ဒိန်းမတ်တွင် အစိုးရက ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်ကို တိုးမြှင့် လုပ်ဆောင်နေစဉ် ရောဂါပိုးကူးစက်မှုနှုန်း စံချိန်တင်မြင့်တက်

ဒိန်းမတ်တွင် အစိုးရက ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်ကို တိုးမြှင့် လုပ်ဆောင်နေစဉ် ရောဂါပိုးကူးစက်မှုနှုန်း စံချိန်တင်မြင့်တက်

ဒိန်းမတ်နိုင်ငံတွင်   အစိုးရက  နိုင်ငံအတွင်းရှိပြည်သူများအားကိုဗစ်-၁၉ရောဂါပိုး ကာကွယ်ဆေး ထိုးနှံမှုအစီအစဉ်ကို တိုးမြှင့်လုပ်ဆောင်နေစဉ် ရောဂါပိုး ကူးစက်မှုနှုန်းမှာ စံချိန်တင်မြင့်တက်လာကြောင်း ကျန်းမာရေး အာဏာပိုင် အဖွဲ့က ထုတ်ပြန်သည်။

အစိုးရသည် နိုင်ငံအတွင်းရှိ စုစုပေါင်း လူဦးရေ၏   ၇၅  ရာခိုင်နှုန်းကျော်ကို ကာကွယ်ဆေး ထိုးပေးပြီးဖြစ်သော်လည်း ပြီးခဲ့သည့် ၂၄  နာရီအတွင်းမှာပင်  လူ၁၃၄၉ ဦး ရောဂါပိုး ထပ်မံကူးစက်ခံရပြီး ၎င်းတို့အနက်  ၁၆၇ ဦးအား  ဆေးရုံသို့ ပို့ဆောင်၍ ကုသမှုပေးအပ်ခဲ့ရကြောင်း နိုင်ငံပိုင်သွေးရည်သိပ္ပံက ထုတ်ပြန်သည်။

ယင်းပမာဏသည်   ယခုနှစ်မေလမှစ၍ အမြင့်ဆုံးအဖြစ် စံချိန်တင်ခဲ့သည်။ နိုင်ငံအတွင်း လက်ရှိဖြစ်ပွားနေသည့် ရောဂါပိုး ကူးစက်မှုမြင့်တက်လာခြင်းသည် အဆိုးရွားဆုံး ပြဿနာတစ်ရပ် မဟုတ်သော်လည်း နောက်ရက်များတွင်  ရောဂါပိုး ကူးစက်မှုသည်  ထိုသို့ဆက်လက် မြင့်တက်လာမည် ဆိုပါက အစိုးရအနေဖြင့် ပိုမိုထိရောက်သည့် ဆောင်ရွက်ချက်များကို လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်ကြောင်း   Roskilde တက္ကသိုလ်မှ ကူးစက်ရောဂါပြန့်ပွားမှု ဆိုင်ရာ ကျွမ်းကျင်သူ ဗစ်ဂိုအန်ဒရေဆန်က ပြောသည်။

နိုင်ငံအတွင်း၌ ပြီးခဲ့သည့်နှစ်ကလည်း ရောဂါပိုးကူးစက်မှု  မြင့်တက်ခဲ့ကြောင်း၊ သို့သော်အစိုးရက ပြည်သူများကို ကာကွယ်ဆေး ထိုးပေးခြင်းကို  တိုးမြှင့် လုပ်ဆောင်နေစဉ် ရောဂါပိုး ကူးစက်မှုပြန်လည် မြင့်တက်လာခြင်းသည် အံအားသင့်ဖွယ်ကောင်းကြောင်း  အန်ဒရေဆန်က ဆက်ပြောသည်။

ဒိန်းမတ်အစိုးရသည်   နိုင်ငံအတွင်းရှိ လူဦးရေ ၅ ဒသမ ၈ သန်းအနက်  ၇၅ ရာခိုင်နှုန်းကျော်ကို ကာကွယ်ဆေး ထိုးပေးထားပြီး  နိုင်ငံအတွင်း ရောဂါပိုးကူးစက်မှု ထိန်းချုပ်ရေးအတွက်   ချမှတ်ထားသည့် ကန့်သတ်ချက်များကို အစိုးရက စက်တင်ဘာ လလယ်ခန့်တွင်   ပြန်လည် ဖယ်ရှားပေးခဲ့ကြောင်း သိရသည်။