ဖားဆောင်းမြို့နယ်၌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကျေးရွာအရောက် ကွင်းဆင်း ထိုးနှံပေး

ဖားဆောင်းမြို့နယ်၌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကျေးရွာအရောက် ကွင်းဆင်း ထိုးနှံပေး

ကယားပြည်နယ်  ဘောလခဲခရိုင် ဖားဆောင်းမြို့နယ်  ဝမ်အောင်းကယား ကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်မျှ ထိုးနှံရခြင်း မရှိသေးသည့်  ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအသုတ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို အောက်တိုဘာ ၂၆ ရက် နံနက် ၉ နာရီတွင် အဆိုပါကျေးရွာဓမ္မာရုံ၌ ဆောင်ရွက်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ကျန်းမာရေး ဦးစီးဌာနမှ သူနာပြု(၁)ဒေါ်သက်သက်ထွေးနှင့် ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာခြင်း၊ ဆီးချို၊ သွေးတိုး စသည့်ရောဂါများ စစ်ဆေးပေးခြင်းများ ပြုလုပ်ပြီးမှသာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးပြီး ဆေးထိုးနှံပြီးပါက ဘေးထွက်ဆိုးကျိုးရှိ၊မရှိ မိနစ် ၃ဝ ခန့် စောင့်ဆိုင်းစေသည်။

ထို့ပြင် ဖားဆောင်းမြို့နယ် တောင်ပေါ် ကျေးရွာတွင်လည်း   ခဲမဖြူ ကျေးလက် ကျန်းမာရေးဌာန ကျန်းမာရေးမှူး ဒေါ်သိမ့်သိမ့်ထိုက်နှင့် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်မျှ ထိုးနှံရခြင်း မရှိသေးသည့် ဒေသခံပြည်သူများနှင့် ဒုတိယအကြိမ် ထိုးနှံရမည့်  ဒေသခံ ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးကြောင်းသိရသည်။

ယင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း ဆောင်ရွက်ပေးနေမှုကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများက ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြကြောင်း သိရသည်။     

အလားတူ ကယားပြည်နယ် ဘောလခဲခရိုင် မယ်စဲ့မြို့နယ်တွင် ဒေသခံပြည်သူများ၊ ဝန်ထမ်းများနှင့် မသန်စွမ်းသူများအား ဆေးထိုးစုရပ် အသီးသီး၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ  လူဦးရေ ၃၈၅ ဦးအား ထိုးနှံပေးလျက် ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ  ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

မယ်စဲ့မြို့နယ်တွင်   ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသော  နိုင်ငံ့ဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် မသန်စွမ်းသူများအား ဒုတိယအသုတ်  ဒုတိယအကြိမ်အဖြစ်   မြို့နယ်ခန်းမ၌ လူဦးရေ ၆ဝ ဦး၊ ဟိုစဲ့ကျေးရွာ ဆေးထိုးစုရပ်၌ ၉ဝ ဦး၊ နမ့်မန်းကျေးရွာ ဆေးထိုးစုရပ်၌ ၈၅ ဦး၊ မယ်ဆည်နမ် ဆေးထိုးစုရပ်၌ ၁၅ဝ ဦး၊ ဆေးထိုးစုရပ်အသီးသီး၌   စုစုပေါင်း လူဦးရေ ၃၈၅ ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးရာတွင်  မြို့နယ်အတွင်းရှိ လူဦးရေ ၉ဝဝ ခန့်ကို  ဒုတိယအကြိမ် ထိုးနှံပေးရန် ရည်မှန်းထားပြီး  ကာကွယ်ဆေး ထိုးနှံရန်   ကျန်ရှိသူများ မရှိစေရေး ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။