အသားစားနွားမွေးမြူရေးတွင် ထည့်သွင်းစဉ်းစားရန်လိုသော ရာသီဥတုအခြေအနေ

အသားစားနွားမွေးမြူရေး လုပ်ငန်းကို ဆောင်ရွက်မည့်ဒေသတွင် ရာသီဥတု၏ ရာဇဝင်ကို လေ့လာထားရန်လိုပါမည်။ မြန်မာနိုင်ငံတွင်ရှိသော နွေ၊ မိုး၊ ဆောင်း ရာသီသုံးခုတွင် ရာသီဥတု၏ အားသာချက်၊ အားနည်းချက်တို့အပေါ်မူတည်၍ မွေးမြူမည့် အသားစားနွားမျိုးများ ရွေးချယ်ခြင်း၊ အဆောက်အဦပုံစံများစီမံခြင်း၊ စိုက်ပျိုးရန်သီးနှံများ၊ မြက်များ၊ စားကျက်ခင်းများကို စီစဉ်ခြင်း၊ ဒေသအလိုက်ဖြစ်ပွားတတ်သော ရောဂါများကာကွယ်ရေး အစီအမံများချမှတ်ခြင်းနှင့် မွေးမြူရေး လုပ်ငန်းအတွက် ကြီးကြပ်ဆောင်ရွက်ရန် အစီအစဉ်များကိုရေးဆွဲ၍ နည်းပညာများဖြင့်  အခြေအနေ ဖန်တီးပိုင်ခွင့်ကို ဆောင်ရွက်သွားရန်လိုပါသည်။

နွေရာသီကာလတွင် ဖြစ်ပေါ်တတ်သော အပူချိန်မြင့်မားခြင်း၊ အပူလှိုင်းဖြတ်ခြင်း၊ နေမှ ရောင်ခြည်များ ထွက်ခြင်းတို့ကြောင့် မွေးမြူရေးလုပ်ငန်းကို မထိခိုက်စေရန် ကြိုတင်စီမံသွားရမည် ဖြစ်ပါသည်။ အသားစားနွား မွေးမြူရေးလုပ်ငန်းတွင် ဆောင်းရာသီအကုန် မှ နွေရာသီအထိ နေ့တာ၏အတိုအရှည် ပေါ်မူတည်၍ မြိုင်ပေါ်ကြသဖြင့် သားတင်သားစပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားရန် စီမံထားရပါမည်။ အပူချိန်လွန်ကဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော အကျိုးဆက် များဖြစ်သည့် အစာရေစာရှားပါးခြင်း၊ သဲကန္တာရဖြစ်ပေါ်နိုင်ခြင်း၊ မွေးမြူရေး တိရစ္ဆာန်များတွင် အပူလျှပ်ခြင်း၊ ကူးစက်ရောဂါများ အလွယ်တကူဝင်နိုင်ခြင်းတို့ကို ကြိုတင်တွက်ချက်၍ ကာကွယ်ရေး အစီအမံများကို ပြင်ဆင်ထားရပါမည်။

နွေရာသီကုန်ဆုံးပြီး မိုးဦးရာသီတွင် ရာသီဥတုအပြောင်းအလဲကြောင့် အစာရေစာ ပြောင်းလဲခြင်း ဖြစ်ပေါ်ပြီး ကူးစက်ရောဂါများနှင့် အစာအိမ်လမ်းကြောင်းဆိုင်ရာ  ရောဂါများဖြစ်ပွားနိုင်ခြင်း တို့အတွက် ကြိုတင်ပြင်ဆင်ထားရပါမည်။ မိုးရာသီတွင် အဓိကအားဖြင့် စိုက်ပျိုးရေး ရာသီဖြစ်ခြင်း ကြောင့် ရာသီဥတု၏ အားသာချက်များကိုရယူ၍ မွေးမြူရေး တိရစ္ဆာန်များအတွက် တိရစ္ဆာန်အစာ သီးနှံပင်များစိုက်ပျိုးခြင်း၊ စားကျက်ခင်းများ စိုက်ပျိုးခြင်းတို့ကို စီစဉ်သွားရပါမည်။ မိုးရာသီအတွင်း ဖြစ်ပေါ်တတ်သော သဘာဝဘေး အန္တရာယ်များဖြစ်သည့် လေမုန်တိုင်းတိုက်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်းတို့ကြောင့် စိုက်ခင်းများမပျက်စီးစေရန်နှင့် မွေးမြူရေးတိရစ္ဆာန်များ မဆုံးရှုံးစေရန် ကြိုတင်စီမံထားရပါမည်။ ဒေသအလိုက် မိုးရာသီအတွင်း အပင်နှင့်တိရစ္ဆာန်တို့တွင် ဖြစ်ပွား တတ်သော ရောဂါများ ကာကွယ်ရေး၊ ကုသရေးတို့ကို ကြိုတင်ပြင်ဆင်ထားရပါမည်။ မိုးရာသီ အတွင်း စိုက်ပျိုးထွက်ရှိလာသော တိရစ္ဆာန်အစာများကို ပြုပြင်ထိန်းသိမ်းခြင်း၊ မြက်ချဉ်ဖတ် ပြုလုပ်ခြင်းနှင့် မိုးရာသီကုန်ခါနီးတွင် မြက်ခြောက်များ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်သွားရပါမည်။

