ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးတွင် ဖြစ်ပေါ်နေသည့် မညီမျှမှုကို ဖယ်ရှားနိုင်မည်လား

ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးတွင် ဖြစ်ပေါ်နေသည့် မညီမျှမှုကို ဖယ်ရှားနိုင်မည်လား

ကမ္ဘာ့နိုင်ငံ အများအပြားတွင် ဆက်လက် ဖြစ်ပွားနေသည့်    ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို   တိုက်ဖျက်နိုင်ရေး အတွက် လာမည့်တစ်နှစ်အတွင်း  ရန်ပုံငွေအဖြစ် ဒေါ်လာ ၂၃ ဒသမ ၄ ဘီလီယံ လိုအပ်သည်ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO) က အောက်တိုဘာ ၂၈ ရက်တွင် ပြောဆိုလိုက်ပြီး G20 အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် လိုအပ်သည့်  အကူအညီများ ပေးအပ်၍ ဦးဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်ကြရန် WHO က  ဆက်လက် တိုက်တွန်းထားသည်။

အဖွဲ့ကြီးအနေဖြင့် အဆိုပါ ရန်ပုံငွေကြေးများကို အသုံးပြု၍ ကာကွယ်ဆေးများ ဝယ် ယူခြင်း၊ ရောဂါစမ်းသပ်ခြင်းနှင့် ကုသမှုပေးခြင်းတို့တွင်   အသုံးပြုမည်ဖြစ်သောကြောင့် ရောဂါကူးစက်မှုကို တိုက်ဖျက်ရန် ရုန်းကန်နေရသည့် ဝင်ငွေနည်းနိုင်ငံများကိုပါ မချန်ဘဲ  အကူအညီများ ပေးအပ်ရန် စီစဉ်ထားကြောင်း WHO မှ အကြီးအကဲ တီဒရိုအက်နာနွန်က ပြောသည်။

ထိုသို့လိုအပ်သည့် နိုင်ငံများကို   အကူအညီပေးခြင်းအားဖြင့်   လူငါးသန်းခန့် ရောဂါကူးစက်မှုကြောင့်    သေဆုံးမည့် အခြေအနေကို ကာကွယ်ပေးနိုင်မည်ဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါ  ကူးစက်မှု အဆုံးသတ်စေရေး အတွက် G20 အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် လိုအပ်နေသည့် နိုင်ငံရေး၊ ဘဏ္ဍာရေး ကတိကဝတ်များကို ချမှတ်လုပ်ဆောင်နိုင်သည့် စွမ်းရည်ရှိနေပြီး ကမ္ဘာ့နိုင်ငံများသည်  ပိုမိုဘေးကင်း လုံခြုံသည့် ကမ္ဘာကြီးကို ဖော်ဆောင်ရန်အတွက် ပြတ်သားသော ဆုံးဖြတ်ချက်ကို လိုအပ်နေပြီဖြစ်သည်။

