မြန်မာနိုင်ငံတွင်မကူးစက်နိုင်သော ရောဂါများဖြစ်ပွားမှုနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ဆေးလိပ်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေး ဆောင်ရွက်မှုများ

မြန်မာနိုင်ငံတွင်မကူးစက်နိုင်သော ရောဂါများဖြစ်ပွားမှုနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ဆေးလိပ်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေး ဆောင်ရွက်မှုများ

ယနေ့ ကမ္ဘာတစ်ဝန်းတွင် ဆီးချို၊ သွေးတိုး၊ နှလုံး၊ ကင်ဆာ၊ နာတာရှည်အဆုတ်နှင့် အသက်ရှူလမ်းကြောင်း ရောဂါများစသည့် မကူးစက်နိုင်သောရောဂါ (Non-Communicable Diseases) များကြောင့် နှစ်စဉ်လူဦးရေ ၄၁ သန်းကျော် အသက် ဆုံးရှုံးနေရပြီး တစ်ကမ္ဘာလုံး သေဆုံးမှုအားလုံး၏ ၇၁ ရာခိုင်နှုန်းဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အချက်အလက်များအရ ဝင်ငွေနည်း ပါးသော ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အသက် ၃၀ နှစ်နှင့် ၆၉ နှစ် ကြား သေဆုံးမှုအားလုံး၏ ၈၅  ရာခိုင်နှုန်းသည် မကူးစက်နိုင်သော ရောဂါများ ကြောင့် အသက်ဆုံးရှုံးနေရကြောင်း လေ့လာတွေ့ရှိရပါသည်။ မြန်မာနိုင်ငံတွင်လည်း ၂၀၁၆ ခုနှစ်၌ ဆေးရုံတက်လူနာ သေဆုံးမှု အားလုံး၏ ၄၂ ရာခိုင်နှုန်းသည် မကူးစက်နိုင်သောရောဂါများကြောင့် သေဆုံးနေရကြောင်း တွေ့ရှိရပါသည်။ မကူးစက်နိုင်သော ရောဂါများ ဖြစ်ပွားရသည့် အဓိက အကြောင်းရင်းများမှာ ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲခြင်း၊ အရက်အလွန်အကျွံသောက်သုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်းနှင့် ကျန်းမာရေးနှင့် မညီညွတ်သော အစားအစာများ စားသုံးခြင်းတို့ကြောင့် ဖြစ်သည်။

မြန်မာနိုင်ငံတွင် အရွယ်ရောက်ပြီးသူများ၏ ၅၄ ဒသမ ၄ ရာခိုင်နှုန်းသည် ဆေးလိပ်၊ ဆေးရွက်ကြီး တစ်မျိုးမျိုးကို သုံးစွဲနေကြပြီး ၂၆ ဒသမ ၁ ရာခိုင်နှုန်းမှာ လတ်တလော ဆေးလိပ်သောက်သုံးနေသူများ ဖြစ်၍ ၄၃ ဒသမ ၂ ရာခိုင်နှုန်းမှာ ဆေးရွက်ကြီးနှင့်ဆေးရွက် ကြီးထွက်ပစ္စည်းများကို ကွမ်းယာထဲတွင် ထည့်၍ စားသုံးနေကြောင်း ၂၀၁၄ ခုနှစ်တွင် ဆောင်ရွက်ခဲ့သော စစ်တမ်းများအရ သိရသည်။  အသက် ၁၃ နှစ် နှင့် ၁၅ နှစ်ကြား ကျောင်းသားလူငယ်များအကြား စစ်တမ်းကောက်ယူခဲ့သည့် Global Youth Tobacco Survey (GYTS 2016) အရ ဆေးလိပ်သောက်သုံးသူ အမျိုးသား ၂၁ ရာခိုင်နှုန်း၊ အမျိုးသမီး ၂  ရာခိုင်နှုန်း တွေ့ရှိရပြီး ဆေးရွက်ကြီး သုံးစွဲသူ အမျိုးသား ၁၁ ရာခိုင်နှုန်း၊ အမျိုးသမီး ၂  ရာခိုင်နှုန်းကိုတွေ့ရှိရသည်။ ကျောင်းသားလူငယ် သုံးဦးအနက် တစ်ဦးမှာ နေအိမ်တွင် တစ်ဆင့်ခံဆေးလိပ်ငွေ့ကို ရှူရှိုက်နေရပြီး ၁၀ ဦးအနက် သုံးဦးမှာ အများပြည်သူနှင့် သက်ဆိုင် သောနေရာများတွင် တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကို ရှူရှိုက်နေရကြောင်း စိုးရိမ်ဖွယ်ရာတွေ့ရှိရပါသည်။ ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲမှုကြောင့် ကမ္ဘာပေါ် တွင် နှစ်စဉ်လူဦးရေ ရှစ်သန်းကျော် အသက်ဆုံးရှုံးနေရပြီး ထိုအထဲမှ တစ်သန်းကျော်သည် တစ်ဆင့်ခံဆေးလိပ်ငွေ့ကြောင့် အသက်ဆုံးရှုံးနေရပြီး အများစုမှာ အမျိုးသမီးနှင့် ကလေးငယ်များ ဖြစ်ကြသည်။

