါက လစ်ဘရယ် ဒီမိုကရက်တစ် ပါတီ၏ ခေါင်းဆောင်နေရာရွေးချယ်ပွဲတွင် ပါဝင်မည့် ကိုယ်စားလှယ်လောင်းများနှင့် ဆွေးနွေးပွဲတစ်ခုတွင် မှတ်ချက်ပြုပြောသည်။ အဆိုပါ အာဏာရပါတီ ခေါင်းဆောင်နေရာကို စက်တင်ဘာ ၁၄ ရက်တွင် ရွေးကောက်မည်ဖြစ်ပြီး ထောက်ခံမှု အများဆုံးရသည့်  ပါတီ ခေါင်းဆောင်က ဝန်ကြီးချုပ်ရာထူးကို ရရှိနိုင်ဖွယ်ရှိကြောင်း သိရသည်။ ယိုရှီဟီဒေးဆူဂါ၏  ပြိုင်ဘက် ကိုယ်စားလှယ်လောင်း ရှီဂယ့်ရူအီရှီဘာကမူ ဂျပန်ဗဟိုဘဏ်အနေဖြင့် ၎င်းတို့၏ ငွေကြေးမူဝါဒကို ချက်ချင်းအပြောင်းအလဲလုပ်မည်မဟုတ်ကြောင်း   ပြောထားသည်ဟု သိရသည်။

Ref: The Straits Times