ဆေးဖက်ဝင်သော ကြိတ်မှန်ပင်

 

ကြိတ်မှန်

မျိုးရင်း- Compositae (နေကြာမျိုးရင်း)

ရုက္ခဗေဒအမည်- Eclipta Alba Hassk

အဓိကဆေးဖက်ဝင်ပုံ

ဆံပင်သန်ဆေး၊ ဆံပင်နက်ဆေး၊ သွားနာပျောက်ဆေး၊ မီးယပ်သွေးပေါ်ဆေး၊ သလိပ်သည်းခြေနာပျောက်ဆေးများ ဖော်စပ်ရာတွင် အသုံးပြုနိုင်သည်။ နားပင်းသောသူ၊ ဆွံ့အသောသူ၊ မျက်စိအမြင်မသန်စွမ်းသောသူများအတွက် ဆေးဖော်စပ်၍ ရေရှည်စားသုံးပေး လျှင် ပျောက်ကင်းစေနိုင်သည်။ နွားနို့နှင့်တွဲသောက်၍ အားဆေးအဖြစ်လည်းအသုံးပြုနိုင်သည်။

ပေါက်ရောက်သည့်ဒေသ

မြန်မာပြည်တစ်နံတစ်လျားတွင် သဘာဝအလျောက်ပေါက်ရောက်သည်။ မိုးရာသီတွင် ပို၍ပေါများစွာ ပေါက်ရောက်သည်။  စိမ့်စမ်းပေါသော အရပ်များတွင်  အပင်များသန်စွမ်းသည်။

ဆေးဖက်ဝင်အစိတ်အပိုင်း

ပဉ္စငါးပါးလုံးကိုအသုံးပြုနိုင်သည်။

အပင်ပုံသဏ္ဌာန်

တစ်နှစ်ခံပင်ငယ်ပင်ပျော့မျိုးဖြစ်သည်။ ၁ ပေခွဲ၊ ၂ ပေခန့်အထိမြင့်တက်သည်။ အရွက်စိမ်း၍ ခရမ်းရောင်ပင်စည်ရိုးတံပေါ်တွင် သေးငယ်သော အမွေးကြမ်းကလေးများရှိသည်။ အရွက်သည်ရွက်ဆိုင်ထွက်သည်။ ရှည်မျောမျောလှံစွပ်ပုံဖြစ်သည်။ အရွက်ထိပ်သည် ချွန်၍ ရွက်ရင်းသွယ်သည်။ ရွက်ညှာတိုသည်။ အရွက်၏ ထက်အောက်မျက်နှာပြင်နှစ်ခုလုံးတွင် သေးငယ်သော အမွေးကြမ်း ကလေးများရှိသည်။ ရွက်နားပတ်ချာလည် ခွေးသွားစိပ်ကလေးများရှိသည်။ အပွင့်သည် ပန်းခိုင်ကဲ့သို့ပွင့်ပြီး သေးငယ်သော အပွင့် ကလေးများ စုပေါင်းပြီး တစ်ပွင့်တည်းကဲ့သို့ ဖြစ်နေသည်။ ပန်းပွင့်သည် ခေါင်းလောင်းပုံသဏ္ဌာန်ဖြစ်၍ အဖြူရောင်သို့မဟုတ် အဝါရောင်ရှိသည်။ ပွင့်ခံရွက်ကြီး၍ ထင်ရှားသည်။ တပို့တွဲ၊ တပေါင်းလတို့တွင်ပွင့်သည်။

ဆေးဖက်ဝင်အသုံးပြုပုံ

မွေးရာပါဆံပင်ပါး၍ ဆံပင်မသန်သောကလေးများကို ကြိတ်မှန်ရွက်အခြောက်ကို အုန်းဆီဖြင့်စိမ်ထားပြီး ပုံမှန်လိမ်းပေးလျှင် ကျဲသော ဆံပင်ထူ၍ ဆံပင်အားကောင်းလာစေနိုင်သည်။ လူကြီးများထိပ်ပြောင်၍ ဆံပင်ကျွတ်ရောဂါဖြစ်လျှင် ကြိတ်မှန်ရွက်၊ မန်ကျည်းသီး၊ ဆီးဖြူသီးသုံးမျိုး၏ သတ္တုရည်တွင် သံမဏိမှုန့်ကိုရော၍ ညက်စွာကြိတ်ပြီးမှီဝဲခဲ့သော ဆံပင်ကျွတ်ခြင်း၊ ထိပ်ပြောင် ခြင်းများ ပျောက်ကင်း၍ ဆံပင်ပြန်ပေါက်လာပါလိမ့်မည်။ (ရှင်နာဂသိန်)

ဆံပင်နက်ဆေးအဖြစ် ကြိတ်မှန်ရွက်နှင့်နှမ်းနက်တို့ကို အလေးချိန်ဆတူယူ၍ အမှုန့်ပြုလုပ်ပြီးလျှင် တစ်လတိုင်အောင်စား၍ နွားနို့ကို အမြဲမှီဝဲခဲ့သော် အနာရောဂါကင်းစင်သည့်အပြင် ဆံပင်လည်းနက်လာပါလိမ့်မည်။ (ရှင်နာဂသိန်)

