ဂျပန်တွင် အထွေထွေရွေးကောက်ပွဲ စတင်ကျင်းပ

ဂျပန်တွင် အထွေထွေရွေးကောက်ပွဲ စတင်ကျင်းပ

ဂျပန်နိုင်ငံတွင် အောက်တိုဘာ ၃၁ ရက်တွင် စတင်ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲ၌  လက်ရှိ အာဏာရလစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) နှင့် မိတ်ဖက်နိုင်ငံရေးပါတီတစ်ခုဖြစ်သည့်   ကိုမေတိုပါတီက ထောက်ခံမဲအများစုကိုရရှိနိုင်မည့်    အလားအလာရှိကြောင်း အောက်တိုဘာ ၃၁ ရက် ထုတ်ပြန်ချက်အရ သိရသည်။

ရွေးကောက်ပွဲ အာဏာပိုင်များသည် မဲရုံများကို ဒေသစံတော်ချိန် နံနက် ၇ နာရီမှစ၍ ဖွင့်လှစ်ပေးခဲ့ပြီး ပြည်သူများ အနေဖြင့် ဒေသစံတော်ချိန် ည ၈ နာရီအထိ မဲပေးကြခြင်းဖြစ်သည်။

အထွေထွေရွေးကောက်ပွဲ စတင်ကျင်းပပြီး  သုံးနာရီအကြာတွင်  မဲပေးပိုင်ခွင့်ရှိသူ အားလုံးအနက် ၆ ဒသမ ၃၂ ရာခိုင်နှုန်း မှာ  မဲရုံများသို့  လာရောက် မဲပေးခဲ့ကြကြောင်း အာဏာပိုင်များက ထုတ်ပြန်သည်။သို့သော် ယခုပမာဏသည် ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်တွင် သုံးနာရီအတွင်း လာရောက်မဲပေးသည့် ပြည်သူပမာဏထက် လျော့ကျလျက် ရှိကြောင်း သိရသည်။

နောက်ဆုံး ထုတ်ပြန်ချက်များအရ  LDP ပါတီနှင့် ကိုမေတိုပါတီတို့က အောက်လွှတ်တော်ရှိ  အမတ်နေရာ ၄၆၅ နေရာအနက် အနည်းဆုံး ၂၃၃ နေရာကို ရရှိထားသည်။ ထို့ကြောင့် LDP ပါတီနှင့် ညွန့်ပေါင်း အဖွဲ့အနေဖြင့်   အောက်လွှတ်တော်ရှိ အမတ်နေရာအများစုကို ရရှိမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဖူမီယိုကီရှီဒါက ပြောကြားသည်။

ယခုကျင်းပသည့် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီကိုးခုမှ ကိုယ်စားလှယ်လောင်း၁ဝ၅ဝ ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ယခုကျင်းပသည့်  ရွေးကောက်ပွဲသည် မကြာမီက ဝန်ကြီးချုပ် တာဝန်ထမ်းဆောင် ခဲ့သည့်  ဖူမီယိုကီရှီဒါနှင့် နိုင်ငံအတွင်း ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုအားထိန်းချုပ်ရာတွင် အားနည်းခဲ့သည့် LDP    ပါတီတို့အတွက်  စမ်းသပ်ချက် တစ်ရပ်ဖြစ်လာသည်။