ဆေးလိပ်ဆေးရွက်ကြီးသုံးစွဲမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အဟန့်အတားဖြစ်နေ

မြန်မာနိုင်ငံတွင်  ဆေးလိပ်နှင့် ဆေးရွက်ကြီး သောက်သုံးမှုကြောင့် နှစ်စဉ်လူဦးရေ ၆၄၀၀၀ ခန့်ရောဂါများဖြစ်ပွား၍ အသက်ဆုံးရှုံး နေရပြီး ၂၀၁၆ ခုနှစ်တွင် နိုင်ငံတော်အနေဖြင့် ဆေးလိပ်နှင့်ဆေးရွက်ကြီးသောက်သုံးမှုကြောင့်ဖြစ်ပွားသော ရောဂါများအတွက် ကျန်းမာရေး အသုံးစရိတ် မြန်မာငွေကျပ် ၃၀၇ ဒသမ ၄ ဘီလီယံ ကုန်ကျခံခဲ့ရပြီး ရောဂါများဖြစ်ပွားခြင်းကြောင့် အရွယ်မတိုင်မီ သေဆုံးခြင်း၊ မသန်စွမ်းဖြစ်ခြင်းတို့ကြောင့် စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး (GDP) ၏ ၃ ဒသမ ၃ ရာခိုင်နှုန်းနှင့်ညီမျှသော မြန်မာငွေကျပ် ၂ ဒသမ ၆ ထရီလီယံခန့် ဆုံးရှုံးနေ ရကြောင်း ၂၀၁၈ ခုနှစ်တွင် ဆောင်ရွက်ခဲ့သည့် Investment Case Study အရ သိရသည်။ ကပ်အသွင်ဖြစ်ပွားလာသည့် ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲမှုသည် ပြည်သူကျန်းမာရေးကိုများစွာ ထိခိုက်စေပြီး ပြည်သူလူထုအား ဆင်းရဲတွင်း ပိုနက်စေရုံသာမက နိုင်ငံ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ပန်းတိုင်များ ပြည့်မီရေး အတွက် ကြီးမားသော အဟန့်အတား တစ်ခုဖြစ်နေ ကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် (UNDP) ၏ အစီရင်ခံစာများ တွင် အတိအလင်းဖော်ပြထားပြီးဖြစ်သည်။

မြန်မာနိုင်ငံ၏ ဆေးလိပ်ဆေးရွက်ကြီးသုံးစွဲမှု ထိန်းချုပ်ရေးသမိုင်းကြောင်း

မြန်မာနိုင်ငံတွင် သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်မှစတင်၍ ဆေးလိပ်နှင့် ဆေးရွက်ကြီးသောက်သုံးမှုထိန်းချုပ်ရေးကို အမျိုးသား ကျန်းမာရေး စီမံကိန်းတွင် ထည့်သွင်း၍ ဦးစားပေးလုပ်ငန်းတစ်ရပ်အနေဖြင့် ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ ဆေးရွက်ကြီးထိန်းချုပ်မှု အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း (WHO Framework Convention on Tobacco Control WHO FCTC) ကို ၂၀၀၃ ခုနှစ် အောက်တိုဘာလတွင် လက်မှတ်ရေးထိုး၍ ၂၀၀၄ ခုနှစ် ဧပြီလတွင် ၁၁ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့သည်။ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ကြောင့် ကျန်းမာရေး ထိခိုက်စေနိုင်ကြောင်း အများပြည်သူတို့ နားလည်သဘောပေါက်ပြီး ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုမှ ရှောင်ကြဉ်နိုင်စေရန်၊ ဆေးလိပ် ငွေ့ကင်းစင်သည့် ပတ်ဝန်းကျင်ကို ဖန်တီးခြင်းဖြင့် အများပြည်သူတို့၏ ကျန်းမာရေးကို ထိခိုက်စေသည့် အန္တရာယ်မှကာကွယ်ရန်၊ ကလေးသူငယ်များအပါအဝင် အများပြည်သူတို့ကို ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက်ပစ္စည်း သောက်သုံးခြင်း အလေ့အထမှ တားဆီးကာကွယ်ခြင်းဖြင့် ကျန်းမာသော နေထိုင်မှုဘဝရရှိစေရန်စသည့် ရည်ရွယ်ချက် များဖြင့် ၂၀၀၆ ခုနှစ် မေလတွင် “ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက်ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဥပဒေ” (The Control of Smoking and Consumption of Tobacco Product Law) ကို ပြဋ္ဌာန်း၍ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဆေးရွက်ကြီး သောက်သုံးမှုထိန်းချုပ်ရေးအတွက် အထိရောက်ဆုံး နည်းလမ်းများအဖြစ် အကြံပြုထားသည့် MPOWER လုပ်ထုံး လုပ်နည်းများအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။

