ဆွေးနွေးပွဲများ ပြန်လည်စတင်ရေး အမေရိကန်၏ ကမ်းလှမ်းချက်ကို သတိထား စောင့်ကြည့်နေဖွယ်ရှိသည့် မြောက်ကိုရီးယား

ဆွေးနွေးပွဲများ ပြန်လည်စတင်ရေး အမေရိကန်၏ ကမ်းလှမ်းချက်ကို သတိထား စောင့်ကြည့်နေဖွယ်ရှိသည့် မြောက်ကိုရီးယား

မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ရန်စခြင်းများကို ရပ်တန့်၍ တွေ့ဆုံဆွေးနွေးမည့် ကမ်းလှမ်းချက်ကို   လက်ခံသင့်ကြောင်း မြောက်ကိုရီးယားဆိုင်ရာ အမေရိကန်အထူးသံတမန် ဆုန်ကင်က အောက်တိုဘာ ၂၄ ရက်တွင် တိုက်တွန်းလိုက်သည်။

မြောက်ကိုရီးယားနိုင်ငံက မကြာသေးမီက လုပ်ဆောင်ခဲ့သည့်     ပဲ့ထိန်းဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုသည် ကိုရီးယားကျွန်းဆွယ်၏   ရေရှည်ငြိမ်းချမ်းရေး အတွက်ပြောင်းပြန် အကျိုးရလဒ်နှင့်   စိုးရိမ်မှုကို ဖြစ်ပေါ်စေသည့်အတွက်   ရန်စမှုများကို ရပ်ဆိုင်း၍   ကိုရီးယား ကျွန်းဆွယ်ပေါ်၌ ငြိမ်းချမ်းရေး    ပြန်လည်ဖော်ဆောင်ရန် အမေရိကန်အစိုးရက တိုက်တွန်းခြင်းဖြစ်သည်။

သို့ရာတွင်   မြောက်ကိုရီးယားနိုင်ငံက ယခုအချိန်ထိ    အမေရိကန်၏ တွေ့ဆုံဆွေးနွေးရေး အဆိုပြုချက်ကို ငြင်းဆိုထား သည်။  ထို့ပြင်  အမေရိကန်နှင့်တောင်ကိုရီးယားနိုင်ငံတို့သည် စစ်ရေးလှုပ်ရှား မှုများ လုပ်ဆောင်နေပြီး  တစ်ချိန်တည်း မှာပင်   သံတမန်ရေး နည်းလမ်းများကို အသုံးချလျက်ရှိသည်ဟု စွပ်စွဲထားသည်။

ပြီးခဲ့သည့်   ရက်သတ္တပတ်အတွင်းက လုပ်ဆောင်ခဲ့သည့်  မြောက်ကိုရီးယား၏ ရေငုပ်သင်္ဘောအခြေပြု ဒုံးကျည်စမ်းသပ်မှုနှင့် စပ်လျဉ်း၍     အတိုင်းထက်အလွန်တုံ့ပြန်လျက်ရှိပြီး အဆိုပါ ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုသည် မိမိနိုင်ငံကို ကာကွယ်ရန်အတွက်သာဖြစ်သည်ဟု မြောက်ကိုရီးယား က  တုံ့ပြန်ထားသည်။ မြောက်ကိုရီးယားနိုင်ငံသည် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု အတော်များများလုပ်ဆောင်ခဲ့ပြီး ယင်းသို့ လုပ်ဆောင်ခြင်းသည်  ကုလသမဂ္ဂက ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို ချိုးဖောက်ခြင်းဖြစ်သည်ဟု  အမေရိကန်နှင့်  အနောက်နိုင်ငံများက ရှုမြင်နေသည်။

မြောက်ကိုရီးယားက  ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း    လုပ်ဆောင်ခဲ့သည့် ရေငုပ်သင်္ဘောအခြေပြု ဒုံးကျည်စမ်းသပ်မှုသည် ပြီးခဲ့သည့်သီတင်းပတ်များအတွင်း ငါးကြိမ်မြောက် လုပ်ဆောင်သော စမ်းသပ် ပစ်ခတ်မှုဖြစ်သည်။  အဆိုပါစမ်းသပ်မှုသည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တက် ရောက်လာပြီးသည့်အချိန်မှစ၍   အဆင့်အမြင့်ဆုံး ဒုံးကျည်စမ်းသပ်မှုဖြစ်လာသည်။

ရေငုပ်သင်္ဘောမှ     ပစ်လွှတ်လိုက်သည့် ဒုံးကျည်များကို    ရေဒါများက   ကြိုတင်ထောက်လှမ်းရန်    ခက်ခဲသောကြောင့် အဆိုပါဒုံးကျည်နည်းပညာသည် မြောက်ကိုရီးယားနိုင်ငံ၏ တုံ့ပြန် တိုက်ခိုက်နိုင်သည့် စွမ်းဆောင်ရည်ကို ပိုမိုပိုင်ဆိုင်လာစေသည်ဟု သုံးသပ်သူများက ဆိုသည်။

