အာဖဂန်ငြိမ်းချမ်းရေး မျှော်လင့်ချက်မှေးမှိန်စေသည့် အကြမ်းဖက်တိုက်ခိုက်မှုများ

အာဖဂန်နစ္စတန်နိုင်ငံ၌ အကြမ်းဖက်တိုက်ခိုက်မှုများကို အဆုံးသတ်ပြီး ငြိမ်းချမ်းရေးကို ပြန်လည် ဖော်ဆောင်နိုင်ရန် ကြိုးပမ်းနေစဉ်  တာလီဘန်စစ်သွေးကြွအဖွဲ့၏ တိုက်ခိုက်မှုများ  ပြန်လည် ထွက်ပေါ်လာသည်ကို တွေ့ရသည်။

တာလီဘန်စစ်သွေးကြွအဖွဲ့သည် နိုင်ငံအရှေ့ပိုင်း နန်ဂါဟာပြည်နယ် ခိုဂျာနီခရိုင်ရှိ  လုံခြုံရေး စစ်ဆေးရေးဂိတ်များ၌ တာဝန်ထမ်းဆောင်နေသော တပ်ဖွဲ့ဝင်များကို  ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဖြစ်သည်။ တိုက်ခိုက်မှုအတွင်း  အနည်းဆုံးစစ်သည်  ၁၆ ဦးသေဆုံးပြီး  အများအပြားဒဏ်ရာ ရရှိခဲ့သည်။

အဆိုပါတိုက်ခိုက်မှုသည် တာလီဘန်နှင့် အာဖဂန်အစိုးရအဖွဲ့တို့ကြား ကာတာနိုင်ငံ၌ စက်တင်ဘာ ၁၂ ရက်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်မကျင်းပမီ ဖြစ်ပွားခြင်းဖြစ်သည်။ တာလီဘန် စစ်သွေးကြွအဖွဲ့သည်   အာဖဂန်ငြိမ်းချမ်းရေးနှင့် စပ်လျဉ်း၍ အမေရိကန်နှင့် ၎င်းတို့ကြား    ဦးစွာ သဘောတူညီပြီးနောက် အာဖဂန်အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် ထပ်မံဆွေးနွေးရန်   သဘောတူ ညီခဲ့ခြင်းဖြစ်သည်။    အာဖဂန်ငြိမ်းချမ်းရေးဆွေးနွေးရန်   သဘောတူညီထားပြီးဖြစ်သည်ဟု  အဆိုပါ စစ်သွေးကြွအဖွဲ့က အစောပိုင်းတွင် တရားဝင်ထုတ်ပြန်ပြီးနောက် အစိုးရတပ်များကို တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်ရသည့်ရည်ရွယ်ချက်ကို မသိရသေးပေ။ ကာတာ၌ကျင်းပမည့် တာလီဘန် -အာဖဂန်အစိုးရတို့ကြား ပထမအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး     မိုက်ပွန်ပီယို တက်ရောက်ခဲ့သည်။

အာဖဂန်နစ္စတန်၌ ယခုရက်သတ္တပတ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားလျက်ရှိသည်။ စက်တင်ဘာ ၉ ရက်ကလည်း  ဒုတိယသမ္မတ အမ်ရူလာဆာလေး စီးနင်းလိုက်ပါလာသည့် ယာဉ်တန်း လမ်းဘေးထောင်ဗုံးဖြင့်  တိုက်ခိုက်ခြင်းခံခဲ့ရသည်။ အမ်ရူလာဆာလေး လိုက်ပါလာသည့် ယာဉ်တန်းသည် ကဘူးမြို့တော်ရှိ တာအီမာနီရင်ပြင်အရောက်တွင် လမ်းဘေးထောင်ဗုံးမှာ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုအတွင်း အမ်ရူလာဆာလေးမှာ အသက်ဘေးမှ လွတ်မြောက်ခဲ့သော်လည်း    ၎င်း၏ လုံခြုံရေးတချို့ အပါအဝင်  ၁၀  ဦးသေဆုံးပြီး  ၁၅  ဦး  ဒဏ်ရာရရှိခဲ့သည်။   သေဆုံးသူများ တွင် အရပ်သားများလည်းပါဝင်သည်။ တိုက်ခိုက်မှုကို မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့ သည်ကို တရားဝင်ထုတ်ပြန် ထားခြင်းမရှိသေးပေ။ တာလီဘန်စစ်သွေးကြွအဖွဲ့သည် ပုံမှန်အားဖြင့် အကြမ်းဖက်တိုက်ခိုက်မှုတစ်ရပ်ကို ၎င်းတို့အဖွဲ့ကလုပ်ဆောင်ခဲ့ပါက ၎င်းတို့၏ လက်ချက်ဖြစ်သည် ဟု နောက်ပိုင်းတွင် တရားဝင်ထုတ်ပြန်လေ့ရှိသည်။ 

