အာဖဂန်နစ္စတန်အစိုးရနှင့် တာလီဘန်အဖွဲ့တို့ ဒိုဟာမြို့၌ သမိုင်းဝင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စတင်

အာဖဂန်နစ္စတန်နိုင်ငံ၌ နှစ်ပေါင်း ၂၀ ကျော်ကြာဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်စေရန် ရည်မှန်းထားသည့် အာဖဂန် နစ္စတန်အစိုးရနှင့် တာလီဘန်အဖွဲ့တို့၏ သမိုင်းဝင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို  ကာတာနိုင်ငံ ဒိုဟာမြို့၌ စက်တင်ဘာ ၁၂ ရက်တွင် စတင်ကြောင်းသိရသည်။ ထိုသို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမတိုင်မီ ပြည်တွင်းစစ်တွင်ပါဝင်သောနှစ်ဖက်အဖွဲ့ အစည်းများ အနေဖြင့် ချက်ချင်းအပစ်အခတ် ရပ်စဲရန်နှင့် အမျိုးသမီးများ၏အခွင့်အရေးကို အလေးထားသည့် သဘောတူညီချက်ကို ရှေ့တိုးအကောင်အထည်ဖော်ရန် နိုင်ငံများနှင့် အဖွဲ့အစည်းများက  တိုက်တွန်းထားသည်။

အာဖဂန်နစ္စတန်နိုင်ငံ၌ အမေရိကန်၏ စစ်ရေးအရကြားဝင်စွက်ဖက်မှုကို ဖြစ်ပေါ်စေသည့် ၉/၁၁ တိုက်ခိုက်မှု ၁၉ နှစ်ပြည့် ပြီးနောက်တစ်နေ့တွင် ယခုငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ကျင်းပခြင်းလည်းဖြစ်သည်။ နှစ်ဖက် အဖွဲ့အစည်းများအနေဖြင့် ပြည့်စုံကျယ်ပြန့်သော ငြိမ်းချမ်းရေး သဘောတူညီ ချက်ရရှိစေမည့် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက တိုက်တွန်းသည်။

ထို့ပြင် နှစ်ဖက်စလုံးအနေဖြင့် ကိစ္စရပ်အားလုံးတွင် သဘောတူညီချက်မရခဲ့ပါက အပြန်အလှန်အပေးအယူပြုလုပ် ညှိနှိုင်းသွားမည်ဖြစ်ကြောင်း အာဖဂန်နစ္စတန်ငြိမ်းချမ်း ရေးကောင်စီဥက္ကဋ္ဌ အဗ္ဗဒူလာအဗ္ဗဒူလာက ပြောသည်။ သို့သော် နှစ်ဖက်အဖွဲ့အစည်းများ အနေဖြင့် ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့ရောက်ရှိလာ ပြီဖြစ်သော်လည်း နိုင်ငံအတွင်း တိုက်ခိုက် မှုများမြင့်တက်လာသည့်အတွက် ငြိမ်းချမ်းရေးကို အလွယ်တကူရနိုင်မည်မဟုတ်ကြောင်း တာဝန်ရှိသူများ၊ သံတမန်များနှင့်  ကျွမ်းကျင်သူများက  သုံးသပ်ထားသည်။

Ref: The Straits Times