ရှေးမြန်မာမင်းများလက်ထက်မှ ယနေ့အထိ ရိုးရာအမွေအနှစ်တစ်ခုအဖြစ် ထိန်းသိမ်း လာခဲ့သည့် မြန်မာ့သနပ်ခါး

သနပ်ခါးကို ကလေးကအစ ဘိုးဘွားများအထိ လိမ်းကျံခြယ်သ အသုံးပြုကြသော ပစ္စည်း တစ်မျိုးဖြစ်သည်။ အထူးသဖြင့်မြန်မာအမျိုးသမီးများသည် သနပ်ခါးကို မခုံမင် မနှစ်သက်သူ ရှားပေလိမ့်မည်။ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများမှ ယခုခေတ်ပေါ် အလှကုန်ပစ္စည်း ကိရိယာများ အဆန်းအပြားများစွာ ဘယ်လောက်ပင်ဝင်ရောက်စေကာမူ    မြန်မာ့သနပ်ခါး ကိုတော့ ကွယ်ပျောက်သွားအောင်စွမ်းဆောင်နိုင်ဦးမည်မဟုတ်ပေ။

သနပ်ခါး၏ဂုဏ်အင်္ဂါ

မြန်မာ့သနပ်ခါးသည် သင်းပျံ့သော ရနံ့နှင့်ပြည့်စုံသည့်အပြင် လိမ်းကျံထားသူ၏ အသားအရေကို စိုပြည်ဝင်းဖန့်၍ လှပစေခြင်း၊ ချောမွတ်စေခြင်း၊ အေးမြစေခြင်း၊ စိတ်ကြည်လင်လန်းဆန်းစေခြင်း၊ နေရောင်ခြည်ဒဏ်မှ ကာကွယ်ပေးခြင်းစသော ဂုဏ်အင်္ဂါ များနှင့်ပြည့်စုံသဖြင့် ရှေးခေတ်နန်းတွင်းသူများမှအစ ကောက်စိုက်သမများအဆုံး   လက်လွတ် မခံနိုင်ဘဲ လိမ်းခြယ်ခဲ့ကြသည်။ မြန်မာမိန်းကလေးများသည် ရေချိုးပြီးတိုင်း သနပ်ခါးကို ခုံခုံမင်မင်နှစ်နှစ်သက်သက် လိမ်းခြယ်ကြသလို ဘုရားသွား၊ ကျောင်းတက် အလှူမင်္ဂလာပွဲနှင့် အခြားပွဲလမ်းသဘင်များ ရှိလျှင်လည်း သနပ်ခါးကို လိမ်းခြယ်သွား ကြသည်။

ဆေးဖက်ဝင်ပုံ

သနပ်ခါးသည် အပူကြောင့်ဖြစ်သောဝေဒနာ၊ အအေးကြောင့်ဖြစ်သောဝေဒနာ နှစ်မျိုးစလုံး အတွက် သွေးပြီးလိမ်းခြင်းဖြင့် ကိုယ်တွင်းရှိ အခိုးများထွက်ကာ ရောဂါပျောက်ကင်းသည်။ အပူဒဏ်ကိုကာကွယ်ပေးသောကြောင့် နေပူထဲတွင်အလုပ်လုပ်သူများ သနပ်ခါးကိုလိမ်းထား ခြင်းဖြင့် အပူဒဏ်မှသက်သာစေသည်။ ခေါင်းကိုက်၊ခေါင်းအုံ၊ ဇက်ကြောတက်၊ နှာခေါင်း ပိတ်ခြင်းတို့အတွက် သနပ်ခါးကိုသွေးပြီး ရှူပေးခြင်းဖြင့် ဝေဒနာသက်သာစေသည်။ အမျိုးသမီးများ မီးယပ်ရောဂါအတွက် သနပ်ခါးကို နနွင်းနှင့်သွေးပြီး လိမ်းပေးရသည်။  အမျိုးသမီးရောဂါများကြောင့် ကိုယ်အမြဲပူနေလျှင် သနပ်ခါးကို ကံ့ကော်ဝတ်ဆံနှင့် ရောသွေးပြီး သကြားအနည်းငယ်ထည့်ကာ တိုက်ကျွေးနိုင်သည်။ အမျိုးသားများ ဆီးကြောင့် ဖြစ်တတ်သည့် ခေါင်းအုံ၊ ခေါင်းကိုက်၊ သွားကိုက်၊ မျက်စိဝေဝါးခြင်းတို့ဖြစ်ပါက သနပ်ခါး မြစ်သွေးပြီး သောက်ပေးရသည်။

