ထိုင်းနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာဖြေလျှော့မှုများ

ထိုင်းနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာဖြေလျှော့မှုများ

ထိုင်းနိုင်ငံတွင် ၂၄-၁၀-၂၀၂၁ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအနေဖြင့် စုစုပေါင်းပိုးတွေ့ရှိသူ ၁၈၅၉၁၅၇ ဦး၊ စုစုပေါင်း သေဆုံးသူ ၁၈၇၉၉ ဦး၊ ခုနစ်ရက်ပျမ်းမျှပိုးတွေ့ရှိသူ ၉၈၈၆ ဦးနှင့် ခုနစ်ရက်ပျမ်းမျှ သေဆုံးသူ ၆၉ ဦး ရှိသည်။

ထိုင်းနိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁ ရက်မှစတင်၍  ပြည်ပခရီးသည်ဝင်ရောက်မှုများအား  စိစစ်ခွင့်ပြုပေးမည်ဖြစ်ကြောင်း သိရှိရသည်။ ပထမအဆင့်အနေဖြင့် နိုင်ငံပေါင်း ၄၆ နိုင်ငံမှ ခရီးသည်များအား ၎င်းတို့နိုင်ငံတွင် ကိုဗစ်-၁၉ စစ်ဆေးမှုအရ ပိုးမတွေ့ အဖြေရလဒ်ပြနိုင်သူများအား ထိုင်းနိုင်ငံသို့ရောက်လျှင်ရောက်ချင်း တစ်ကြိမ်စစ်ဆေးပြီးနောက် ပိုးမတွေ့ရှိပါက နိုင်ငံတွင်း ခရီးသွား လာခွင့်ပြုမည်ဖြစ်ပြီး ကျန်နိုင်ငံများမှလာရောက်သူများမှာမူ  Quarantine တစ်ပတ်ဝင်ရမည်ဖြစ်ကာ ပိုးမတွေ့မှသာ ခရီးသွားလာ ခွင့်ပြုမည်ဖြစ်ကြောင်း သိရှိရသည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နောက်ပိုင်းတွင် အချို့နိုင်ငံများမှခရီးသွားများအား ထပ်မံ၍ ဖြေလျှော့မှုများပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ ထိုသို့ နိုင်ငံများအားသတ်မှတ်ရာတွင် ကာကွယ်ဆေးထိုးနှံပြီးစီးမှုရာခိုင်နှုန်း၊ လက်ရှိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အခြေအနေ စသည်တို့အပေါ်မူတည်၍သတ်မှတ်ကြောင်း သိရှိရသည်။

ခရီးသွားလုပ်ငန်းကို အဓိကအားပြုသော ထိုင်းနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် တစ်နှစ်ခွဲခန့် ပိတ်ပင်မှုများ ဆောင်ရွက် ခဲ့ရသဖြင့် လူမှုစီးပွားဘဝများထိခိုက်ခဲ့ရသည်။ ပြည်သူလူထု၏ အသက်အန္တရာယ်လုံခြုံစိတ်ချရမှုနှင့် လူမှုစီးပွားဘဝများကို ချိန်ဆ ကာ ပြန်လည်ဖွင့်လှစ်ရေး အရဲစွန့်ဆောင်ရွက်ခဲ့ရကြောင်း ထိုင်းနိုင်ငံဝန်ကြီးချုပ်က ၎င်း၏မိန့်ခွန်းတွင် ထည့်သွင်းပြောကြား သွားခဲ့သည်။

ထိုင်းနိုင်ငံအနေဖြင့် ယခုကဲ့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ တားမြစ်ချက်များအား ဖြေလျှော့ပေးနိုင်ရေး စီစဉ်ရာတွင်  အဓိကအားဖြင့် ကာကွယ်ဆေးထိုးနှံပြီးစီးမှုအပေါ်တွင် အခြေခံစဉ်းစားခဲ့ကြောင်းသိရှိရသည်။ ၎င်းတို့အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုကို ၂၀၂၁ ခုနှစ် မေလမှစတင်ခဲ့သည်။