မိုးရာသီကုန်ဆုံး၍ ဆောင်းဦးရာသီ အကူးအပြောင်းတွင် ရာသီဥတုသည် မွေးမြူ ရေးလုပ်ငန်း အတွက် ကောင်းမွန်သောရာသီ ဖြစ်ခြင်းကြောင့် ၎င်းရာသီတွင် တိရစ္ဆာန် အစာသီးနှံများ ရိတ်သိမ်းခြင်း၊ ပြင်ဆင်သိုလှောင်ခြင်း၊ အရည်အသွေးစိစစ်ခြင်း တို့ကို ဆောင်ရွက်သွားရပါမည်။ မိုးအကုန် ဆောင်းရာသီမှစ၍ နွေဦးရာသီအထိကာလသည် တိရစ္ဆာန်များသားပေါက်ရန် အကောင်းဆုံး ရာသီဖြစ်ခြင်းကြောင့် သားပေါက်ရာသီအတွင်း နွားငယ်များပြုစုခြင်း၊ သားပေါက် နွားမကြီးများ ဂရုတစိုက် ထိန်းသိမ်းစောင့်ရှောက်ခြင်းတို့အတွက် ကြိုတင်စီမံထားရပါမည်။ ၎င်းရာသီအတွင်း ဖြစ်ပေါ်တတ်သော သဘာဝဘေးအန္တရာယ်များဖြစ်သည့် အအေးလွန်ကဲခြင်း၊ ဆီးနှင်းကျခြင်း၊ အအေးလှိုင်းဖြတ်ခြင်း၊ လေအေးများ တိုက်ခတ်ခြင်းတို့ကြောင့် မြက်ခင်းများ၊ သီးနှံပင်များ သေဆုံးတတ်ခြင်း၊ တိရစ္ဆာန်များတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွား တတ်ခြင်းတို့ကြောင့် အဆောက်အဦပုံစံမှအစ ရောဂါကာကွယ်ရေး၊ ရာသီဥတုဒဏ် ခံနိုင်ရေးတို့အတွက် စီစဉ်ထားရပါမည်။ သားပေါက်ရာသီ ကုန်ဆုံးပြီးနောက် နွားမများကို   သားဖောက်ရေးလုပ်ငန်းအား  ဆက်လက်လုပ်ဆောင်ရမည့် ရာသီလည်း ဖြစ်ပါသည်။  သို့မှသာ  သားခြားကာလကို    တိုတောင်းစွာဖြတ်သန်းနိုင်ပြီး  သားပေါက်ကောင်ရေများ   များရမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် အကြမ်းအားဖြင့် မွေးမြူရေးအတွက် ဒေသသုံးမျိုးရှိပါသည်။ ကုန်းမြင့်ဒေသ၊ အပူပိုင်းမြေလတ်ဒေသ၊ ရွှံ့ညွန်ထူထပ်သော မြစ်ဝကျွန်းပေါ်ဒေသတို့ ဖြစ်ပါသည်။ မြစ်ဝကျွန်းပေါ် ဒေသတွင် နွေ၊ မိုး၊ ဆောင်းရာသီသုံးခုအနက် မိုးရာသီတွင် ရွှံ့ညွန်ထူထပ်ခြင်း၊ မှက်၊ ခြင်၊ ယင်ပေါက် ပွားမှုများခြင်းတို့ကြောင့် အသားစားနွားမျိုး ရွေးချယ်ရာတွင် အပူပိုင်းဒေသ  အသားစား နွားနှင့် ကပြားနွားမျိုးများကို ဦးစားပေးရွေးချယ်ရပါမည်။ မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံခြင်း၊ မုန်တိုင်း ဒဏ်များခံရနိုင်ခြင်း တို့သည် စိုက်ခင်းများ၊ မြက်ခင်းများ၊ စားကျက်များကို ထိခိုက်နိုင်သဖြင့် စိုက်ပျိုး နေရာများကို ဂရုပြုရွေးချယ်ရန်လိုပါသည်။

