ယူကရိန်းအား နေတိုးတပ်ဖွဲ့သို့ ဝင်ရောက်ရန် တားမြစ်နိုင်ခြင်း မရှိသော်လည်း အကျိုးဆက်ကို လျှော့ချနိုင်ဟု ရုရှားပြော

ယူကရိန်းအား နေတိုးတပ်ဖွဲ့သို့ ဝင်ရောက်ရန် တားမြစ်နိုင်ခြင်း မရှိသော်လည်း အကျိုးဆက်ကို လျှော့ချနိုင်ဟု ရုရှားပြော

ရုရှားနိုင်ငံအနေဖြင့်  ယူကရိန်းအား နေတိုးတပ်ဖွဲ့သို့   ဝင်ရောက်ခြင်း မပြုရန် တားမြစ်နိုင်ခြင်း မရှိသော်လည်း အကျိုးဆက်ကို လျှော့ချပေးနိုင်ကြောင်း ရုရှားအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က ပြောသည်။

ယူကရိန်းနိုင်ငံအား နေတိုးတပ်ဖွဲ့ဝင် အဖြစ် ဝင်ရောက်ခြင်းကို တားမြစ်နိုင်ခြင်း မရှိကြောင်း၊ သို့သော် ရုရှားနိုင်ငံ အနေဖြင့် ယူကရိန်းက ထိုသို့လုပ်ဆောင်ခြင်းကြောင့်ထွက်ပေါ်လာနိုင်သည့် အကျိုးဆက်များကို နည်းနိုင်သမျှနည်းစေရန်  လုပ်ဆောင် နိုင်ကြောင်း၊ ထို့ပြင် လိုအပ်သည့်ပြင်ဆင်မှုများကိုလည်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပက်စကော့က အောက်တိုဘာ၂၄ ရက်တွင် ပြောကြားသည်။

ရုရှားနိုင်ငံသည် နေတိုးတပ်ဖွဲ့၏ ရန်လိုမှုများ ရှိနေလင့်ကစား  ယင်းအဖွဲ့ကြီးနှင့် ဆက်ဆံရေး တိုးတက်စေရန်  အမြဲတစေ ထောက်ခံအားပေးခဲ့ကြောင်း၊ သို့သော် ရုရှားအစိုးရ၏ ကြိုးပမ်းမှုသည် အချည်းနှီးဖြစ်ခဲ့ရကြောင်း ၎င်းကဆက်ပြောသည်။

နေတိုးတပ်ဖွဲ့သည်  ရုရှားနိုင်ငံအား ပြိုင်ဘက်နိုင်ငံအဖြစ် သဘောထားသောကြောင့်ရုရှားအနေဖြင့် ယင်းအဖွဲ့နှင့် ဆက်ဆံရေးကို ဆိုင်းငံ့ခြင်းမှာ မှားယွင်းမှု မရှိကြောင်း ရုရှားအစိုးရက ပြောသည်။ ရုရှားနှင့်နေတိုး တပ်ဖွဲ့အကြား ဆက်ဆံရေးမှာ ရုရှားအစိုးရက ယူကရိန်းမှ ခရိုင်းမီးယားဒေသအား နိုင်ငံပိုင်နက်အတွင်းသို့ သွတ်သွင်းပြီးချိန်မှစ၍ယိုယွင်းလာခြင်းဖြစ်သည်။ ယင်းနောက်ပိုင်းတွင် နေတိုးတပ်ဖွဲ့သည် အရှေ့ဥရောပရှိ၎င်းတို့၏ အဖွဲ့ဝင်နိုင်ငံများ၌ စစ်အင်အား တိုးချဲ့ဖြန့်ကြက်လာခြင်းကြောင့် ရုရှားနိုင်ငံအား   စိုးရိမ်မကင်းဖြစ်လာစေကြောင်း သိရသည်။