ထို့ကြောင့် မြောက်ကိုရီးယား၏ အဆိုပါ ဒုံးကျည်စမ်းသပ်မှုသည်     နိုင်ငံတကာ အသိုက်အဝန်းအတွက်  ခြိမ်းခြောက်မှု တစ်ရပ်အဖြစ်ထွက်ပေါ်လာပြီး    စိုးရိမ်မကင်းမှုများကို   ဖြစ်ပေါ်စေသည့်အပြင် ကိုရီးယားကျွန်းဆွယ်၌  ငြိမ်းချမ်းရေးပြန်လည်ဖော်ဆောင်ရန်   လုပ်ဆောင်သည့် ကြိုးပမ်းချက်များကို  အဟန့်အတားဖြစ် စေသည်ဟုလည်း ဆိုနိုင်သည်။

နျူကလီးယားဖျက်သိမ်းရေးနှင့်စပ်လျဉ်း ၍ မြောက်ကိုရီးယားနှင့် အမေရိကန်နိုင်ငံ တို့ကြား ယခင် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် လက်ထက်တွင် ဆွေးနွေးပွဲများ ကျင်းပနိုင်ခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံသည်    ကမ္ဘာ့နိုင်ငံ အများအပြားက   စောင့်ကြည့်နေခဲ့သည့်   အဆိုပါ တွေ့ဆုံဆွေးနွေးပွဲများ အောင်မြင်စေရေးအတွက်  အလျှော့ပေးမှုတချို့ကို လုပ်ဆောင်ခဲ့သည်။ အလျှော့ပေးခြင်းဟု ဆိုရာတွင်  မြောက်ကိုရီးယားက ၎င်းတို့လုပ်ဆောင်နေသော  ဒုံးကျည် စမ်းသပ်မှုများကို ရပ်ဆိုင်းပစ်ခဲ့သည့်အပြင်နိုင်ငံအတွင်းရှိ နျူကလီးယား စက်ရုံတချို့ ကိုပါပိတ်ပစ်ခဲ့သည်။ အကြောင်းမှာ မြောက်ကိုရီးယား၏ လုပ်ဆောင်ချက်ကို  တုံ့ပြန် သည့်အနေဖြင့်  အမေရိကန် အစိုးရက နိုင်ငံအပေါ်ချမှတ်ထားသည့်  ပိတ်ဆို့မှုတချို့ကို  ဖယ်ရှားပေးမည်ဟု  မြောက်ကိုရီးယား အစိုးရက မျှော်လင့်ခဲ့ခြင်းကြောင့် ဖြစ်သည်။

သို့သော် မြောက်ကိုရီးယားမှာ မှန်းချက်နှင့် နှမ်းထွက်မကိုက်ဖြစ်ခဲ့ရသည်ကိုတွေ့ရသည်။ အကြောင်းမှာ မြောက်ကိုရီးယား၏  နျူကလီးယားဖျက်သိမ်းရေး  လုပ်ဆောင်ချက်မှာ လုံလောက်မှု မရှိသေးဟု ဒေါ်နယ်ထရမ့်က  ယူဆခဲ့သည့်အပြင်  မြောက်ကိုရီးယားအနေဖြင့် ပိတ်ဆို့မှုများကို ဖယ်ရှားပေးရန်ဆန္ဒရှိပါက နျူကလီးယားဖျက်သိမ်းရေးကို  လက်ဆုပ်လက်ကိုင်ပြနိုင်သည့် အခြေအနေသို့ ရောက်ရှိလာရေးအတွက် ဦးစွာလုပ်ဆောင်ပြရန်   တုံ့ပြန်ပြောဆိုခဲ့ဖွယ်ရှိသည်။

ယင်းအချက်သည် မြောက်ကိုရီးယားနှင့် အမေရိကန်တို့ကြား   ဖြစ်ပေါ်နေသည့် အဓိက သဘောထား ကွဲလွဲချက်ဖြစ်သည်ဟု ဆိုနိုင်သည်။  ထိုသို့သဘောထား ကွဲလွဲခဲ့ရာမှ နှစ်နိုင်ငံကြား ကျင်းပနေသည့် ထိပ်သီးဆွေးနွေးပွဲမှာ သဘောတူညီချက် ချမှတ်နိုင်ခြင်းမရှိဘဲ အဆုံးသတ်ခဲ့ရခြင်းဖြစ်သည်။

ယခုအခါ တွေ့ဆုံဆွေးနွေးပွဲများ ပြန်လည်စတင်ရေးအတွက် အမေရိကန် က  ပြန်လည်ကြိုးပမ်းလာပြီဖြစ်သည်။ သို့သော် အမေရိကန်၏ ကမ်းလှမ်းချက်နှင့် စပ်လျဉ်း၍   မြောက်ကိုရီးယား အစိုးရက လက်ရှိအချိန်ထိ   တစ်စုံတစ်ရာ တုံ့ပြန်ပြောကြားထားခြင်း မရှိသေးပေ။

အချုပ်အားဖြင့်ဆိုရပါမူ    မြောက်ကိုရီးယား အစိုးရအနေဖြင့်  အမေရိကန်၏ ကမ်းလှမ်းချက်ကို  လက်ခံသင့်၊   မသင့် ဆုံးဖြတ်ရာတွင်   အမေရိကန်အစိုးရ၏ ဆက်လက် လုပ်ဆောင်လာမည့် ခြေလှမ်းများကို သတိထား စောင့်ကြည့်နေဖွယ် ရှိကြောင်း ရေးသား တင်ပြလိုက်ရပါသည်။