နည်းပညာမြင့်တက်လာမှုကို ဖော်ပြလိုက်သည့် တရုတ်နိုင်ငံ၏ Shijian 21 ဂြိုဟ်တု

နည်းပညာမြင့်တက်လာမှုကို ဖော်ပြလိုက်သည့် တရုတ်နိုင်ငံ၏ Shijian 21 ဂြိုဟ်တု

တရုတ်နိုင်ငံက ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း၌ လွှတ်တင်လိုက်သည့် အာကာသယာဉ်မှာ ဂြိုဟ်တုဖျက် လက်နက်စနစ်ဖြစ်သည်ဟု အမေရိကန်သတိပေး ပြောကြားသည်။  တရုတ်နိုင်ငံသည် Shijian 21  ဟု အမည်ပေးထားသည့် ဂြိုဟ်တုတစ်စင်းကို ၎င်းတို့၏ဂြိုဟ်တု လွှတ်တင်ရေး Long March ဒုံးပျံကို အသုံးပြု၍ ရှီချန်အာကာသ ယာဉ်လွှတ်တင်ရေး စခန်းမှ အောက်တိုဘာ ၂၄ ရက်တွင်   အာကာသအတွင်းသို့ လွှတ်တင်ပြီးနောက်   အမေရိကန်၏ သတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အာကာသအတွင်းရှိ အပျက်အစီးများကို ဖယ်ရှားပစ်နိုင်မည့် နည်းပညာကို စမ်းသပ်သည့်အနေဖြင့် အဆိုပါဂြိုဟ်တု လွှတ်တင်လိုက်ခြင်း ဖြစ်သည်ဟု   တရုတ်ကပြောသည်။

သို့သော် တရုတ်နိုင်ငံက လုပ်ဆောင်သည့်  ဂြိုဟ်တုလွှတ်တင်မှုသည် တရုတ်အစိုးရ၏ အာကာသ တိုက်ခိုက်ရေးနည်း ပညာသာလွန်ရေး ကြိုးပမ်းချက်၏ တစ်စိတ် တစ်ဒေသဖြစ်သည်ဟု    အမေရိကန်စစ်ဘက်က ယူဆနေသည်။  ထို့ကြောင့် တရုတ်က လွှတ်တင်လိုက်သည့် Shijian 21 ဂြိုဟ်တုကိုလာမည့်  အနာဂတ်ကာလတွင် အခြားဂြိုဟ်တုများကို ဖမ်းယူထိန်းချုပ်နိုင်သည့် ဂြိုဟ်တုအဖြစ် အသုံးပြုလာနိုင်သည်ဟု  အမေရိကန် အာကာသတပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး ဂျိမ်းဒစ်ကင်ဆင်က ကွန်ဂရက်သို့ စာရေးသား၍ အသိပေးခဲ့ရသည်။ အဘယ့်ကြောင့်ဆိုသော် တရုတ်၏ အဆိုပါဂြိုဟ်တုတွင် အခြားဂြိုဟ်တုများနှင့် အာကာသယာဉ်များအား ဖမ်းယူသို့မဟုတ်   တိုက်ခိုက်နိုင်သည့်စက်ရုပ် လက်နည်းပညာ တပ်ဆင်ထားခြင်းကြောင့် ဖြစ်သည်ဟု အမေရိကန် စစ်ဘက်က ယူဆနေခြင်းကြောင့်ဖြစ်သည်။

ထို့ပြင် တရုတ်စစ်ဘက်အား ကမ္ဘာ့အဆင့်မီ လက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့ဖြစ်လာစေရန် အတွက်  ပိုမိုဆန်းသစ်သည့်  လက်နက်စနစ်သစ်များကို တီထွင်ထုတ်လုပ်ကြရန်   သမ္မတရှီကျင့်ဖျင်က ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း၌  ကျင်းပခဲ့သည့် စစ်ရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်တွင် တရုတ်သိပ္ပံပညာရှင်များအား  တိုက်တွန်းထားသည်။ အဆိုပါ ဆွေးနွေးပွဲကို Shijian 21 ဂြိုဟ်တုမလွှတ်တင်မီ ကျင်းပခြင်း ဖြစ်သည်။