သို့သော်  ယခုတိုက်ခိုက်မှုသည်  ၎င်းတို့၏ လက်ချက်မဟုတ်ဟု တာလီဘန်စစ်သွေးကြွအဖွဲ့မှ  ပြောရေးဆိုခွင့်ရှိသူ ရက်ဇဝန်မူရက်က ၎င်း၏ဖေ့ဘွတ်စာမျက်နှာတွင် ရေးသားဖော်ပြသည်။ အဆိုပါ တိုက်ခိုက်မှုကို ကြည့်မည်ဆိုပါက အကြမ်းဖက်သမားများသည် အမ်ရူလာဆာလေးအား  အဓိက ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။ တာလီဘန်များသည် အာဖဂန်နစ္စတန် သို့ အမေရိကန်နှင့် ပြည်ပတပ်များမဝင်ရောက်မီ နိုင်ငံကို နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့ကြသူများ ဖြစ်သည်။ နိုင်ငံကို တာလီဘန်များအုပ်ချုပ်စဉ်က အစ္စလာမ်မစ်စော်ဘွား နိုင်ငံဟုအမည်ပေးခဲ့ပြီး  တင်းကျပ်သည့် စည်းမျဉ်းများချမှတ်၍ အုပ်ချုပ်ခဲ့ခြင်းဖြစ်သည်။   အာဖဂန်နစ္စတန်နိုင်ငံအတွင်းသို့  အမေရိကန်တပ်များ  ၂၀၀၁  ခုနှစ်က  စတင်ဝင်ရောက်လာပြီးနောက် တာလီဘန်အစိုးရအဖွဲ့မှာ  ဖြုတ်ချခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။

အမေရိကန်အစိုးရသည် နယူးယောက်မြို့၌ ၂၀၀၁ ခုနှစ် စက်တင်ဘာလက အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက် လက်နက်ကိုင်တပ်ဖွဲ့များကို အာဖဂန်နစ္စတန်သို့ စေလွှတ်ခဲ့ခြင်းဖြစ်သည်။  အဘယ်ကြောင့်ဆိုသော် နယူးယောက်မြို့အား  တုန်လှုပ်စေခဲ့သည့် အဆိုပါအကြမ်းဖက်တိုက်ခိုက် မှုကို  အာဖဂန်နစ္စတန်၌ အခြေပြုထားသည့်   အယ်လ်ကိုင်ဒါစစ်သွေးကြွအဖွဲ့က လုပ်ဆောင်ခဲ့ခြင်း ကြောင့်ဖြစ်သည်ဟု ဆိုနိုင်သည်။ နိုင်ငံအတွင်းသို့ အမေရိကန်တပ်များ ဝင်ရောက်လာပြီးနောက်တွင် တာလီဘန်စစ်သွေးကြွအဖွဲ့က အာဖဂန်အစိုးရ တပ်များနှင့် ကျူးကျော်ဝင်ရောက်လာသည့် အမေရိကန်နှင့် ပြည်ပတပ်များမှ စစ်သည်များကိုပါ တိုက်ခိုက်လာသည့်အပြင်  အာဖဂန်အစိုးရ အတွက်   ကြီးမားသော ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံအတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများကို အဆုံးသတ်နိုင်ရန် တာလီဘန်စစ်သွေးကြွအဖွဲ့က ၂၀၁၈  ခုနှစ်မှစ၍  အမေရိကန်အစိုးရနှင့် တစ်ဆင့်ခံဆွေးနွေးမှုများ စတင် လုပ်ဆောင်လာသည်။ ယင်းနောက်တွင် နှစ်ဦးနှစ်ဖက်ဆွေးနွေးပွဲများ ကျင်းပလာနိုင်သည် အထိ အခြေအနေတိုးတက်လာသည်။ အကယ်၍ တာလီဘန်စစ်သွေးကြွအဖွဲ့က   အာဖဂန် ငြိမ်းချမ်းရေး သဘောတူညီချက်ကို  လက်မှတ်ရေးထိုးမည်ဆိုပါက  အမေရိကန်အစိုးရအနေဖြင့် ၁၄ လ အတွင်း အာဖဂန်နစ္စတန်၌ ဖြန့်ကြက်ထားသည့်   အမေရိကန်နှင့်  မြောက်အတ္တလန္တိတ်စာချုပ် အဖွဲ့ (NATO) တပ်ဖွဲ့ဝင်အားလုံးကို   ပြန်လည်ရုပ်သိမ်းပေးရန်  သဘောတူညီထားပြီးဖြစ်သည်။  ထိုအချက်ကို  အမေရိကန်သမ္မတ  ဒေါ်နယ်ထရမ့် ကိုယ်တိုင် ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