အားသာချက်မှာ သဘာဝမိုးရေလုံလောက် စွာရရှိခြင်းကြောင့် မွေးမြူရေးအစားအစာများကို မိုးရာသီတွင် အားထား၍ စိုက်ပျိုးသကဲ့သို့ ဆောင်းရာသီနှင့် နွေရာသီတို့တွင် မြေအောက်ရေ၊ ဆည်ရေတို့ဖြင့် စိုက်ပျိုးနိုင်သော   အခွင့်အရေးများရှိပါသဖြင့် တိရစ္ဆာန်အစာနှင့် ရေပြတ်လပ်မှုကို ရှောင် လွှဲနိုင်သော ဒေသမျိုးဖြစ်ပါသည်။ ၎င်းဒေသတွင် မိုးဒဏ်၊ လေဒဏ်ခံနိုင်သော  အဆောက်အဦ ပုံစံများစီစဉ်ရပါမည်။ မှက်၊  ခြင်၊   ယင်၊ ကပ်ပါးကောင်များ   များစွာ ပေါက်ပွားသောဒေသ ဖြစ်ခြင်းကြောင့်  ဖြစ်ပေါ်လာနိုင်သည့်  ကူးစက်ရောဂါများကို   ကြိုတင်ကာကွယ်ရေးနှင့်  ကုသရေး အတွက် ဆောင်ရွက်သွားရန်လိုပါသည်။

အပူပိုင်းမြေလတ်ဒေသများတွင် ပူပြင်း ခြောက်သွေ့သော သဘာဝနှင့် အပူလှိုင်းများဖြစ်ပေါ်ခြင်း၊ မိုးခေါင်ခြင်း၊ ရေရှားခြင်း၊ နေမှ ရောင်ခြည်များဖြာထွက်ခြင်း စသော သဘာဝဘေးအန္တရာယ် များရှိခြင်းကြောင့် မွေးမြူရေးနေရာရွေးချယ်ရာတွင် ရေရရှိနိုင်သောနေရာကို ရွေးချယ်သင့်ပါသည်။ နေရောင်ခြည်မှ စွမ်းအင်ထုတ်ယူ၍ ရေသွင်းစိုက်ပျိုးခြင်းစနစ်ကို အသုံးပြုခြင်းဖြင့် စိုက်ပျိုးရေး လုပ်ငန်းအတွက် အကျိုးဖြစ် ထွန်းစေမည်ဖြစ်ပါသည်။ အပူပိုင်းဒေသ၏ သဘောသဘာဝအရ နွားမျိုးရွေးချယ်ရာတွင် အပူပိုင်းဒေသ အသားစားနွားမျိုးနှင့် ကပြားနွားမျိုးများကို ရွေးချယ်သွားရန် လိုပါသည်။ အဆောက်အဦပိုင်းတွင် လေဝင် လေထွက်ကောင်းပြီး အပူဒဏ်ကာကွယ်နိုင်သော ပုံစံမျိုးဆောက်လုပ်ရပါမည်။ အပူချိန် မြင့်မားသောကာလများတွင် မွေးမြူရေးတိရစ္ဆာန်များတွင် အပူလျှပ်ခြင်းနှင့် အပူဒဏ်ကြောင့် ဖြစ်ပေါ်လာနိုင်သော ရောဂါများကို ကာကွယ်ကုသရေးအတွက် ပြင်ဆင်ထားရပါမည်။ အပူပိုင်းဒေသ၏ အဓိကလိုအပ်ချက်မှာ အစာနှင့်ရေ လုံလောက်စွာရရှိရေး ဖြစ်ပါသဖြင့် စနစ်တကျစီမံ ဆောင်ရွက်သွားသင့်ပါသည်။

