အမေရိကန်ဖျက်သင်္ဘော၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်လျက်ရှိဟု ရုရှားပြော

အမေရိကန်ဖျက်သင်္ဘော၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်လျက်ရှိဟု ရုရှားပြော

ရုရှားပင်လယ်နက်   ရေတပ်ဖွဲ့သည် အမေရိကန်ဖျက်သင်္ဘော၏ လုပ်ဆောင်ချက်များကို  စောင့်ကြည့်လျက်ရှိကြောင်း  ရုရှားအမျိုးသား ကာကွယ်ရေး ထိန်းချုပ်မှုစင်တာက အောက်တိုဘာ ၃ဝ ရက်တွင် ထုတ်ပြန်သည်။

ပင်လယ်နက်အတွင်းသို့ ဝင်ရောက်လာသည့် USS  Porter ဖျက်သင်္ဘောကို စောင့်ကြည့်ရာတွင်   တပ်ဖွဲ့များအပြင် နည်းပညာရပ်ဆိုင်ရာ အရင်းအမြစ်များကိုပါ အသုံးပြု၍   စောင့်ကြည့်နေခြင်းဖြစ်ကြောင်း၊    အဆိုပါဖျက်သင်္ဘောသည် ပင်လယ်နက်အတွင်းသို့ အောက်တိုဘာ  ၃ဝ ရက်တွင် ဝင်ရောက်လာခြင်းဖြစ်ကြောင်းရုရှားအမျိုးသား ကာကွယ်ရေး ထိန်းချုပ်မှု စင်တာက ထုတ်ပြန်ထားသည်။

ပဲ့ထိန်းဒုံးကျည်တပ် USS   Porterဖျက်သင်္ဘောကို နေတိုးတပ်ဖွဲ့ဝင် နိုင်ငံများနှင့်  စစ်ဆင်ရေး လုပ်ဆောင်ရန်အတွက် ပင်လယ်နက် အတွင်းသို့ စေလွှတ်လိုက်ခြင်းဖြစ်ကြောင်း  အမေရိကန်အမှတ်(၆) ရေတပ်ဖွဲ့က အောက်တိုဘာ ၂၉  ရက်တွင် ထုတ်ပြန်ထားကြောင်း သိရသည်။

ထို့ပြင် အမေရိကန်အမှတ်(၆)ရေတပ်ဖွဲ့နှင့် ရေတပ်တိုက်ခိုက်ရေးနှင့် ထောက်ပံ့ရေး တပ်ဖွဲ့များက    နေတိုးတပ်ဖွဲ့ဝင်များနှင့် မြေထဲပင်လယ်၊   ပင်လယ်နက်တို့တွင် စစ်ဆင်ရေးများ   လုပ်ဆောင်မည်ဟု အမေရိကန်ရေတပ်က    ထုတ်ပြန်ထားသည်။

ပင်လယ်နက်ဒေသသည် မဟာဗျူဟာ အရ အရေးပါသောကြောင့် နေတိုးတပ်ဖွဲ့အနေဖြင့် ၎င်းတို့၏ စစ်အင်အားကို ပင်လယ်နက်အတွင်း တိုးမြှင့်ဖြန့်ကြက်ရန် ရှိကြောင်း နေတိုးတပ်ဖွဲ့မှ အတွင်းရေးမှူးချုပ် ဂျန်စတိုတန်ဘာ့က ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းကပြောသည်။

သို့ရာတွင်   ပင်လယ်နက်ဒေသကို ထိပ်တိုက်ရင်ဆိုင်ရေး ဇုန်တစ်ခုအဖြစ် ပြောင်းလဲရန် နေတိုးတပ်ဖွဲ့ကကြိုးပမ်းနေခြင်းသည် အလွန်အန္တရာယ်ကြီးမားကြောင်း ရုရှားဒုတိယ နိုင်ငံခြားရေးဝန်ကြီး အလက်ဇန္ဒားဂရက်ရှကိုက   တုံ့ပြန်ပြောဆို ထားကြောင်း သိရသည်။