အာရှတိုက်အတွက် အပူဆုံးနှစ်အဖြစ် စံချိန်တင်ခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်

အာရှတိုက်အတွက် အပူဆုံးနှစ်အဖြစ် စံချိန်တင်ခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်

ရာသီဥတုပြောင်းလဲမှုကြောင့် ၂ဝ၂ဝ ပြည့်နှစ်သည် အာရှတိုက်အတွက် အပူဆုံး နှစ်တစ်နှစ်အဖြစ်   စံချိန်တင်ခဲ့ကြောင်း ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့က အောက်တိုဘာ ၂၆ ရက်တွင်ထုတ်ပြန်သည်။ အာရှတိုက် အတွင်းရှိ   နိုင်ငံအားလုံးသည်   ၂ဝ၂ဝ ပြည့်နှစ်အတွင်း ရာသီဥတု ပူပြင်းမှုဒဏ်ကို ခံခဲ့ရကြောင်း  ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့က နှစ်စဉ်ထုတ်ပြန်သည့် Climate in Asiaအစီရင်ခံစာတွင် ဖော်ပြထားသည်။

၂ဝ၂ဝ ပြည့်နှစ်အတွင်း ဖြစ်ပွားသည့် ရာသီဥတု ပြောင်းလဲမှုများကြောင့်   လူ ထောင်ပေါင်းများစွာ   အသက်ဆုံးရှုံးခဲ့ရသည့်အပြင် လူသန်းပေါင်းများစွာမှာလည်း  ၎င်းတို့၏နေရပ်များကိုစွန့်ခွာ၍ တခြား ဒေသများသို့  ရွှေ့ပြောင်းခဲ့ရခြင်းကြောင့် ငွေကြေးပမာဏအားဖြင့်   အမေရိကန် ဒေါ်လာ  ဘီလီယံပေါင်းများစွာ ဆုံးရှုံးခဲ့ရ သည်။ ထို့ပြင် ရာသီဥတုပြောင်းလဲခြင်း၏ အကျိုးဆက်ကြောင့် ဒေသတွင်းရှိ အခြေခံ အဆောက်အအုံများနှင့် ဂေဟစနစ်များလည်း ထိခိုက်ခဲ့ရသည်ဟု ကုလသမဂ္ဂမှ ကမ္ဘာ့မိုးလေဝသ အဖွဲ့  (WMO) က  ဆို သည်။

ထို့ပြင် ရာသီဥတုနှင့် ဆက်စပ်နေသည့် ဘေးအန္တရာယ် ကျရောက်မှုကြောင့် ဆုံးရှုံး ခဲ့ရသည့်ငွေကြေးပမာဏကိုလည်း  အစီ ရင်ခံစာတွင်   အကြမ်းဖျင်း ဖော်ပြထား သည်။ တရုတ်နိုင်ငံသည် ၂ဝ၂ဝ ပြည့်နှစ် အတွင်းဖြစ်ပွားသော ရာသီဥတုနှင့်ဆက်စပ် သည့် ဘေးအန္တရာယ်များကြောင့် အမေ ရိကန်ဒေါ်လာ ၂၃၈ ဘီလီယံ၊ အိန္ဒိယနိုင်ငံက အမေရိကန်ဒေါ်လာ ၈၇ ဘီလီယံ၊ ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ  ၈၃  ဘီလီယံနှင့်   တောင်ကိုရီးယားနိုင်ငံက အမေရိကန်ဒေါ်လာ ၂၄ ဘီလီယံ အသီး သီးဆုံးရှုံးခဲ့ရသည်။

ထို့ပြင်  အင်အားကြီး နိုင်ငံများအပြင် တာဂျစ်ကစ္စတန်၊ ကမ္ဘောဒီးယားနှင့် လော နိုင်ငံတို့သည်လည်း ရာသီဥတုပြောင်းလဲ မှုကြောင့် ငွေကြေးဆုံးရှုံးမှုနှင့်ရင်ဆိုင်ခဲ့ရ သည်။ ထို့ကြောင့် ရာသီဥတုပြောင်းလဲမှုသည်   ဝင်ငွေနည်းသည့် နိုင်ငံများကိုပါ ခြိမ်းခြောက်လာပြီဖြစ်သည်။

ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်များ၊ အထူးသဖြင့် ရေကြီးမှု၊ မုန်တိုင်းတိုက်ခတ်မှုနှင့်  မိုးခေါင်ရေရှားမှုများသည်  အာရှတိုက်အတွင်းရှိ နိုင်ငံအများအပြား အပေါ် ဆိုးကျိုးသက်ရောက်စေခဲ့သည်ဟု WMO  အကြီးအကဲ  ပက်တေရီတာလက်က ပြောသည်။