ကုန်းမြင့်ဒေသများတွင် ရာသီဥတု၏ သဘောသဘာဝအရ လေအေးတိုက်ခြင်း၊ ဆီးနှင်းကျခြင်း၊ အအေးလှိုင်းဖြတ်ခြင်း၊ အပူချိန်ကျဆင်းခြင်းတို့ကြောင့် အအေးဒဏ်ခံနိုင်သော သမပိုင်းနွားမျိုးနှင့် ကပြားနွားမျိုးများကို မွေးမြူဆောင်ရွက်သင့်ပါသည်။ မြေမျက်နှာပြင် အနိမ့်အမြင့်ပေါ်မူတည်၍ ရေရရှိနိုင်သော နေရာတို့ကို   ဦးစားပေး ရွေးချယ်သင့်ပါသည်။ အဆောက်အဦပုံစံ သည် အအေးဒဏ် ကာကွယ်နိုင်သော ပုံစံမျိုးဖြစ်သင့်ပါသည်။ နေရာဒေသ၏ သဘောသဘာဝအရ  ကပ်ပါးကောင်များ များစွာ ပေါက်ပွားနိုင်သောကြောင့် ကပ်ပါးရောဂါများကို အထူးဂရုပြု ကာကွယ်ရေး ဆောင်ရွက်သွား ရပါမည်။ ကုန်းမြင့်ဒေသဖြစ်ခြင်းကြောင့် မိုးရာသီတွင် မြေဆီလွှာပျက်စီး ဆုံးရှုံးမှုများခြင်းကြောင့် မြေဆီလွှာပြုပြင်ခြင်းကို ဂရုပြုဆောင်ရွက်သွားသင့်ပါသည်။ ရာသီဥတုပြောင်းလဲမှုကြောင့် မွေးမြူ ရေးတိရစ္ဆာန်များတွင် ရာသီယဉ်ပါးခြင်း ဖြစ်ပေါ်စေပါသည်။ အထူးသဖြင့် ရာသီဥတုအနေအထား ကွာခြားသော ဒေသတစ်ခုမှ အခြားဒေသတစ်ခုသို့ ရွှေ့ပြောင်းမွေးမြူ သောအခါတွင် ရာသီ ယဉ်ပါးခြင်းဒဏ်ကြောင့် မျိုးမအောင်မြင်ခြင်း၊ ကျန်းမာရေးချို့တဲ့ခြင်း၊ ကြီးထွားနှုန်းကျဆင်းခြင်း တို့ကို ခံစားရပါသဖြင့် ၎င်းအချက်ကိုကျော်လွှား၍ ဆောင်ရွက်ရေးအတွက် အစီအစဉ်များ ရေးဆွဲ ထားသင့်ပါသည်။

မြန်မာနိုင်ငံ၏ ဒေသအသီးသီးတွင် အသားစားနွားမွေးမြူရေးလုပ်ငန်းကို လုပ်ဆောင် နိုင်သော ရာသီဥတု အားသာချက်များရှိနေခြင်းကြောင့် ရေရရှိပြီး မြေကျယ်ဝန်းသော နေရာတို့ကို ဦးစားပေး ရွေးချယ်သွားရပါမည်။ နွားများ၏သဘာဝအရ တစ်နှစ်ပတ်လုံး သားတင်၊ သားစပ်နိုင်သော်လည်း ဆောင်းအကုန်နှင့် နွေရာသီတွင် သားအောင်နှုန်းကောင်းပြီး မြက်ပေါသောရာသီတွင် သားပေါက် နိုင်ရေးကို အလေးထားဆောင် ရွက်သင့်ပါသည်။ မြန်မာနိုင်ငံ၏ ဒေသအလိုက်ကိုက်ညီသော အသားစား နွားမျိုးများကိုရွေးချယ်၍ ဒေသနှင့်ကိုက်ညီသော အဆောက်အဦပုံစံ၊ မြက်အမျိုးအစား၊ စိုက် ပျိုးသီးနှံတို့ကို ဖော်ဆောင်ရပါမည်။ ဒေသအလိုက် ဖြစ်ပွားတတ်သော ရောဂါများကို ကာကွယ်ထိန်းချုပ်ရေး အစီအမံများနှင့် ဇီဝလုံခြုံရေး အစီအမံများ ပေါင်းစပ်အကောင် အထည်ဖော်ခြင်း တို့ကို ဆောင်ရွက်ပေးရပါမည်။ အချုပ်တင်ပြရပါလျှင် ခေတ်မီနည်းပညာများဖြင့် ရာသီဥတု၏အခြေအနေ ကောင်းများကို ဖန်တီးရယူပြီး အသားစား နွားမွေးမြူရေးလုပ်ငန်းများကို မြန်မာနိုင်ငံ ဒေသအများအပြားတွင် ဆောင်ရွက်နိုင်ပါကြောင်း အကြံပြုတင်ပြလိုက်ပါသည်။  ။