အမေရိကန်အစိုးရနှင့် တာလီဘန်တို့ ကြားချမှတ်ထားသည့် အာဖဂန်ငြိမ်းချမ်းရေး သဘောတူ ညီချက်အရ  တာလီဘန် စစ်သွေးကြွအဖွဲ့အနေဖြင့် ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများအတွင်း  တခြား စစ်သွေးကြွအဖွဲ့များ ဝင်ရောက်လှုပ်ရှားခြင်းကို တားမြစ်ရမည်ဖြစ်သည်။  ယင်းအချက်ကို လည်း တာလီဘန်စစ်သွေးကြွအဖွဲ့က လိုက်နာနိုင်ဖွယ်ရှိသည်ဟု အမေရိကန်အစိုးရက မျှော်လင့်ထား သည်။

ထိုအခြေအနေမျိုးကို   ဖန်တီးနိုင်မည်ဆိုပါက  အာဖဂန်အစိုးရ၊ တာလီဘန်နှင့် နိုင်ငံအတွင်းရှိ   ပြည်သူအားလုံးအတွက် ဝမ်းမြောက်ဖွယ် အခြေအနေတစ်ရပ် ဖြစ်လာနိုင်သည်။ နိုင်ငံအတွင်း  ပြည်ပတပ်ဖွဲ့များက တပ်စွဲထားခြင်းလည်းမရှိ၊ အကြမ်းဖက်တိုက်ခိုက်မှုများလည်း မရှိတော့သော ကြောင့် ပြည်သူများအနေဖြင့်  အထိတ်တလန့်ဖြင့် ကျီးလန့်စာစားနေရသည့် ဘဝမှ လွတ်မြောက် နိုင်မည်ဖြစ်သည်။

သို့သော် အာဖဂန်နစ္စတန်၌ မကြာမီကာလအတွင်းက ဖြစ်ပွားသည့် တိုက်ခိုက်မှုများသည် ပြည်သူများက လိုလားနေသော ငြိမ်းချမ်းရေး မျှော်လင့်ချက်ကို မှေးမှိန်စေခဲ့သည်ဟုဆိုနိုင်သည်။  ထို့ပြင် အကြမ်းဖက်တိုက်ခိုက်မှုများသည်  နိုင်ငံအတွင်း  အဓွန့်ရှည်တည်တံ့မည့်   ငြိမ်းချမ်းရေးကို   ပြန်လည် ဖော်ဆောင်နိုင်ရေးအတွက်  အာဖဂန်အစိုးရအပါအဝင်   သက်ဆိုင်ရာ အဖွဲ့အစည်းများက ကြိုးပမ်း လုပ်ဆောင်နေခြင်းကိုပါ   လျော့ပါးစေနိုင်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။     ။    

Ref: Sputnik, BBC, ST