ယူဂန်ဒါ၌ဖြစ်ပွားသော ဗုံးခွဲတိုက်ခိုက်မှုသည် ၎င်းတို့လက်ချက်ဖြစ်ဟု IS အဖွဲ့ပြော

ယူဂန်ဒါ၌ဖြစ်ပွားသော ဗုံးခွဲတိုက်ခိုက်မှုသည် ၎င်းတို့လက်ချက်ဖြစ်ဟု IS အဖွဲ့ပြော

ယူဂန်ဒါနိုင်ငံ ကမ်ပါလာမြို့တော်၌ အောက်တိုဘာ ၂၃ ရက်တွင် ဖြစ်ပွားခဲ့သော လူတစ်ဦး သေဆုံးစေသည့် ဗုံးခွဲတိုက်ခိုက်မှုသည် ၎င်းတို့၏ လက်ချက်ဖြစ်သည်ဟု IS စစ်သွေးကြွအဖွဲ့က ပြောထားကြောင်း အစီရင်ခံ စာတစ်စောင်တွင် ဖော်ပြထားသည်။

IS အဖွဲ့မှအကြမ်းဖက် အဖွဲ့ဝင်အချို့သည် ယူဂန်ဒါအစိုးရအား ထောက်ခံသူနှင့် သူလျှိုများစုဝေးရာ စားသောက်ဆိုင် တစ်ဆိုင်၌ ဖောက်ခွဲရေးပစ္စည်းများ တပ်ဆင်ကာဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်သည်။

ထုတ်ပြန်သည့် သတင်းအချက်အလက်များအရ ဈေးဝယ်သူ အယောင်ဆောင်ထားသော အမျိုးသားသုံးဦးက ထိုစားသောက်ဆိုင်အတွင်း ဝင်ရောက်ကာ ဖောက်ခွဲရေး ပစ္စည်းပါ ပလတ်စတစ်အိတ်ကို စားပွဲခုံအောက်တွင် ချထားပြီး ဗုံးမပေါက်ကွဲမီ ၎င်းတို့က  ဆိုင်အတွင်းမှ ထွက်သွားကြောင်း ရဲတပ်ဖွဲ့ကပြောသည်။

ဗုံးပေါက်ကွဲမှုအတွင်း အသက် ၂ဝ ရှိ စားပွဲထိုးတစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာ ရရှိသည်။ ထိုသုံးဦးအနက် နှစ်ဦးမှာ အရေးပေါ် အခြေအနေတွင်ရှိသည်ဟု   ရဲတပ်ဖွဲ့က ဆက်လက်ပြောသည်။

အဆိုပါ လုပ်ဆောင်ချက်သည် အကြမ်းဖက် တိုက်ခိုက်မှု တစ်ခုဖြစ်သည်ဟု ယူဆရကြောင်း ယူဂန်ဒါသမ္မတ ယိုဝီရီမူဆဲဗင်းနီ ကပြောသည်။