WHO သည်ယခုအခါ  ကိုဗစ်-၁၉ရောဂါကို ထိရောက်စွာ တိုက်ဖျက်နိုင်ရေးအတွက် ကာကွယ်ဆေးထုတ်လုပ်ရေး၊ ဝယ်ယူရေးနှင့် ဖြန့်ချိရေးတို့ကို လုပ်ဆောင်ရန်အတွက် ACT-Accelerator အဖွဲ့ကို ဖွဲ့စည်းထားသည်။ အဆိုပါ အဖွဲ့အနေဖြင့် လက်ရှိတွင်လူ ၁၂၈ သန်းကျော်အား ရောဂါ  ရှိ၊ မရှိ စမ်းသပ်ပေးထားနိုင်ပြီး စမ်းသပ်မှုအတွက် ကုန်ကျသည့် ငွေကြေးကုန်ကျမှုကို ထက်ဝက်လျှော့ချ ပေးနိုင်ခဲ့ပြီ ဖြစ်သည်။ ထိုသို့လုပ်ဆောင်ရာတွင် ယင်းအဖွဲ့သည် အလယ်အလတ်ဝင်ငွေ ရရှိသည့်နိုင်ငံများနှင့် ဝင်ငွေနည်းနိုင်ငံများသို့ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာ နည်းပညာများ လွှဲပြောင်းပေးခြင်းများ ပါဝင်လျက်ရှိသည်။ ထို့ပြင် ACT-Accelerator အဖွဲ့သည်  Covex facilityအဖွဲ့ကို တည်ထောင်ထားပြီး ဆင်းရဲနွမ်းပါးသည့်နိုင်ငံများ    ကာကွယ်ဆေးများ ရယူ အသုံးပြုနိုင်ရေးအတွက် လုပ်ဆောင်နေပြီဖြစ်သည်။ လက်ရှိတွင် Covex facility အဖွဲ့သည် ကမ္ဘာပေါ်ရှိဒေသကြီး ၁၄၄ ခု သို့ ကာကွယ်ဆေး အလုံးရေ ၄၂၅ သန်း ပေးအပ်ထားနိုင်ခဲ့ပြီဖြစ်သည်။  သို့သော် ယင်းပမာဏမှာ Covex facility   အဖွဲ့က မျှော်မှန်းထားသည်ထက် များစွာ နိမ့်ကျနေသည်။

တစ်ချိန်တည်းမှာပင် Covex facility သည်    ရောဂါ ကူးစက်ခံထားရသူများ အတွက် လိုအပ်သည့်အောက်ဆီဂျင်၊ ရောဂါကာကွယ်ရေး ဝတ်စုံများ၊ ကုသရေးပစ္စည်း ကိရိယာများနှင့် ကုသမှုတွင်  လိုအပ်သည့် အခြားဆေးဝါးများကိုပါ  ထောက်ပံ့ပေးလျက်ရှိသည်။

ထို့ကြောင့်    ငွေကြေးအပြည့်အဝ ထောက်ပံ့မှုကို   ရရှိသည်နှင့် တစ်ပြိုင်နက် ACT-Accelerator အဖွဲ့သည်  ရောဂါကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများကိုပိုမို ထိရောက်စွာ လုပ်ဆောင်နိုင်မည်ဖြစ် သည်ဟု  WHO ကမျှော်လင့်နေခြင်း ဖြစ်သည်။

ရောဂါတိုက်ဖျက်ရန်   လိုအပ်သည့် ဒေါ်လာ ၂၃ ဒသမ ၄ ဘီလီယံသည် ရောဂါကူးစက်မှုကြောင့် ဒေါ်လာထရီလီယံပေါင်းများစွာ ဆုံးရှုံး သွားခဲ့ရခြင်းကြောင့် ရောဂါကူးစက်မှုဖြစ်ပွားသည့် နိုင်ငံများက ၎င်းတို့၏ စီးပွားရေးပြန်လည်နာလန်ထူရေးအတွက်အသုံးပြုခဲ့ရသည့် ငွေကြေးပမာဏများနှင့် နှိုင်းယှဉ်ပါက နည်းပါးလျက်ရှိသည်ဟု WHO  ကဆိုသည်။ ထို့ကြောင့်  ချမ်းသာကြွယ်ဝသည့်နိုင်ငံများက   ၎င်းတို့နိုင်ငံအတွင်းရောဂါ ကူးစက်ခြင်းမှ ကာကွယ်ရေးအတွက် လုပ်ဆောင်နေသည့် အခြေအနေမှာ ဆင်းရဲနွမ်းပါးသည့် နိုင်ငံများတွင် ရောဂါကူးစက်ခြင်းမှ    ကာကွယ်ရန် အတွက် လုပ်ဆောင်နေသည့် အခြေအနေမှာ များစွာကွာဟလျက်ရှိသောကြောင့် ချမ်းသာ ကြွယ်ဝသည့် နိုင်ငံများ၏ လုပ်ဆောင်ချက်မှာ ရှက်ဖွယ်ကောင်းသည်ဟု  ဒေါက်တာတီဒရိုက ပြောကြားထားသည်။

