အသက် ၅ နှစ်မှ ၁၁ နှစ်အရွယ် ကလေးငယ်များအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးနိုင်တော့မည်

အသက် ၅ နှစ်မှ ၁၁ နှစ်အရွယ် ကလေးငယ်များအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးနိုင်တော့မည်

အသက်  ၅ နှစ်မှ ၁၁ နှစ်အရွယ်ရှိ ကလေးသူငယ်များအား ထိုးနှံပေးနိုင်မည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ယခုနှစ် နိုဝင်ဘာ   ပထမလဝက်လောက်တွင် ထုတ်လုပ်နိုင်တော့မည်ဖြစ်သည်။ အဆိုပါ ကာကွယ်ဆေးများကို  သက်ဆိုင်ရာက ဦးစွာ စမ်းသပ်မည်ဖြစ်ပြီး စမ်းသပ်မှုများ အောင်မြင်၍ မျှော်လင့်ထားသည့် ရလဒ်များ ထွက်ပေါ်လာပါက ၅ နှစ်နှင့် ၁၁ နှစ်အရွယ် ကလေးသူငယ်များအား ယခုနှစ် အကုန်ပိုင်းတွင် အပြည့်အဝ ထိုးနှံပေးနိုင်မည်ဖြစ်သည်ဟု အမေရိကန်ရောဂါပိုးဆိုင်ရာ ကျွမ်းကျင်ပညာရှင် တစ်ဦးဖြစ်သူ အန်ထော်နီဖူစီက အောက်တိုဘာ၂၄ ရက်တွင် ပြောသည်။ ကလေးငယ်များ အတွက် ထုတ်လုပ်ထားသည့်   အဆိုပါ ကာကွယ်ဆေးများအား   ထိုးနှံပေးခြင်း မပြုမီ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့ တစ်ဖွဲ့ဖြစ်သည့် အမေရိကန်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ(CDC)ထံမှ အတည် ပြုချက်နှင့် အကြံပြုချက်များကို ရယူသွားမည်ဖြစ်သည်။

CDC သည်  လက်ရှိတွင်  ပြင်ပမှ အကြံပေးပုဂ္ဂိုလ်များ အဖွဲ့နှင့် ပူးပေါင်း၍ Pfizer နှင့် BioNTech တို့မှ ထုတ်လုပ်ထားသည့် ကာကွယ်ဆေးများကို အသက်အရွယ် ပိုမိုငယ်ရွယ်သည့် ကလေးများတွင် အသုံးပြုနိုင်ခြင်းရှိ၊ မရှိကို သုံးသပ်လျက်ရှိသည်။

အမေရိကန် ဆေးကုမ္ပဏီကြီး တစ်ခုဖြစ်သည့်  Pfizer  ကုမ္ပဏီကမူ ၎င်းတို့ထုတ်လုပ်ထားသည့် ကာကွယ်ဆေးကို ကလေးငယ်များတွင် ထိုးနှံပေးရာတွင် ထိရောက်မှုရှိ၊ မရှိကို စမ်းသပ်ရာ  ကာကွယ်ဆေးမှာ  အသက် ၅ နှစ်မှ ၁၁ နှစ်အရွယ် ကလေးငယ်များ အတွက်   ထိရောက်မှုရှိပြီး   ကိုဗစ်-၁၉ ရောဂါပိုးမှ   ကာကွယ်ပေးနိုင်သည်ဟု ဆေးကုမ္ပဏီက ပြောသည်။   အဆိုပါ ဆေးကုမ္ပဏီသည်  ၎င်းတို့၏ ကာကွယ်ဆေးအား  ကလေးငယ် ၂၂၆၉  ဦးတွင် စမ်းသပ်ထိုးနှံပေးခဲ့သည်။ ထိုသို့ကာကွယ်ဆေး ထိုးရာ၌ သာမန် ၁၂ နှစ်နှင့် အထက် ကလေးငယ်များအား  ထိုးပေးနေသည့် ဆေးပမာဏ၏ သုံးပုံတစ်ပုံကိုသာ ထိုးပေးခြင်းဖြစ်သည်။ ထိုသို့စမ်းသပ် လုပ်ဆောင်ရာတွင် သာမန်ထက် ပိုမိုသေးငယ်သော ဆေးထိုးအပ်များကို အသုံးပြုခြင်းဖြစ်သည်။

ထိုသို့စမ်းသပ် ထိုးပေးလိုက်သော ကာကွယ်ဆေးသည် အသက် ၅ နှစ်မှ ၁၁ နှစ်အရွယ်ရှိ ကလေးငယ်များတွင်    ဘေးအန္တရာယ် ကျရောက်ခြင်းမရှိဘဲ   ဆေးအာနိသင် ရှိကြောင်းကို တွေ့ရှိခဲ့သည်။ အဆိုပါ ကလေးငယ်များတွင် ထိုးပေးလိုက်သည့် ကာကွယ်ဆေးမှာ ကိုဗစ်-၁၉ ရောဂါပိုးကို ကာကွယ်ရာတွင် ၉၁ ရာခိုင်နှုန်းနီးပါး ထိရောက်မှု ရှိသည်ဟု    စမ်းသပ်မှုတွင် ပါဝင်သည့် သုတေသီများက ဆိုသည်။ ထို့ပြင် ကာကွယ်ဆေး ထိုးခြင်းခံရသည့် အသက် ၅ နှစ်မှ ၁၁ နှစ်အရွယ် ကလေးငယ်များတွင်လည်း ပြင်းထန်သည့် ဖျားနာမှုများ ဖြစ်ပေါ်ခြင်း မရှိသော်လည်း   ကာကွယ်ဆေးထိုးခြင်း မခံရသည့် ကလေးငယ်များနှင့် နှိုင်းယှဉ်ပါက အားနည်းသည့် လက္ခဏာများ ပြသခဲ့သည်ဟု ၎င်းကထပ်ပြောသည်။

