ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးအတွက် ထွက်ပေါ်လာသည့် အလှူရှင်နိုင်ငံများ

ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးအတွက် ထွက်ပေါ်လာသည့် အလှူရှင်နိုင်ငံများ

ကနေဒါ

ကမ္ဘာ့နိုင်ငံ အများအပြားတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ဆက်လက်ဖြစ်ပွားနေစဉ် အဆိုပါရောဂါကို  ထိန်းချုပ်နိုင်ရေး အတွက် အလှူရှင်နိုင်ငံများက ကာကွယ်ဆေးများကို  တိုးမြှင့်လှူဒါန်းလာကြပြီ ဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိ ဆင်းရဲနွမ်းပါးသည့် နိုင်ငံများအတွက်     ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံးရေသန်း၂ဝဝကျော် ကို လှူဒါန်းပေးအပ်မည်ဟု ကနေဒါနိုင်ငံက အောက်တိုဘာ ၃ဝ ရက်တွင် ကတိပြုလိုက်ပြီဖြစ်သည်။

ကနေဒါနိုင်ငံသည် လက်ရှိရောမမြို့၌ ကျင်းပနေသည့် G20  ထိပ်သီးဆွေးနွေးပွဲတွင် ထိုသို့ကတိကဝတ် ပြုလိုက်ခြင်းဖြစ်ပြီး ကာကွယ်ဆေးထောက်ပံ့မှုကို လာမည့်နှစ် အကုန်ပိုင်းအထိ လုပ်ဆောင်မည်ဖြစ်သည်ဟု ဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုးက ထုတ်ပြန်ချက်တစ်စောင်တွင် ပြောထားသည်။

ကနေဒါကလှူဒါန်းမည့် ကာကွယ်ဆေးများအနက် မိုဒါနာမှ ထုတ်လုပ်ထားသည့် ကာကွယ်ဆေး ၁ဝ သန်းကို ဖွံ့ဖြိုးဆဲနိုင်ငံများသို့   အလျင်အမြန် ပေးအပ်သွားရန် စီစဉ်ထားသည်။

ကနေဒါအစိုးရသည် တောင်အာဖရိက နိုင်ငံရှိ ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်မှုအတွက် အထောက်အကူပြုစေရန် အတွက် ဒေါ်လာ ၁၅ သန်းပေးအပ်မည်ဟု ကတိ ပြုထားသည်။  အဆိုပါရန်ပုံငွေများသည် အာဖရိကဒေသတွင်း ကာကွယ်ဆေးထုတ်လုပ်ရေးနှင့် နည်းပညာ လွှဲပြောင်းပေးရေး စင်တာတစ်ခု ဖန်တီးရေးကိုပါ အထောက်အကူပြုမည်ဟု မျှော်မှန်းထားသည်။

ကနေဒါနိုင်ငံသည်  ယနေ့အချိန်အထိ ကာကွယ်ဆေးအလုံးရေ ၃ ဒသမ ၄ သန်း ထောက်ပံ့ပေးထားနိုင်ပြီး ကာကွယ်ဆေးအား အခြားဆင်းရဲနွမ်းပါးသည့်  နိုင်ငံများနှင့်ညီတူမျှတူဝေမျှလျက် ရှိသော ကမ္ဘာ့နိုင်ငံကြီး ခြောက်နိုင်ငံအနက်  တစ်နိုင်ငံအဖြစ် ပါဝင်လုပ်ဆောင်နေသည်။

အကြောင်းမှာ ထုတ်လုပ်ထားပြီးဖြစ်သည့်  ကာကွယ်ဆေးများအား ချမ်းသာကြွယ်ဝသည့် နိုင်ငံများက   အလုအယက် ဝယ်ယူလျက်ရှိသောကြောင့် ဆင်းရဲနွမ်းပါးသည့်နိုင်ငံများမှာ ကာကွယ်ဆေး ရရှိရေးအတွက် ရုန်းကန်နေရသောကြောင့် ဖြစ်သည်။