ဝင်ငွေနည်းပါးသည့်  နိုင်ငံများတွင် ဖြစ်ပွားနေသည့် အခြေအနေကိုကြည့်မည်ဆိုပါက ယင်းနိုင်ငံများ၌  ရောဂါ ရှိ၊ မရှိ စမ်းသပ်မှုသုည ဒသမ ၄ ရာခိုင်နှုန်းသာ လုပ်ဆောင်နိုင်ပြီး အဆိုပါနိုင်ငံများထံသို့ ပေးအပ်ထားသည့် ကာကွယ်ဆေးများအနက် သုည ဒသမ  ၅ ရာခိုင်နှုန်းကိုသာ  ဒေသခံပြည်သူများသို့ ထိုးပေးနိုင်သေးသည်။

ထိုသို့သော မညီမျှသည့် အခြေအနေများကို အာဖရိကဒေသတွင် ပိုမိုတွေ့မြင်နိုင်သည်။

ပိုဆိုးသည့်အချက်မှာ  အာဖရိကတိုက်တစ်ခုလုံးရှိ   စုစုပေါင်း လူဦးရေ ပမာဏ၏  ၈  ရာခိုင်နှုန်းကိုသာ ကိုဗစ်-၁၉   ကာကွယ်ဆေးတစ်ကြိမ်သာ ထိုးနှံ ပေးထားနိုင်ခြင်းဖြစ်သည်။   ထို့ပြင် WHO ကချမှတ်ထားသည့် ၂ဝ၂၁  ခုနှစ်နှစ်ကုန်ပိုင်း ရည်မှန်းချက်ကို အပြည့်အဝ ဖော်ဆောင်နိုင်သည့် နိုင်ငံအရေအတွက်မှာ ၅၄ နိုင်ငံရှိသည့်အနက်   ငါးနိုင်ငံသာရှိသည်။ WHO သည် အာဖရိကရှိနိုင်ငံများအနေဖြင့်   ၂ဝ၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် နိုင်ငံအတွင်းရှိ  စုစုပေါင်း လူဦးရေ၏ ၄ဝ ရာခိုင်နှုန်းကို ကာကွယ်ဆေး အပြည့်အဝ ထိုးပေးနိုင်ရန် ရည်မှန်းထားခြင်း ဖြစ်သည်။ ထို့ကြောင့်လက်ရှိအခြေအနေမှာ WHO ကမျှော်မှန်းထားသည့် ပမာဏနှင့် နှိုင်းယှဉ်ပါက များစွာကွာဟလျက်ရှိနေသည်။

ထို့ကြောင့်  ချမ်းသာကြွယ်ဝသည့်နိုင်ငံများက  လုပ်ဆောင်နေသည့်ကိုဗစ်-၁၉ရောဂါကူးစက်မှု တိုက်ဖျက်ရေး ဆောင်ရွက်ချက်များသည် ဆင်းရဲနွမ်းပါးသည့် နိုင်ငံများ၌  လုပ်ဆောင်နေသည့် ရောဂါတိုက်ဖျက်ရေး   ဆောင်ရွက်ချက်များနှင့် နှိုင်းယှဉ်ပါက ညီမျှမှုမရှိသည်မှာ အထင်အရှား ဖြစ်သည်ဟု ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်အချို့က ဝေဖန်ထားသည်။ WHO သည်ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရာတွင် ဆင်းရဲနွမ်းပါးသည့် နိုင်ငံများကို ချန်လှပ်ထားခြင်း မရှိဘဲတန်းတူအကူအညီပေး၍ အဆိုပါမညီမျှမှုကို ဖယ်ရှားနိုင်ရေးအတွက် လုပ်ဆောင်လာခြင်းဖြစ်သည်။ 

Ref: BioPharma, ST