အသက်ရှည်အားတိုးဆေးအဖြစ် ကြိတ်မှန်ရွက်သတ္တုရည်ကို နွားနို့၊ တင်လဲ၊ စတုမဓူ စသည်များဖြင့် ရောစပ်၍ နေ့စဉ်ညအိပ်ရာ ဝင်ချိန်တိုင်းစားသုံးပေးနိုင်သည်။

ကိုယ်ရေဝါရောဂါ ခေါ် အသည်းရောင်အသားဝါရောဂါဖြစ်လျှင် ကြိတ်မှန်ရွက်သတ္တုရည်ကို ငရုတ်ကောင်းမှုန့်နှင့်ရော၍ နံနက်စော စောတွင် ဒိန်ချဉ်နှင့်ရောသောက်ပါ။ ခုနစ်ရက်ဆက်သောက်သော် ပျောက်ကင်းချမ်းသာလိမ့်မည်။ (ရှင်နာဂသိန်)

မီးလောင်နာ၊ အပူလောင်နာများဖြစ်လျှင် ကြိတ်မှန်ရွက် သတ္တုရည်နှင့်ပင်စိမ်းရွက်သတ္တုရည်ရောစပ်ပြီး လိမ်းပေးပါက အနာပျောက် ကင်း၍ အမာရွတ်များလည်း ပျောက်ကင်းစေနိုင်သည်။

ကလေးများနှာစေး၊ ချောင်းဆိုးဖြစ်လျှင် ကြိတ်မှန်ရွက်သတ္တုရည်အနည်းငယ်ကို ပျားရည်နှင့်ရောစပ်၍ အရွယ်ကိုလိုက်၍ ချင့်ချိန် တိုက်ကျွေးပါ။ ကလေးနှာပိတ်လျှင် ကြိတ်မှန်ရွက်၊ ခွေးသေးပန်းရွက်တို့ကို ရှိန်းခိုအနည်းငယ်ထည့်၍ ရောကြိတ်ပြီး ကလေးငယ် ထိပ်မှနှာခေါင်းအထိဆွဲချပေးက ပျောက်ကင်းစေနိုင်သည်။ ကျောပူ၊ ခေါင်းပူချွဲထဖြစ်လျှင် ငယ်ထိပ်တွင်ပါးပါးလိမ်းပေးရ၏။ ကလေး အညှော်မိ သန်ထ၊ ဝမ်းသွား၊ ကျောက်၊ ဝက်သက်၊ ရေကျောက်ရောဂါများဖြစ်လျှင် ကြိတ်မှန်ရွက်သတ္တုရည်ကို မိခင်နို့ရည်နှင့် ရောဖျော်ပြီး တိုက်ပေးနိုင်သည်။

အမျိုးသမီးများ မီးယပ်သွေးငုပ်လျှင် ကြိတ်မှန်ရွက်ကို ထန်းလျက်နှင့်ရောကျိုပြီး ဆားလှော်အနည်းငယ်ထည့်တိုက်လျှင် မီးယပ် သွေးပေါ်စေနိုင်သည်။ အကျိတ်နာဖြစ်ခဲ့လျှင် ကြိတ်မှန်ရွက်၊ ပင်စိမ်းရွက်၊ ရွေးဖြူရွက်၊ ဗုံလုံခါးရွက်တို့ကို အညီအမျှစီယူ၍ အားလုံး၏ သုံးဆကြိတ်မှန်ရွက်သတ္တုရည်တွင်ရောကြိတ်ပြီး အတောင့်ပြုလုပ်ထားပါ။ ၎င်းဆေးတောင့်ကို ဆန်ပုံးရည်နှင့်သွေး၍လိမ်းခဲ့သော် လေတုလာသရောအကြိတ်နာသည် လျင်စွာပျောက်ကင်းလိမ့်မည်။ (ရှင်နာဂသိန်)

နေလှည့်ခေါင်းကိုက်ရောဂါ ကြိတ်မှန်ရွက်သတ္တုရည်တွင် ဆိတ်နို့ကိုဆတူယူ၍ရောပြီး နေတွင်လှန်းပါ။ ပူနွေးလာသောအခါ နှာဝတွင် ရှူပေးလျှင် နေလှည့်ခေါင်းကိုက်ရောဂါပျောက်ကင်းလိမ့်မည်။(ရှင်နာဂသိန်)

ပြဒါးအဆိပ်သင့်နာဖြစ်လျှင်   ကြိတ်မှန်ရွက်သတ္တုရည်၊ ပေါက်ပန်းဖြူရွက်သတ္တုရည်၊ ဆော်ဒါအမှုန့်တို့ကို  ပုံးရည်နှင့်ရော၍ တစ်နေ့ လျှင် သုံးကျပ်သားမျှသောက်ခဲ့သော် ပြဒါးများသည်  ကျင်ငယ်လမ်းကြောင်းမှသက်ဆင်း၍  ပြဒါးဆိပ်များ ပြေပျောက် သွားလိမ့် မည်။(ရှင်နာဂသိန်)

ကြည်လွင်မြင့်(မုဒြာ)