ထို့ကြောင့် ကနေဒါအစိုးရအနေဖြင့် ဆင်းရဲနွမ်းပါးသည့်နိုင်ငံများသို့ ကာကွယ်ဆေးများ ပေးအပ်နိုင်ရေးအတွက် ကြိုးပမ်းရာမှ အမေရိကန်ဆေး ကုမ္ပဏီကြီးတစ်ခု ဖြစ်သည့်မိုဒါနာက ၎င်းတို့၏ဆေးထုတ်လုပ်ရေး စက်ရုံတစ်ခုကို   ကနေဒါနိုင်ငံအတွင်း  တည်ဆောက်ရန် အဆိုပြုခဲ့ခြင်းဖြစ်သည်။

တောင်ကိုရီးယား

ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးတွင် အင်တိုက်အားတိုက် ပါဝင်နေသည့် နိုင်ငံများတွင် တောင်ကိုရီးယား နိုင်ငံကလည်း ပါဝင်လျက်ရှိနေသည်။

တောင်ကိုရီးယားအစိုးရသည်  အာရှနိုင်ငံများဖြစ်သည့်  ဗီယက်နမ်နှင့် ထိုင်းနိုင်ငံသို့ ကာကွယ်ဆေး အလုံးပေါင်း ၁ ဒသမ ၆ သန်းပေးအပ်ရန် သဘောတူထားပြီး ဖြစ်သည်။ တောင်ကိုရီးယား၏ အဆိုပါသဘောတူညီချက်သည် အရှေ့တောင်အာရှ နိုင်ငံများက ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ရေး အတွက် ရုန်းကန်နေရစဉ် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

အရှေ့တောင်အာရှဒေသရှိ နိုင်ငံအချို့သည် ရောဂါကူးစက်မှုကြောင့် ထိခိုက်ခဲ့ရသည့် နိုင်ငံ၏ စီးပွားရေး ပြန်လည်တိုးတက်လာစေရန်နှင့် ပြန်လည်နာလန် ထူလာစေရန်အတွက်    ရောဂါကူးစက်မှု ထိန်းချုပ်ရေးစည်းမျဉ်းများကို  ဖြေလျှော့လျက်ရှိသော်လည်း    ထိုသို့လုပ်ဆောင်မှုများကြောင့်  နိုင်ငံများအတွင်း ရောဂါကူးစက်မှု ပြန်လည်မြင့်တက်လာမည်ဟူသော သုံးသပ်ချက်များလည်း ထွက်ပေါ်နေသည်။

ထိုင်းနိုင်ငံသည်  အောက်တိုဘာ လလယ်ပိုင်း ထုတ်ပြန်ချက်များအရ  နိုင်ငံအတွင်းရှိ လူဦးရေစုစုပေါင်း အနက် ၃၃ ရာခိုင်နှုန်းကို  ကာကွယ်ဆေး အပြည့်အဝ ထိုးပေးနိုင်ခဲ့ပြီး  ဗီယက်နမ်နိုင်ငံကမူ နိုင်ငံ့လူဦးရေ စုစုပေါင်း၏  ၁၇  ရာခိုင်နှုန်းကိုသာ ကာကွယ်ဆေး အပြည့်အဝ ထိုးပေးထားနိုင်သည်။   ထို့ကြောင့် တောင်ကိုရီးယား အစိုးရက အရှေ့တောင်အာရှရှိ  ရောဂါ ကူးစက်မှု ထိန်းချုပ်ရေးတွင် ရုန်းကန်နေရသည့် နိုင်ငံများသို့   ကာကွယ်ဆေးများ ပေးအပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

တောင်ကိုရီးယားက    ပေးအပ်မည့် ကာကွယ်ဆေးများအနက်   အလုံးရေ ၁ ဒသမ ၁ သန်းမှာ ဗီယက်နမ်သို့ ပေးအပ်မည်ဖြစ်ပြီး   ကျန်ကာကွယ်ဆေး အလုံးရေ ၄၇ဝဝဝဝ ကို ထိုင်းနိုင်ငံသို့ ပေးအပ်သွား မည်ဖြစ်သည်။  တောင်ကိုရီးယားနိုင်ငံက ဗီယက်နမ်နှင့် ထိုင်းနိုင်ငံသို့   ပေးအပ်မည့် ကာကွယ်ဆေးမှာ  AstraZenecaမှထုတ်လုပ်ထားသည့်   ကာကွယ်ဆေးဖြစ်သည်။

