ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေးလုပ်ဆောင်ရန် တိုက်တွန်းလာသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေးလုပ်ဆောင်ရန် တိုက်တွန်းလာသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့

ကမ္ဘာ့နိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုကြောင့် ယခုနှစ်မေလအထိကျန်းမာရေးဝန်ထမ်းစုစုပေါင်း ၈၀၀၀၀ မှ ၁၈၀၀၀၀ အထိသေဆုံးခဲ့ရဖွယ်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်သည်။

နိုင်ငံအများအပြား၌ ဖြစ်ပွားနေသည့် ရောဂါပိုးကူးစက်မှုကို ထိန်းချုပ်နိုင်ရေးအတွက် ပါဝင်လုပ်ဆောင်နေသည့် ကျန်းမာရေး ဝန်ထမ်း သန်းပေါင်းများစွာသည် ယခုအချိန်အထိကာကွယ်ဆေးထိုးနှပေးခြင်းမခံရသေးသောကြောင့် ၎င်းတို့အနေဖြင့် ကာကွယ် ဆေးထိုးနှံခြင်းကို ဦးစားပေးအဖြစ် အရေးတယူလုပ်ဆောင်သင့်ကြောင်း    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကအောက်တိုဘာ၂၁ ရက်တွင် ပြောခြင်းဖြစ်သည်။ ကာကွယ်ဆေးထိုးနှံပေးခြင်းမခံရသောကြောင့် ကိုဗစ်-၁၉ ရောဂါပိုးစတင်ကူးစက်မှုဖြစ်ပွားရာ   ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ ၂၀၂၁ ခုနှစ် မေလအထိ ကမ္ဘာ့နိုင်ငံများရှိ  ကျန်းမာရေးဝန်ထမ်း ၁၃၅ သန်းအနက် ၈၀၀၀၀ မှ ၁၈၀၀၀၀ ခန့်မှာ  ရောဂါပိုး ကူးစက်ခံရခြင်းကြောင့် သေဆုံးခဲ့ဖွယ်ရှိသည်ဟု ယင်းအဖွဲ့ကြီးက ဆိုသည်။

ရောဂါပိုးထိန်းချုပ်မှု လုပ်ဆောင်နေသည့် ကမ္ဘာ့နိုင်ငံ ၁၁၉ နိုင်ငံမှပေးပို့သည့် အချက်အလက်များအရ ပျမ်းမျှအားဖြင့် ကျန်းမာရေး ဝန်ထမ်းငါးဦးအနက် နှစ်ဦးကိုသာ ကာကွယ်ဆေးအပြည့်အဝထိုးနှံပေးထားကြောင်း၊ ဝင်ငွေကောင်းသည့် နိုင်ငံများတွင်မူ  ကျန်းမာရေးဝန်ထမ်းစုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းကျော်ကို ကာကွယ်ဆေးထိုးနှံပေးထားနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အကြီး အကဲ တီဒရိုအက်ဟာနွန်ကပြောသည်။ သို့သော် အာဖရိကဒေသတွင်မူ ကျန်းမာရေးဝန်ထမ်း ၁၀ ဦးအနက် တစ်ဦးကိုသာ အပြည့်အဝ ကာကွယ်ဆေးထိုးနှံပေးထားနိုင်သေးသည်ဟု သိရသည်။

လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုသည် ဆင်းရဲနွမ်းပါးသည့်နိုင်ငံများအပြင် ဂျာမနီကဲ့သို့ ချမ်းသာကြွယ်ဝသည့်   အနောက် နိုင်ငံကြီးတွင်ဖြစ်ပွားမှုဆက်လက်မြင့်တက်နေသည်။ သို့ရာတွင်နိုင်ငံအတွင်းရှိ   ပြည်သူများကို အစိုးရက ကာကွယ်ဆေးထိုးနှံပြီး ဖြစ်သောကြောင့် ရောဂါပိုးကူးစက်မှု မြင့်တက်နေသော်လည်းခံသာသည့် အခြေအနေတွင်ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။

