မိုဒါနာကာကွယ်ဆေးကို ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူများ အတွက် အရေးပေါ်အသုံးပြုရန် တောင်ကိုရီးယား အတည်ပြု

မိုဒါနာကာကွယ်ဆေးကို ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူများ အတွက် အရေးပေါ်အသုံးပြုရန် တောင်ကိုရီးယား အတည်ပြု

တောင်ကိုရီးယားအစိုးရသည်  Sam-sung Biologics    ဆေးကုမ္ပဏီက ထုတ်လုပ်ထားသည့်    မိုဒါနာကာကွယ်ဆေးကို  ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူများအတွက်  အရေးပေါ် အသုံးပြုရန် အတည်ပြုလိုက်ပြီဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက အောက်တိုဘာ ၂၆ ရက်တွင် ထုတ်ပြန်သည်။

မိုဒါနာကုမ္ပဏီမှ ထုတ်လုပ်ထားသည့် ကာကွယ်ဆေးအား  ကျန်းမာရေး အာဏာပိုင်အဖွဲ့က အတည်ပြုပြီးနောက် တောင်ကိုရီးယားအတွက် ကာကွယ်ဆေး အလုံးရေ ၂ ဒသမ ၄၄ သန်း  ထုတ်လုပ်ပေးရန် သဘောတူထားပြီးဖြစ်သည်။

ဆမ်ဆောင်းကုမ္ပဏီသည်  ကာကွယ်ဆေး ထုတ်လုပ်ရေးတွင်  ပူးပေါင်းလုပ်ဆောင်ရန် မိုဒါနာကုမ္ပဏီနှင့်   ယခုနှစ်မေလအတွင်းက သဘောတူညီချက် ချမှတ်နိုင်ခြင်းဖြစ်သည်။

သဘောတူညီချက်အရ  ဆမ်ဆောင်း ကုမ္ပဏီအနေဖြင့်  ကာကွယ်ဆေးများကို ဆေးပုလင်းအတွင်းသို့    ထည့်သွင်းထုပ်ပိုးမည်ဖြစ်သည်။ ကာကွယ်ဆေးကိုမူ  ယင်းကုမ္ပဏီက ထုတ်လုပ်မည် မဟုတ်ကြောင်း   သိရသည်။

သို့ရာတွင် Samsung Biologics မှ ထုတ်လုပ်ထားသည့်    မိုဒါနာကာကွယ်ဆေး တင်ပို့ရန်အတွက် အမေရိကန်နှင့် ဥရောပနိုင်ငံများက  အတည်ပြုထားခြင်း မရှိသေးကြောင်း  ဆမ်ဆောင်း ကုမ္ပဏီက ပြောသည်။

တောင်ကိုရီးယားအစိုးရ အနေဖြင့်  ယခုအတည်ပြုထားပြီးဖြစ်သည့်     မိုဒါနာ ကာကွယ်ဆေးကို   ယခုနှစ် စတုတ္ထသုံးလပတ်အတွင်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုရန် စီစဉ်ထားပြီး ရောဂါပိုး ကူးစက်ခံရမည့် အလားအလာ များသူများကို ဆေးရှိန်ဆက်ပေးသည့်အနေဖြင့်   ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထုတ်လုပ်ရာတွင် တောင်ကိုရီးယားနှင့် အမေရိကန်တို့ အနေဖြင့် ပူးပေါင်းလုပ်ဆောင်ရန် နှစ်နိုင်ငံ သမ္မတများကြား  ယခုနှစ် မေလအတွင်း၌သဘောတူညီထားသည်။