Pfizer  ကုမ္ပဏီသည် အဆိုပါ စမ်းသပ်တွေ့ရှိချက်ကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း၌ ထုတ်ပြန်ပြီးနောက်  အစိုးရက အဆိုပါ ကာကွယ်ဆေးအား ကလေးငယ်များကို ထိုးနှံရာတွင် ဘေးအန္တရာယ် ကင်းရှင်းမှု ရှိ၊ မရှိနှင့် စပ်လျဉ်း၍ စဉ်းစားလျက်ရှိသည်။

သမ္မတဂျိုးဘိုင်ဒင် ဦးဆောင်သည့် အမေရိကန်အစိုးရသည်     လက်ရှိတွင် နိုင်ငံအတွင်းရှိ အသက် ၅ နှစ်မှ ၁၁ နှစ်အရွယ် ကလေးငယ်ဦးရေ  ၂၈  သန်းအတွက် ကာကွယ်ဆေးများ ထုတ်လုပ်ရန်  လိုအပ်သည့် ငွေကြေးများကို ပေးအပ်ပြီးဖြစ်သည်။ထို့ပြင်  နိုင်ငံအတွင်းရှိ   ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်း  ၂၅ဝဝဝ  ကျော်ကလည်း ကလေးငယ်များအား ထိုးပေးနိုင်မည့် ကာကွယ်ဆေးများကို တောင်းဆိုနေပြီ ဖြစ်သည်။ ထို့ကြောင့် အမေရိကန် အစိုးရအနေဖြင့် အသက် ၅ နှစ်မှ ၁၁ နှစ်အရွယ် ကလေးငယ်များအား  ထိုးပေးနိုင်မည့်ကာကွယ်ဆေးများအား အတည်ပြုနိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

အမေရိကန်အစိုးရသည်  လောလောဆယ်တွင် အသက် ၁၂ နှစ်နှင့် အထက် ကလေးငယ်များအား   ထိုးနှံပေးရာတွင် Pfizer  နှင့် BioNTech တို့က ထုတ်လုပ်ထားသည့် ကာကွယ်ဆေးကို အသုံးပြုရန် ခွင့်ပြုထားပြီးဖြစ်သည်။ သို့ရာတွင် အသက် ၅ နှစ်မှ ၁၁ နှစ်အရွယ် ကလေးများအား ထိုးနှံပေးနိုင်မည့် ကာကွယ်ဆေးအား  နိုဝင်ဘာ၂ ရက်နှင့် ၃ ရက်တို့တွင် ကျင်းပမည့် CDC အစည်းအဝေး၌ အတည်ပြုမည်ဖြစ်သည်ဟု ညွှန်ကြားရေးမှူး ရောချယ်ဝါလန်းစကီက တွေ့ဆုံမေးမြန်းခန်း တစ်ခုတွင်ပြောသည်။

ကလေးငယ်များသည် အရွယ်ရောက်ပြီး လူကြီးများနှင့် နှိုင်းယှဉ်ပါက  ရောဂါပိုး ကူးစက်မှုကြောင့်  ပြင်းထန်ဆိုးရွားသည့် ဖျားနာမှုဖြစ်ပွားမည့် အန္တရာယ်နည်းပါးပြီး အမေရိကန်ပြည်ထောင်စု တစ်ခုလုံးတွင် ကလေးသူငယ်ပေါင်း ၆  ဒသမ ၂ သန်းနီးပါး ရောဂါပိုး ကူးစက်ခံခဲ့ရသည်။ ပြီးခဲ့သည့် တစ်လကျော် ကာလအတွင်းမှာပင် တစ်နိုင်ငံလုံးရှိ ကလေးသူငယ် ၁ ဒသမ ၁ သန်းကျော်မှ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံခဲ့ရသည်ဟု လေ့လာသူများက ပြောသည်။ထို့ကြောင့် အမေရိကန် အစိုးရအနေဖြင့် နိုင်ငံအတွင်းရှိ ကာကွယ်ဆေး မထိုးပေးရသေးသည့်  အသက် ၅ နှစ်မှ ၁၁ နှစ်အရွယ် ကလေးငယ်များအား   ကာကွယ်ဆေး ထိုးပေးနိုင်ရေးအတွက် အရေးတယူ လုပ်ဆောင်နေဖွယ်ရှိသည်။

အလားတူ   အခြားဆေး ကုမ္ပဏီကြီး တစ်ခုဖြစ်သည့်   မော်ဒါနာ ကုမ္ပဏီသည် Pfizerနှင့် ပူးပေါင်း၍   အသက်ခြောက် လသား အရွယ်ကလေးများတွင် ထိုးပေးနိုင်မည့် ကာကွယ်ဆေးများကို  ထုတ်လုပ်ရန် ကြိုးပမ်းလျက်ရှိရာ  ၎င်းတို့၏ ကြိုးပမ်းမှု ရလဒ်များကို လာမည့်နှစ်တွင် တွေ့မြင်ရဖွယ် ရှိသည်။