၂၀၂၁ ခုနှစ် မေလတွင် ကာကွယ်ဆေးအကြိမ်ရေ လေးသန်း၊ ဇူလိုင်လတွင် ၁၂ သန်း၊ သြဂုတ်လတွင် ၁၄ သန်းနှင့် ၂၀၂၁ ခုနှစ် နှစ်ကုန်အထိ တစ်လလျှင် ၂၀ သန်းနှုန်းဖြင့် စုစုပေါင်းအကြိမ်ရေ ၁၇၀ သန်းခန့်ထိုးနှံမည်ဖြစ်ကြောင်း သိရှိရသည်။ ကာကွယ်ဆေး ထိုးနှံမှုအား ရက်ပေါင်း ၁၂၀ စီမံချက်သတ်မှတ်၍ ဆောင်ရွက်နေကြောင်း၊ စတင်ထိုးနှံခဲ့သည့် မေလအတွင်း တစ်ရက်လျှင် ရှစ်သောင်းခန့်ထိုးနှံနိုင်ခဲ့ရာမှ  ယခုအခါ တစ်ရက်လျှင်ခုနစ်သိန်းခန့်၊ အချို့ရက်များတွင် တစ်သန်းကျော်ထိုးနှံကြောင်းသိရှိရသည်။

ထိုင်းနိုင်ငံအနေဖြင့် ၎င်းနိုင်ငံ၏ ဒေသများ၊ စီရင်စုများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအပေါ်မူတည်၍ အနီရင့်ရောင်၊ အနီရောင်၊ လိမ္မော်ရောင်ဟူ၍ ဇုန်များသတ်မှတ်ကာ အများပြည်သူဆိုင်ရာ တားမြစ်ပိတ်ပင်မှုများ၊ ဥပဒေများထုတ်ပြန်ထားရှိပြီး ကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ လူစုလူဝေးခွင့်ပြုချက်အနေဖြင့် အနီရင့်ရောင်သတ်မှတ်ထားသည့် ဒေသများတွင် ၅၀ ဦး၊ အနီရောင် သတ်မှတ်ထားသည့်ဒေသများတွင် ၁၀၀ ဦး၊  လိမ္မော်ရောင်သတ်မှတ်ထားသည့်ဒေသများတွင် ၂၀၀ ဦးဟူ၍ အများဆုံး စုဝေးနိုင်သည့် လူပမာဏကို ကန့်သတ်ထားရှိသည်။ စီးပွားရေးလုပ်ငန်းများခွင့်ပြုမှုအနေဖြင့် အနီရင့်ရောင်သတ်မှတ်ထားသည့် ဒေသများတွင် ည ၁၀ နာရီအထိ၊ အနီရောင်သတ်မှတ်ထားသည့်ဒေသများတွင် ည ၁၁ နာရီအထိဖြစ်ပြီး လိမ္မော်ရောင် သတ်မှတ် ထားသည့် ဒေသများတွင် အချိန်သတ်မှတ်ချက်မရှိကြောင်း တွေ့ရှိရသည်။ ထိုင်းနိုင်ငံသည် အဓိကအားဖြင့် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းဖွံ့ဖြိုးသည့်နိုင်ငံဖြစ်သောကြောင့် ညပိုင်းအချိန်များအား  ထိုကဲ့သို့ သတ်မှတ်ဆောင်ရွက်ရခြင်းဖြစ်သည်။  ကာရာအိုကေများ၊ နိုက်ကလပ်များ၊  အပန်းဖြေစားသောက်သည့်နေရာများကိုမူ  ပိတ်ပင်တားမြစ်ထားဆဲဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံတကာတွင် ကာကွယ်ဆေးလွှမ်းခြုံနိုင်မှုကို  မြန်မြန်ဆန်ဆန် တိုးမြှင့်နိုင် ရေး မဟာဗျူဟာကျကျ လုပ်ဆောင်လျက်ရှိသည်။ နိုင်ငံတကာအတွေ့အကြုံများအရ ကိုဗစ်-၁၉ ရောဂါသည် လူအများအပြား မှာဖြစ်ပွားပြီး ကိုယ်ခံအားများရလာသော်လည်း  လပိုင်းအတွင်းတွင် ပြန်လည်ကျဆင်းသွားတတ်သဖြင့် ကာကွယ်ဆေး ဆက်လက် ထိုးနှံကြဖို့  အရေးကြီးကြောင်း၊ ကိုဗစ်-၁၉ ဖြစ်ပြီးသော်လည်း  ထပ်မံ၍ကူးစက်မှုမခံရနိုင်ဟု မှားယွင်းစွာမယူဆဘဲ ကိုဗစ်-၁၉ ကာကွယ်ဆေးဆက်လက် ထိုးနှံဖို့အရေးကြီးကြောင်း  အကြံပြုပြောဆိုလာကြသည်။ ထို့ပြင်  ကိုဗစ်-၁၉ ကာကွယ်ဆေးကို မြို့ရော နယ်ပါ မျှတအောင်ထိုးနှံဖို့အရေးကြီးသည်။ အင်္ဂလန်နိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးကို မြို့ပြရောကျေးလက်တို့တွင်ပါ လူဦးရေ၏ ၈၀ ရာခိုင်နှုန်းကျော် ထိုးပေးနိုင်ခဲ့ပြီးနောက်တွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးနှုန်းသိသိသာသာ ကျလာကြောင်း  တွေ့ရှိ ရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံထားပါက ကူးစက်ခံရလျှင်တောင် မပြင်းထန်သည့် သာမန်လက္ခဏာများသာ ရက်အနည်းငယ် ခံစားရပြီး ပြန်လည်နေကောင်းလာတတ်သည်။ ကာကွယ်ဆေးထိုးနှံမထားပါက ရက်အတန်ကြာ ရောဂါလက္ခဏာများ ခံစားရနိုင် သည်။ အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ အဝလွန်သူများနှင့် ရောဂါအခံရှိသူများတွင် အသက်အန္တရာယ် စိုးရိမ်ရသည့် အထိဖြစ် တတ်သည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို လူဦးရေများများအား မြန်နိုင်သမျှမြန်မြန်ထိုးနှံပေးရန်မှာ အရေးကြီးသည်။ လူဦးရေ တစ်ရပ်လုံးအား ကာကွယ်ဆေးလွှမ်းခြုံနိုင်ရန်အတွက်  ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံပေးသည့်ကာလအချိန်ကြာသည် နှင့်အမျှ အခက်အခဲတချို့နှင့် စိန်ခေါ်မှုများရှိလာနိုင်သည် (ဥပမာ-လူထုတစ်ရပ်လုံးအတွင်း ရောဂါပိုးကူးစက်ပြန့်ပွားမှုအား ထိထိ ရောက်ရောက် မထိန်းချုပ်နိုင်ခြင်း၊ မှတ်တမ်းတင်မှုစနစ်မပြည့်စုံပါက အစောပိုင်းထိုးနှံပြီးသူများ ပြန်လည် အထိုးခံခြင်းများ ပေါ်ပေါက်လာကာ ကာကွယ်ဆေးကုန်သွားသော်လည်း ထိုးနှံပြီးသူဦးရေ တိုးတက်လာမှုနည်းပါးခြင်း)။