MPOWER ဆိုသည်မှာ -

* Monitor tobacco Use and Prevention Policies (M)

* Protect people from exposure to tobacco smoke (P)

* Offer help to quit tobacco (O)

* Warn about the Dangers of Tobacco(W)

* Enforce Bans on Tobacco Advertising, Promotion and Sponsorship (E)

* Raise Taxes on Tobacco (R)

တို့ဖြစ်ပြီး လုပ်ထုံးလုပ်နည်းများကို အတိုကောက် အင်္ဂလိပ်စကားလုံးများဖြင့် သုံးနှုန်းထားခြင်းဖြစ်ပြီး အဆိုပါ လုပ်ထုံးလုပ်နည်း များအနက်မှ  Warn about the Dangers of Tobacco ပြည်သူ လူထုအား ဆေးလိပ်နှင့် ဆေးရွက်ကြီးအန္တရာယ် အသိပေးခြင်းသည် ဆေးလိပ်နှင့်ဆေးရွက်ကြီး ထွက်ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးတွင် လွန်စွာအရေးပါသော လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သည်။

ပြောင်းလဲကျင့်သုံးရန် လိုအပ်လာခြင်း

WHO Framework Convention on Tobacco Control (WHO FCTC) အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းပါ  ပြဋ္ဌာန်းချက်များဖြစ်သည့် (Article 11) အရ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ၏ ထုပ်ပိုးပစ္စည်းများတွင် ကျန်းမာရေး သတိပေးရုပ်ပုံနှင့် စာသားများ ထည့်သွင်း၍ ပြည်သူလူထုအား ဆေးလိပ်နှင့်ဆေးရွက်ကြီးအန္တရာယ် အသိပေးဆောင်ရွက်ရမည် ဖြစ်သည်။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုကြောင့် ကျန်းမာရေး ထိခိုက်စေ နိုင်ကြောင်းကို အများပြည်သူတို့ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည် စေရန်ရည်ရွယ်၍ ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲမှုကြောင့် ဖြစ်ပွားတတ်သောရောဂါများကို သတိပေးဖော်ပြသည့် “ဆေးလိပ်ထုပ်တွင် သတိပေးရုပ်ပုံနှင့် စာသားများပုံနှိပ်ဖော်ပြခြင်းဆိုင်ရာ အမိန့်” အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းပါပြဋ္ဌာန်းချက်နှင့်အညီ  ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

နိုင်ငံတကာအတွေ့အကြုံများ၊ သုတေသနအချက်အလက်များအရ (Standardized Packaging on Tobacco Products) ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက်ပစ္စည်းများကို စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုး၍ကျန်းမာရေး သတိပေး ရုပ်ပုံနှင့်စာသားများ ပုံနှိပ်ဖော်ပြခြင်းသည် သောက်သုံးမှုကို ထိရောက်စွာ လျော့ကျစေသည့်အပြင် ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲမှု ဖြတ်တောက်သည့်နှုန်း (Quit Rate)ကို သိသာထင်ရှားစွာ မြင့်မားလာစေကြောင်းတွေ့ရှိလာရသည့်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ဆေးရွက်ကြီး ထိန်းချုပ်ရေး အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းတို့မှ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အဆိုပါ နည်းလမ်းကို အမြန်ဆုံး အကောင်အထည် ဖော်ဆောင်ရွက်ရန် အကြံပြုတိုက်တွန်းထားပါသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာန၊ ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်မှု အစီအစဉ် (UNDP)၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)နှင့်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဆေးရွက်ကြီး ထိန်းချုပ်မှု အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း အတွင်းရေးမှူးအဖွဲ့ WHO Framework Convention on Tobacco Control (WHO FCTC Secretariat) တို့ ပူးပေါင်း၍ ၂၀၁၉ ခုနှစ်တွင် ပြုစုထားသော “မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များအတွက် အရှိန်အဟုန်မြှင့် တင်ပေးမည့် ဆေးလိပ်နှင့်ဆေးရွက်ကြီးထိန်းချုပ်ရေး” မူဝါဒတွင်လည်း ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ် ချက်များနှင့်အညီ ထုပ်ပိုးခြင်းလုပ်ငန်းကို အခြားဆေးလိပ်နှင့် ဆေးရွက်ကြီးထိန်းချုပ်ရေးလုပ်ငန်းများဖြင့် တွဲဖက်ဆောင်ရွက် မည်ဆိုပါက မြန်မာနိုင်ငံအနေဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ပန်းတိုင် (၃) ပါ မျှော်မှန်းချက်ဖြစ်သည့် လူတိုင်း ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိမည်ဖြစ်သည်။

စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးခြင်းဆိုသည်မှာ

ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက်များနှင့်အညီထုပ်ပိုးခြင်း ဆိုသည်မှာ တစ်ပြေးညီ သတ်မှတ်ထားသော အရောင်၊ စာသား အစရှိသည့် သတ်မှတ်ချက်များအတိုင်း  ထုတ်လုပ်ထားသော ထုပ်ပိုးပစ္စည်းများကို အသုံးပြု၍ ထုတ်လုပ်ခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အချက်အလက်များအရ စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးခြင်းဖြင့် ဈေးကွက် အတွင်း အရောင်အသွေးမျိုးစုံ၊ ထုပ်ပိုးမှုပုံစံမျိုးစုံ၊ အရောင်းမြှင့်တင်မှုနည်းပညာမျိုးစုံဖြင့် ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက်ပစ္စည်း များကို သုံးစွဲလာအောင် ဆွဲဆောင်နေမှုကို အားနည်းစေပြီး ကျန်းမာရေးသတိပေးရုပ်ပုံနှင့်စာသားများ ပိုမိုထင်ရှားလာစေသည့် အတွက် ပြည်သူလူထုမှ ဆေးလိပ်နှင့်ဆေးရွက်ကြီးအန္တရာယ်ကို ပိုမိုသတိထားဆင်ခြင်လာနိုင်မည်ဖြစ်သည်။   သုံးစွဲလက်စ ပြည်သူ များ သုံးစွဲမှုလျှော့ချနိုင်စေရန်နှင့် သုံးစွဲမှုကို ဖြတ်တောက်စေရန်  များစွာအထောက်အကူပြု သည့်အပြင် ကျောင်းသား လူငယ်များ အတွင်း လူငယ်သဘာ၀   စမ်းသပ်သုံးစွဲမှုအန္တရာယ်မှလည်း ကာကွယ်နိုင်မည်ဖြစ်သည်။  အရှေ့တောင်အာရှဒေသတွင် အိမ်နီးချင်း နိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံတို့တွင် စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးခြင်းကို ပြဋ္ဌာန်းဆောင်ရွက်လျက်ရှိပြီး ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၁၉ နိုင်ငံတွင် အဆိုပါနည်းလမ်းကို ကျင့်သုံးဆောင်ရွက်နေကြပြီဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ကြီးမှူး၍ နိုင်ငံတကာမှ နည်းပညာဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ ဥပဒေပညာရှင်များနှင့် ဆက်စပ် ဝန်ကြီးဌာနများမှ ကျွမ်းကျင်ပညာရှင်များပါဝင်၍ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက်ပစ္စည်း များကို စံသတ်မှတ်ချက်များ နှင့်အညီ ထုပ်ပိုးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပဆောင်ရွက်ခဲ့ပြီး အလုပ်ရုံ ဆွေးနွေးပွဲရလဒ်များ အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် ကျန်းမာရေးဝန်ကြီးဌာန၏ အမိန့် အမှတ် ၄၅၃/၂၀၂၁ ဖြင့် “ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးခြင်းနှင့် ကျန်းမာရေး သတိပေးရုပ်ပုံနှင့် စာသားများ ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာအမိန့်” ထုတ်ပြန်ခဲ့သည်။

“ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးခြင်းနှင့် ကျန်းမာရေးသတိပေးရုပ်ပုံနှင့် စာသားများ ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာအမိန့်” ပါ ပြဋ္ဌာန်းချက်များကို ဆေးလိပ်နှင့်ဆေးရွက်ကြီးလုပ်ငန်းရှင်များနှင့် ပြည်သူလူထုက တိကျစွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်   ဆေးလိပ်နှင့်ဆေးရွက်ကြီး သောက်သုံးမှုကို လျော့နည်းကျဆင်းစေမည့်အပြင်  ပြည်သူ လူထုအတွင်း မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားသေဆုံးမှုကို ၂၀၂၅ ခုနှစ်တွင် သုံးပုံ တစ်ပုံ လျှော့ချခြင်းကို အထောက်အကူပြု မည်ဖြစ်ကာ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုပန်းတိုင်များကို အမြန်ဆုံးတက်လှမ်းနိုင်မည်ဖြစ်ကြောင်း အသိပေးတင်ပြအပ်ပါသည်။    ။

ဒေါက်တာကျော်ကံကောင်း

(ပြည်သူ့ကျန်းမာရေးဦးစီးဌာန)