ဂျာမနီနိုင်ငံတွင် ယခုနှစ်မေလအထိဆရာဝန်များကနိုင်ငံအတွင်းရှိ  အသက်၆၀ နှစ်အောက်   လူ  ၁၀၂၀၇၈၄ ဦးနှင့် အသက် ၆၀ နှစ်အထက် သက်ကြီးရွယ်အို ၁၅၈၃၆၈၀   ဦးတို့ကို  ကာကွယ်ဆေးအပြည့်အဝထိုးပေးနိုင်ခဲ့ပြီဖြစ်သည်။ ထို့ကြောင့်    နိုင်ငံတိုင်းရှိ ကျန်းမာရေးနှင့်   လူမှုစောင့်ရှောက်ရေးဝန်ထမ်းများအား    ကာကွယ်ဆေးအပြည့်အဝထိုးနှံ ပေးရေးကို  အဓိကဦးစားပေး လုပ်ငန်းစဉ် အဖြစ် လုပ်ဆောင်ကြရန် တီဒရိုအက်ဟာနွန်က ကမ္ဘာ့နိုင်ငံများအားတိုက်တွန်းထားသည်။  ထို့ပြင်   ရောဂါပိုးကူးစက်မှုကို ထိန်းချုပ် ရန် ကြိုးပမ်းစဉ် သေဆုံးသွားသည့်ကျန်းမာရေးဝန်ထမ်းများမှာ မသေသင့်ဘဲသေဆုံးခဲ့ရသူများဖြစ်ကြောင်း နိုင်ငံတကာ သူနာပြု ကောင်စီ၏ ဥက္ကဋ္ဌဖြစ်သူ အန်းနက်ကနေဒီကပြောသည်။ သေဆုံးခဲ့ရသူများအနက် အများအပြားကို ကယ်ဆယ်နိုင်ခွင့်ရရှိသော်လည်း ကယ်ဆယ်နိုင်ခဲ့ခြင်းမရှိဟု၎င်းကဆက်ပြောသည်။

ကျန်းမာရေးစောင့်ရှောက်မှု ပေးအပ်နေစဉ် သေဆုံးခဲ့ရသည့် ကျန်းမာရေးဝန်ထမ်းများ သေဆုံးမှုနှင့်စပ်လျဉ်း၍ အစိုးရအဖွဲ့များတွင် တာဝန်ရှိသည်ဟု အန်းနက်ကနေဒီကစွပ်စွဲပြောဆိုထားပြီး ရောဂါပိုးကူးစက်မှုကို ထိန်းချုပ်နိုင်ရေးကြိုးပမ်းနေသည့် ကျန်းမာရေး ဝန်ထမ်းများ ရောဂါပိုးကူးစက်ခံရခြင်းမရှိစေရန်အတွက်   ထိရောက်စွာကာကွယ်ပေးသင့်သည်ဟု ၎င်းကဆက်ပြောသည်။

ကမ္ဘာ့နိုင်ငံများအနေဖြင့် ၎င်းတို့၏နိုင်ငံအတွင်းရှိ စုစုပေါင်းလူဦးရေ၏ ၄၀ ရာခိုင်နှုန်းကို ယခုနှစ်ကုန်ပိုင်းတွင် ကာကွယ်ဆေးထိုး ပေးရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆန္ဒရှိနေသော်လည်း နိုင်ငံပေါင်း ၈၂ နိုင်ငံမှာ ကာကွယ်ဆေးအလုံအလောက်မရှိသောကြောင့်  ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ချမှတ်ထားသည့် ရည်မှန်းချက်ကိုဖြည့်ဆည်းပေးနိုင်မည့် အလားအလာနည်းပါးလျက်ရှိသည်ဟု  ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။

ကိုဗစ်-၁၉  ရောဂါပိုး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖြစ်ပွားပြီးချိန်မှစ၍ ရောဂါပိုးကူးစက်ခံရသူအရေအတွက်မှာ ၂၄၂ သန်းနီးပါး ရှိပြီး ရောဂါပိုးကူးစက်ခံရမှုကြောင့် အနည်းဆုံးလူ ၄ ဒသမ ၉ သန်းသေဆုံးပြီးဖြစ်သည်ဟု တရားဝင်ထုတ်ပြန်ချက် များတွင် ဖော်ပြ ထားသည်။

အလားတူ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုသည် ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သည့် အမေရိကန်ပြည်ထောင်စုကိုပါဆိုးဆိုး ရွားရွားထိခိုက်စေခဲ့သည်။ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုကြောင့် သေဆုံးခဲ့ရသူအရေအတွက်သည် နှစ်ပေါင်း ၄၀ အတွင်း HIV နှင့် AIDS ရောဂါပိုးကူးစက်မှုကြောင့် သေဆုံးသူဦးရေထက် ပိုမိုများပြားသည်ဟုဆိုသည်။

AIDS ရောဂါပိုးကူးစက်မှုသည် အမေရိကန်ပြည်ထောင်စုတွင် ၁၉၈၀ ပြည့်နှစ်များအတွင်း စတင်ဖြစ်ပွားခြင်းဖြစ်ပြီး အဆိုပါ ရောဂါပိုးကူးစက်မှုကြောင့် အနည်းဆုံးလူ ၇၀၀၀၀၀  သေဆုံးသွားသည်ဟုယူဆရပြီး ယခုဖြစ်ပွားသည့် ကိုဗစ်- ၁၉ရောဂါပိုး ကူးစက်မှု အတွင်း လူ  ၇၃၀၀၀၀ ခန့်သေဆုံးပြီးဖြစ်သောကြောင့် ကာကွယ်ဆေးထိုးနှံထားခြင်းသည်   လူသေမှုနှုန်းကို  လျှော့ချပေးနိုင်မည့် အလား အလာရှိသောကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကတိုက်တွန်းထားခြင်းဖြစ်သည်။

Ref: ST, The Guardian

မောင်ယုယ