အာဖဂန်နစ္စတန်သို့ ငွေကြေး အကူအညီများ ပြန်လည် ပေးအပ်ရန် ကမ္ဘာ့ဘဏ်နှင့် IMF တို့ကို တရုတ်တိုက်တွန်း

 

အာဖဂန်နစ္စတန်သို့ ငွေကြေး အကူအညီများ ပြန်လည် ပေးအပ်ရန် ကမ္ဘာ့ဘဏ်နှင့် IMF တို့ကို တရုတ်တိုက်တွန်း

လူသားချင်းစာနာမှုဆိုင်ရာ အခက်အခဲများနှင့် ရင်ဆိုင်နေရသည့်  အာဖဂန်နစ္စတန်သို့ ငွေကြေးအကူအညီများ ပြန်လည်ပေးအပ်ရန်  ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF)တို့ကို  တရုတ်နိုင်ငံခြားရေး ဝန်ကြီး   ဝမ်ယီက  တိုက်တွန်းထားသည်။

အာဖဂန်နစ္စတန်အား    တာလီဘန်စစ်သွေးကြွအဖွဲ့က ယခုနှစ် သြဂုတ်လတွင် ပြန်လည်ထိန်းချုပ်လိုက်ပြီးနောက် ဗဟိုဘဏ်ရှိ ဘီလီယံနှင့်ချီသည့် ဒေါ်လာငွေကြေးများ ထိန်းချုပ်ခံလိုက်ရပြီး  နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းများကလည်း   အာဖဂန်နစ္စတန်သို့ ပေးအပ်နေသည့်    ငွေကြေးအကူအညီများကို ရပ်ဆိုင်းပစ်လိုက်ရာ နိုင်ငံအတွင်း၌ ငွေကြေး ပြတ်လပ်လျက်ရှိသည်။

သို့ရာတွင် နိုင်ငံတကာ အဖွဲ့အစည်းများသည် လူသားချင်းစာနာသည့် အကူအညီများကိုမူ ဆက်လက် ပေးအပ်လျက်ရှိသည်။

ငွေကြေးပိုင်ဆိုင်မှု   ထိန်းချုပ်ခံရခြင်းကြောင့် ယခုအခါနိုင်ငံ အတွင်း၌ ငွေကြေး ပြတ်လပ်လျက်ရှိသည့်အပြင် အစားအစာ ဈေးနှုန်းများမှာလည်း မြင့်တက်လျက်ရှိကြောင်း သိရသည်။

အာဖဂန်နစ္စတန်နိုင်ငံ၏   စီးပွားရေး ကျဆင်းမှုသည် ယခုနှစ်အတွင်း ၃ဝ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်ကြောင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က   ယခုရက်သတ္တပတ် အတွင်းထုတ်ပြန်ထားသည်။

အာဖဂန်နစ္စတန်သည် ဘက်စုံပြန်လည်ထူထောင်ရန် လိုအပ်နေပြီး    စီးပွားရေး ပြန်လည်နာလန်ထူရေးသည် အဓိကဦးစားပေး လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း ဝမ်ယီက အောက်တိုဘာ ၂၇ ရက်တွင်  ပြောထားပြီး  အာဖဂန်နစ္စတန် အပေါ်  တစ်ဖက်သတ်ချမှတ်ထားသည့် ပိတ်ဆို့မှုများကိုလည်း   ဖယ်ရှားပေးရန် အမေရိကန်နှင့်   အနောက်နိုင်ငံများကို တောင်းဆိုထားကြောင်း သိရသည်။