အာဖဂန်နစ္စတန် နိုင်ငံ၌ မင်္ဂလာဆောင်တစ်ခုတွင် သီချင်းနားထောင်နေသည့် ဧည့်သည်များကို တာလီဘန်များ ပစ်ခတ်တိုက်ခိုက်

အာဖဂန်နစ္စတန် နိုင်ငံ၌ မင်္ဂလာဆောင်တစ်ခုတွင် သီချင်းနားထောင်နေသည့် ဧည့်သည်များကို တာလီဘန်များ ပစ်ခတ်တိုက်ခိုက်

အာဖဂန်နစ္စတန်နိုင်ငံ    အရှေ့ပိုင်း နန်ဂါဟာပြည်နယ်      ဆော့ဟာမြို့၌ အောက်တိုဘာ ၃ဝ ရက်တွင် ကျင်းပခဲ့သော မင်္ဂလာဧည့်ခံပွဲတစ်ခုအတွင်း မင်္ဂလာ တေးသီချင်းများဖွင့်၍ နားထောင်နေသည့် ဧည့်သည်များကို တာလီဘန်များ ဝင်ရောက် ပစ်ခတ်မှုများကြောင့်    ဧည့်သည်နှစ်ဦး သေဆုံးကြောင်း တာဝန်ရှိသူများနှင့် မျက်မြင် သက်သေတစ်ဦး၏ ထုတ်ဖော်ပြောဆိုချက်အရ သိရသည်။

တာလီဘန်တို့၏ ပစ်ခတ်မှုကြောင့် နှစ်ဦးသေဆုံးခဲ့သည့်အပြင် နှစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်း သေဆုံးသူနှင့် ဆွေမျိုးနီးစပ်တော်သူ တစ်ဦးကပြောသည်။

အာဖဂန်နစ္စတန် နိုင်ငံကို တာလီဘန်တို့ သိမ်းပိုက်လိုက်ပြီးကတည်းက တေးဂီတဖွင့်ခြင်းကို တားမြစ်ထားခြင်းဖြစ်သည်။

လူငယ်အမျိုးသားများသည် မင်္ဂလာဆောင် ကျင်းပသည့်နေရာ၏ သီးသန့်ခန်းတစ်ခု၌တေးသီချင်းဖွင့် နားထောင်နေစဉ် တာလီဘန် တပ်ဖွဲ့ဝင်သုံးဦး ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ထိခိုက်ဒဏ်ရာ ရသူများအနက် နှစ်ဦးမှာ စိုးရိမ်ရကြောင်း၎င်းကဆက်ပြောသည်။

အဆိုပါဖြစ်စဉ်မှာ ၎င်းတို့အဖွဲ့၏ လက်ချက်ဖြစ်ကြောင်း နန်ဂါဟာမြို့ရှိ တာလီဘန် အုပ်ချုပ်ရေးမှူး၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အတည်ပြုထားသော်လည်း အသေးစိတ်ကိုပြောဆိုထားခြင်းမရှိပေ။ မင်္ဂလာဆောင်သို့ လာရောက်တိုက်ခိုက် အကြမ်းဖက်သည့်အမျိုးသားနှစ်ဦးကို ဖမ်းဆီးထားပြီး ဖြစ်ကြောင်း  လုံခြုံရေး သတင်းအရင်းအမြစ် တစ်ခုကပြောသည်။