စင်ကာပူ

ကိုဗစ်-၁၉ ရောဂါကူးစက်မှု တိုက်ဖျက်ရေးတွင်    အထောက်အကူဖြစ်စေရန်အတွက် စင်ကာပူအစိုးရကလည်း တတ်စွမ်း နိုင်သည့် အခန်းကဏ္ဍမှ ပါဝင်လုပ်ဆောင်နေသည်။ စင်ကာပူအနေဖြင့် ဒေသတွင်း ကျန်းမာရေး အရေးပေါ် အခြေအနေများတွင် အသုံးပြုနိုင်ရေးအတွက်  ဒေါ်လာ၇ ဒသမ ၉ သန်းတန်ဖိုးရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို  အရန်ထားရှိမည်ဟု ဝန်ကြီးချုပ်လီရှန်လွန်းက အောက်တိုဘာ လနှောင်းပိုင်းတွင်ပြောကြားသည်။

သို့ရာတွင် အရေးပေါ် အခြေအနေတွင် ကာကွယ်ဆေးများအား အသုံးပြုမည့် လုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍  အသေးစိတ် ထုတ်ပြန်ထားခြင်း မရှိပေ။

စင်ကာပူအစိုးရ၏ အဆိုပါလုပ်ဆောင်ချက်သည်   ရောဂါထိန်းချုပ်ရေး ဒေသတွင်း  စုပေါင်းကြိုးပမ်းချက် တစ်ရပ်အဖြစ်  ထွက်ပေါ်လာခြင်းဖြစ်ပြီး ကာကွယ်ဆေး ထုတ်လုပ်နေမှုကိုပါ တိုးမြှင့်ရန် လုပ်ဆောင်နေသည်။

ထို့ပြင် စင်ကာပူအစိုးရသည် ကာကွယ်ဆေးထုတ်လုပ်ရေး စက်ရုံသစ်သုံးခုကို နိုင်ငံအတွင်း၌ ဖွင့်လှစ်ရန်စီစဉ်လျက်ရှိသည်။အဆိုပါ  ကာကွယ်ဆေး ထုတ်လုပ်ရေးစက်ရုံများတွင် BioNTech ၊ Sanofi နှင့် Thermo Fisher Scientific တို့အနေဖြင့် ၎င်းတို့၏   ကာကွယ်ဆေး ထုတ်လုပ်ရေး စက်ရုံများကို   စင်ကာပူတွင် ဖွင့်လှစ်မည့် အစီအစဉ်များကို အဆိုပြုထားပြီးဖြစ်သည်။

စင်ကာပူအစိုးရသည်   ကိုဗစ်-၁၉ ရောဂါကူးစက်မှု တိုက်ဖျက်ရေးတွင် ပါဝင်လုပ်ဆောင်ကြရန်  ဒေသတွင်း နိုင်ငံများ အပြင် သြစတြေးလျ၊ တရုတ်၊ ဂျပန်၊ နယူးဇီလန်နှင့်  တောင်ကိုရီးယား နိုင်ငံတို့အား တိုက်တွန်းထားသည်။ ဒေသတွင်း နိုင်ငံများအကြား    ပူးပေါင်း လုပ်ဆောင်ခြင်းသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို တိုက်ဖျက်ရေးတွင် အရေးပါသည့် အလားအလာတစ်ခု ဖြစ်သည်ကို စင်ကာပူအစိုးရက ထောက်ပြ ထားသည်။

ထို့ကြောင့် ကိုဗစ်-၁၉ရောဂါကူးစက်မှု တိုက်ဖျက်ရေးတွင် နိုင်ငံများက ပိုမိုပါဝင်လာခြင်းသည်  အနာဂတ်တွင်  ရောဂါဖြစ်ပွားမှုကို အထိုက်အလျောက် လျှော့ချရာတွင်    အထောက်အကူ ပြုမည်ဖြစ်သည်။

Ref: CTVnews, ST