တရုတ်နိုင်ငံသည် ၎င်းတို့၏  ပထမဆုံးသော ဂြိုဟ်တုရှင်းလင်းရေး ဂြိုဟ်တု Shijian 17 အား၂ဝ၁၆ ခုနှစ်တွင် တရားဝင် လွှတ်တင်နိုင်ခဲ့သည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ၂ဝ၁၂ ခုနှစ်တွင် စတင်တာဝန်ယူပြီးနောက် နိုင်ငံ၏ လက်နက်ကိုင် တပ်ဖွဲ့အဆင့်မြှင့်တင်ရေးကို ထိရောက်စွာ လုပ်ဆောင်လာခဲ့ပြီး အချို့အစီအစဉ်များကို ၎င်းကိုယ်တိုင်ကြီးကြပ်ခဲ့သည်။

တရုတ်အစိုးရ၏   ထိရောက်သည့် အကောင်အထည် ဖော်ဆောင်မှုများကြောင့် စစ်ဘက်နည်းပညာသည်     ပြီးခဲ့သည့် ငါးနှစ်အတွင်း သိသိသာသာ တိုးတက် လာခဲ့သည်။

တရုတ်နိုင်ငံသည် Shijian 21 ဂြိုဟ်တုကဲ့သို့ပင်  အသံထက်မြန်သည့် ဒုံးကျည်စနစ်သစ် တစ်မျိုးကိုစမ်းသပ်ခဲ့ပြီး   ယင်း ဒုံးကျည်တွင် နျူကလီးယား ထိပ်ဖူးတပ်ဆင်နိုင်သည်ဟု သုံးသပ်သူများက ပြောသည်။

တရုတ်နိုင်ငံသည် ထိုသို့သော လက်နက်မျိုးကို အနည်းဆုံး နှစ်ကြိမ်စမ်းသပ်ထားခဲ့ပြီး ပြီးခဲ့သည့် ဇူလိုင်လတွင် တစ်ကြိမ်၊ သြဂုတ်လတွင် တစ်ကြိမ် စမ်းသပ်ခဲ့သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယူဆထားသည်။

တရုတ်နိုင်ငံသည် လက်ရှိတွင် အမေရိ ကန်ပြည်ထောင်စု၊    ရုရှားတို့နှင့်အတူ လက်နက်အပြိုင် တပ်ဆင်မှုတွင်  ပါဝင်လျက်ရှိပြီး တရုတ်နိုင်ငံက ထုတ်လုပ်ထားသည့်  DF-ZF  အသံထက်မြန် ဒုံးကျည်သည်  အကွာအဝေး အကန့်အသတ်မရှိ ရောက်ရှိပစ်ခတ်နိုင်သည့်အပြင် တစ်နာရီလျှင် ၃၈ဝဝ မိုင် အရှိန်နှုန်းဖြင့်  ပျံသန်းနိုင်သည်။ ယင်းဒုံးကျည်တွင် နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်သည်။

ကမ္ဘာ့အင်အားကြီး နိုင်ငံများသည် ယခုအခါ  ခေတ်သစ်စစ်ဆင်ရေးများတွင် ဂြိုဟ်တုများကို ပိုမိုအသုံးပြုလာပြီ ဖြစ်သောကြောင့်   အာကာသ နည်းပညာသည် အရေးပါသည့်အခန်းကဏ္ဍ တစ်ရပ်ဖြစ်လာပြီဖြစ်သည်။   ဆက်သွယ်ရေးနှင့် တည်နေရာ   ဖော်ထုတ်ရေးတို့အတွက် အသုံးပြုခဲ့ကြသော်လည်း နောက်ပိုင်းတွင် ရန်သူ သို့မဟုတ် ပြိုင်ဘက်နိုင်ငံများ၏ စစ်ဘက်သုံးဂြိုဟ်တုများကို  တိုက်ခိုက် ဖျက်ဆီးနိုင်ခြင်းသည် စစ်ရေးတွင် ထိရောက်သည့်    နည်းပညာအသာစီး ရရှိမှုကို ဆောင်ကြဉ်း ပေးနိုင်ပြီဖြစ်သည်။

ယခုတရုတ်နိုင်ငံက လွှတ်တင်လိုက်သည့် Shijian 21 ဂြိုဟ်တုသည် အရပ်တွင် အသုံးပြုနိုင်သည့်အပြင် အရပ်ဖက်မဟုတ်သော နည်းလမ်းများတွင် အသုံးပြုနိုင်သည့် နည်းပညာဖြစ်သည်ဟု အာကာသ လုံခြုံရေးဆိုင်ရာ  သုံးသပ်သူ တစ်ဦးဖြစ်သည့် မိုက်ကယ်ဂျေလစ်စနာက  ပြောကြားထားသည်။        

 Ref: Dailymail, Sputnik