ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆေးနှင့်ဆေးပစ္စည်းများ၊ အသား၊ ငါးများနှင့် စားသောက်ကုန်များအား ဈေးနှုန်းမှန်ကန်စွာဖြင့် လက်လီလက်ကားရောင်းချပေးသည့် အစီအစဉ်အား တိုးချဲ့ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် အောက်တိုဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆေးနှင့်ဆေးပစ္စည်းများ၊ အသား၊ ငါးများနှင့် စားသောက်ကုန်များအား ဈေးနှုန်းမှန်ကန်စွာဖြင့် လက်လီလက်ကားရောင်းချပေးသည့် အစီအစဉ်အား တိုးချဲ့ဆောင်ရွက်ပေးလျက်ရှိ

ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေသည့်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ ဆေးဝါးလိုအပ် ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးဝါးများလွယ်လင့်တကူဝယ်ယူနိုင်ရေးနှင့် အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စွာ ရရှိစေရေးတို့ အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်း၏ စီစဉ်မှုဖြင့် ဒုတိယနေရာအဖြစ် ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန အဆောက်အအုံ၌ အိမ်သုံးဆေးဝါးများ လက်လီလက်ကားဖြန့်ဖြူးရောင်းချခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း ဆေးနှင့်ဆေးပစ္စည်းဖြန့်ဖြူးရောင်းချသောကုမ္ပဏီငါးခုမှ အိမ်သုံးဆေးဝါး ၈၁ မျိုးကို ရောင်းချပေးခဲ့သည်။

အလားတူ ပထမအစီအစဉ်အဖြစ် ဖွင့်လှစ်ရောင်းချပေးလျက်ရှိသည့် အလုံမြို့နယ်၊ ကမ်းနားလမ်း၊ လွတ်လပ်ရေးရပ်ကွက်၊ အမှတ်(၁၀၄/၁၀၈)နေရာ၌လည်း ယနေ့တွင် ဆက်လက်ရောင်းချပေးလျက်ရှိသည်။ ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင်လည်း ရွေ့လျားဈေးကားဖြင့် ဆန်၊ ဆီ၊ ကြက်ဥ၊ အသား၊ငါးများနှင့် စားသောက်ကုန်များကို ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။

(၁၀၀)