မြန်မာနိုင်ငံတွင် ကာကွယ်ဆေးရရှိနိုင်မှုမှာ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် နည်းပါးနေသေးသဖြင့် ကာကွယ်ဆေး အပြည့်ထိုးနှံပြီး သူများအား ထပ်ဆောင်းအားဖြည့်ကာကွယ်ဆေးထိုးနှံမှုများမရှိစေရေး ထိထိရောက်ရောက်တားမြစ်ရမည်။

နိုင်ငံတကာတွင်တွေ့ရှိချက်များအရ ကာကွယ်ဆေးနှစ်ကြိမ်အပြည့်   ထိုးနှံပြီးသူများသာမက ထပ်ဆောင်းအား ဖြည့်ထိုးနှံပြီးသူများ တွင်ပါ ရောဂါပိုးကူးစက်မှုများ ရှိနေပါသေးသည်။ သို့ဖြစ်ပါ၍ ပုံမှန်ကာကွယ်ရေး နည်းလမ်းများဖြစ်သည့် ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်ခြင်း၊ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေခြင်း၊ လူစုလူဝေးရှောင်ကြဉ်ခြင်းများအား ဆက်လက်လုပ်ဆောင်ရန် တိုက်တွန်းနှိုးဆော် သင့် ကြောင်းရေးသားလိုက်ရပါသည်။  ။

ကိုဇေ