ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အပြန်အလှန် အသိအမှတ်ပြုရေး အလျင်အမြန် လုပ်ဆောင်ရန် ကမ္ဘာ့နိုင်ငံများအား ပူတင် တိုက်တွန်း

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အပြန်အလှန် အသိအမှတ်ပြုရေး အလျင်အမြန် လုပ်ဆောင်ရန် ကမ္ဘာ့နိုင်ငံများအား ပူတင် တိုက်တွန်း

ကမ္ဘာ့နိုင်ငံများ အနေဖြင့် နိုင်ငံတစ်နိုင်ငံက ထုတ်လုပ်ထားသည့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အပြန်အလှန် အသိအမှတ်ပြုရေး အလျင်အမြန် လုပ်ဆောင်ရန် ရုရှားသမ္မတ ဗလာဒီမာပူတင်က အောက်တိုဘာ ၃ဝ ရက်တွင် တိုက်တွန်းပြောသည်။

ရုရှားနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါကို ကာကွယ်နိုင်ရေး အတွက် Sputnik  V ကာကွယ်ဆေး အပါအဝင်   ကာကွယ်ဆေး သုံးမျိုးကို ထုတ်လုပ်ထားပြီးဖြစ်သည်။

အဆိုပါ  Sputnik  V ကာကွယ်ဆေးကို အရေးပေါ်ကုသရေး အတွက် အသုံးပြုရန် အတည်ပြုထားပြီး နိုင်ငံပေါင်း၇ဝခန့်တွင် အသုံးပြုနေပြီဖြစ်သည်။ သို့ရာတွင် အဆိုပါကာကွယ်ဆေးသည် ရောဂါကို ကာကွယ်နိုင်သည့်ဆေး ဖြစ်ကြောင်း ဖော်ပြထားသည့် သက်သေကို  အမေရိကန်ပြည်ထောင်စု  သို့မဟုတ်  ဥရောပသမဂ္ဂ အဖွဲ့က အသိအမှတ် ပြုထားခြင်း မရှိပေ။

ယခုကျင်းပမည့် G 20 အစည်းအဝေးပွဲတွင် မည်သည့် ဆုံးဖြတ်ချက်ကို ချမှတ်နိုင်လင့်ကစား ကာကွယ်ဆေးနှင့် အခြားလိုအပ်သည့် အရင်းအမြစ်များကို  နိုင်ငံတိုင်းက အသုံးပြုနိုင်ခြင်း မရှိသေးကြောင်း၊ မညီမျှသည့်ပြိုင်ဆိုင်မှုများ၊ မိမိတို့၏ ဆေးပညာကို ကာကွယ်ရေး လုပ်ဆောင်ချက်များနှင့်တချို့သောနိုင်ငံများ၏  ငြင်းပယ်ခြင်းတို့ကြောင့် ထိုသို့သော အခြေအနေများ ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်း သမ္မတပူတင်က အွန်လိုင်းမှ တစ်ဆင့်ကျင်းပသည့် ထိပ်သီးဆွေးနွေးပွဲ၌ ပြောသည်။

ထို့ပြင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး အနေဖြင့်လည်း   ကာကွယ်ဆေးများ၏ အရည်အသွေး စမ်းသပ်ခြင်း၊ ထိရောက်မှုနှင့် ဘေးအန္တရာယ် ကင်းရှင်းမှုတို့ကို ဖော်ထုတ်နိုင်ရေးအတွက် အလျင်အမြန် လုပ်ဆောင်သင့်ကြောင်း၊ ထိုသို့ လုပ်ဆောင်နိုင်ခြင်းအားဖြင့် ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ပြီး အထူးသဖြင့် အကြီးအကျယ် အထိနာခဲ့ရသည့် ခရီးသွားလာရေး လုပ်ငန်းများ အပါအဝင် ကမ္ဘာ့စီးပွားရေးကို ပြန်လည်လည်ပတ်စေနိုင်မည် ဖြစ်ကြောင်း  ပူတင်က ပြောခဲ့ကြောင်းသိရသည်။