အလားတူ   ရာသီဥတုပြောင်းလဲမှုနှင့် အပူချိန်မြင့်တက်လာမှုကြောင့် အာရှတိုက်ရှိ   ပင်လယ်ရေမျက်နှာပြင် အပူချိန်နှင့်    သမုဒ္ဒရာရေပြင် ပူနွေးလာမှုသည် ကမ္ဘာ့သမုဒ္ဒရာများ၏ ပျမ်းမျှအပူချိန်၊ ပူနွေးမှုတို့နှင့် နှိုင်းယှဉ်ပါက  ပိုမိုမြင့်တက်လျက်ရှိသည်။

ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက် ဖြစ်သည့်   အပူချိန်မြင့်တက်မှုကြောင့် အာရှတိုက်အတွင်းရှိ လူဦးရေ ၁ ဘီလီယံ ခန့်သည် ၂ဝ၅ဝ ပြည့်နှစ်ခန့်တွင် အသက် ဆုံးရှုံးစေနိုင်သော အပူချိန်မြင့်တက်မှုနှင့် တွေ့ကြုံနိုင်သည့် အလားအလာရှိသည်ဟု   ကျွမ်းကျင်သူများက ခန့်မှန်းထားကြသည်။ ရာသီဥတုပြောင်းလဲမှုကြောင့် ရာသီဥတု နှင့်ဆက်စပ်နေသည့် ဘေးအန္တရာယ်များသည်  အာရှနိုင်ငံများဖြစ်သည့်  အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ အရှေ့တောင် အာရှနိုင်ငံများ အထူးသဖြင့် ဗီယက်နမ် နိုင်ငံတို့၌ ဖြစ်ပွားနိုင်ဖွယ်ရှိသည်။

ထို့ကြောင့်  အာရှဒေသ၏  မရှိမဖြစ် ကောက်ပဲသီးနှံများဖြစ်သည့်   ဆန်စပါး၊ ပြောင်း၊ ပဲပုပ်အထွက်နှုန်းမှာ ခန့်မှန်းရန် ခက်ခဲသည့်အခြေအနေသို့ ရောက်ရှိလာ နိုင်သည်။ ထို့ကြောင့်  အဆိုပါကောက်ပဲ သီးနှံများ၏ဈေးနှုန်းနှင့် လယ်သမားများ ၏အသက်မွေးဝမ်းကျောင်း အပေါ် များစွာ သက်ရောက်လာနိုင်သည့်အပြင် အာရှနိုင်ငံများ၏ စုပေါင်း GDP တန်ဖိုး၏ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံမှ ၄  ဒသမ ၇ ဘီလီယံအထိ ဆုံးရှုံးစေနိုင်သည် ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။

ယခုအခါ  ကမ္ဘာ့နိုင်ငံ အများအပြားသည် ပြင်းထန်ဆိုးရွားသည့် ရာသီဥတု အခြေအနေများ၊  တောမီးလောင်ကျွမ်းမှု၊  လူအသေအပျောက်   များစေနိုင်သည့်အပြင် လူထောင်ပေါင်းများစွာ၏ လူနေမှုဘဝကို ထိခိုက်ပျက်စီးစေသည့် ရေလွှမ်းမိုးမှုများနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။ အဆိုပါ ဖြစ်ရပ်များသည် ရာသီဥတုပြောင်းလဲမှု၏ နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်သည်ဟု ဆိုနိုင်သည်။

ထို့ကြောင့်   ထိုသို့သောကပ်ဘေးများ ပိုမိုဆိုးရွားမလာဘဲ   စက်မှုထွန်းကားပြီး ချမ်းသာကြွယ်ဝသည့် နိုင်ငံများ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှုလျှော့ချနိုင်ရေးအတွက် အရေးတယူ လုပ်ဆောင်ကြရန်  သက်ဆိုင်ရာနိုင်ငံများမှ  ခေါင်းဆောင်များအား ကျွမ်းကျင်သူ မိုးလေဝသ ပညာရှင်များနှင့် ရာသီဥတု လေ့လာစောင့်ကြည့်ရေး အဖွဲ့အစည်းများက  တိုက်တွန်းနေခြင်းလည်းဖြစ်သည်။   ထိုသို့လုပ်ဆောင်ရာတွင်လည်း နိုင်ငံတစ်နိုင်ငံချင်းစီ လုပ်ဆောင်ခြင်းထက်    နိုင်ငံအားလုံး ပူးပေါင်း လုပ်ဆောင်နိုင်မည်ဆိုပါက ရာသီဥတုပြောင်းလဲလာမှုနှင့် ကမ္ဘာကြီးပူနွေးလာမှုတို့ကို ကိုင်တွယ်ဖြေရှင်းရာတွင်  ပိုမိုထိရောက်မှုရှိနိုင်သည်ဟု ကျွမ်းကျင်သူ များက ယူဆထားကြောင်း ရေးသား တင်ပြ လိုက်ရပါသည်။