မြတ်စွာဘုရားအားရည်မှန်းပူဇော်

မြန်မာမိန်းကလေးများက သနပ်ခါးတုံးကို အလျားလိုက်သွေးပြီး လိမ်းကြသော်လည်း နန်းတွင်းသူ မိန်းမပျိုလေးများက ပို၍နူးညံ့သော သနပ်ခါးနှစ်ကိုရရှိရန် သနပ်ခါးတုံးကို ထောင်၍သွေးကာ လိမ်းခြယ်ကြသည်ဟုဆိုသည်။ ထို့ပြင် မြန်မာမိန်းကလေးများသည် သနပ်ခါးနှစ်များကို ခြောက်သွေ့စေရန် နေလှန်းပြီး နုညက်လှသော အမှုန့်များပြုလုပ်ကာ  ပေါင်ဒါသဖွယ် အသုံးပြုကြသည်။ မြန်မာနိုင်ငံအလယ်ပိုင်း  အညာဒေသတစ်ခွင်တွင် မီးပုံပွဲများ၌ မြတ်စွာဘုရားအားရည်မှန်း၍ သနပ်ခါးဖြင့်ပူဇော်သည့် အလေ့အထရှိကြသည်။ ထိုအလေ့အထများကို ပုဂံခေတ်မှစ၍ အစပျိုးကြသည်။

ပြုလုပ်သုံးစွဲ

သနပ်ခါးသားသည် မာကျော၍ အဝါရောင်ရှိသည်။ ကျစ်လျစ်သိပ်သည်းသောကြောင့် အခြောက်ခံထားသော သနပ်ခါး ၁ ကုဗပေလျှင် ၆၁ ပေါင် အလေးချိန်စီးသည်။ ထို့ကြောင့် ယင်းအသားဖြင့် ဆီကြိတ်ဆုံ၊ ဝင်ရိုးနှင့် စပါးထောင်းသည့်မောင်းအပြင် ပွတ်ထိုးရာတွင် လည်းကောင်း၊ ပန်းပုထုလုပ်ရာတွင်လည်းကောင်း၊ အတိုင်းအတာကိရိယာ ပြုလုပ်သုံးစွဲရာတွင် လည်းကောင်း သနပ်ခါးသားဖြင့် ပြုလုပ်သုံးစွဲကြသည်။ ရောနှောပေါက်ရောက် သနပ်ခါးပင်ကို ရုက္ခဗေဒအမည်အားဖြင့် လင်မိုနီယားအက်စစ်ဒီစီမား ဟုခေါ်၍ သီး၊ ဥသျှစ်၊ လိမ္မော်၊ ရှောက်၊ သံပရာ၊ပျဉ်းတော်သိမ်တို့နှင့် တစ်မျိုးတည်းဖြစ်ကာ သန်း၊ ဒဟတ်၊ ထနောင်း၊ ဆီးဖြူ၊ သျှား၊ တည်ပင်၊ ခံပင်များနှင့် ရောနှောပေါက်ရောက် တတ်သည်။ အပင်လုံးပတ်မှာ သုံးပေခန့်အထိကြီးထွားနိုင်သော  အပင်ငယ်တစ်မျိုးဖြစ်၍ ရွက်ကြွေပင်မျိုးတွင်ပါဝင်သည်။

သနပ်ခါးကိုတိုးချဲ့စိုက်ပျိုး

သနပ်ခါးပင်များကို မြန်မာနိုင်ငံ အနှံ့အပြားတွင် တွေ့ရသော်လည်း  ပူပြင်းခြောက်သွေ့သော  အလယ်ပိုင်းအညာဒေသတွင်ပို၍ ဖြစ်ထွန်းသည်။ အများဆုံးစိုက်ပျိုးသောမြို့မှာ အရာတော် မြို့ဖြစ်ပြီး ဧကတစ်သိန်းကျော်စိုက်ပျိုးကာ မြန်မာတစ်နိုင်ငံလုံးရှိ သနပ်ခါးစိုက်ဧက၏ ၇၅ ရာခိုင်နှုန်းခန့် စိုက်ပျိုးထားကြောင်းသိရသည်။ အခြားထပ်မံစိုက်ပျိုးထားကြသည့် မြို့များမှာ ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ရွှေဘို၊ ဘုတလင်၊ ယင်းမာပင်၊ မုံရွာ၊ မြင်းမူ၊ ပေါက်မြို့တို့၌လည်း    တိုးချဲ့စိုက်ပျိုးထားပြီး သနပ်ခါးစိုက်ဧက   သုံးသိန်းကျော်ရှိကြောင်း သိရသည်။

ပူးပေါင်းဆောင်ရွက်ကြပါစို့

ထို့ကြောင့် ရှေးမြန်မာဘုရင်များ လက်ထက်မှစ၍ ယနေ့အထိ ရိုးရာယဉ်ကျေးမှုတစ်ခုအဖြစ် ထိန်းသိမ်းလာခဲ့ကြသည့် မြန်မာ့သနပ်ခါးကို မြန်မာတို့အတွက် လက်ဆောင်အဖြစ် လည်းကောင်း၊ မြန်မာ့ပြယုဂ်တစ်ခုအဖြစ် လည်းကောင်း တည်ရှိပြီး မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် တစ်ခုအဖြစ် ဆက်လက်ရပ်တည်နိုင်အောင်ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါစို့ဟု    တိုက်တွန်းရေးသားလိုက်ရပါသည်။    ။