မည်သည့်ပုံစံဖြင့် ဥရောပသမဂ္ဂမှခွဲထွက်မည်ကိုဆုံးဖြတ်ရမည့် ဗြိတိန်

ပြီးခဲ့သည့်လေးနှစ်က အမေရိကန် ရွေးကောက်ပွဲနှင့်အပြိုင် နာမည်ကြီးခဲ့သည့် သတင်းက ဥရောပ သမဂ္ဂ (EU) မှ ဗြိတိန်ခွဲထွက်မည်ဆိုသည့်   သတင်းဖြစ်သည်။ သို့သော်လည်း အာဏာရပါတီမှာ ထရီဆာမေ ဗြိတိန်ဝန်ကြီးချုပ် ဖြစ်လာသည့်နောက်ပိုင်း ခွဲထွက်ရေးကို  အချိန်တိုအတွင်း အောင်မြင်အောင်မလုပ်ဆောင်နိုင်ခဲ့ပေ။ ယခု ခွဲထွက်ရေးဦးဆောင်သူ ဘောရစ်ဂျွန်ဆင်ကိုယ်တိုင် ဝန်ကြီးချုပ်ရာထူးဖြင့် ဥရောပသမဂ္ဂမှခွဲထွက်ရေးကို အဓိက ကိုင်တွယ်နေရသူဖြစ်လာသည်။ ဥရောပသမဂ္ဂနှင့် ဘောရစ်ဂျွန်ဆင်တို့ နောက်ဆုံးတွေ့ဆုံခဲ့ ကြသည်က ဇန်နဝါရီလကဖြစ်ကာ ဗြိတိန်တို့ဘယ်လ်ဂျီယံနှင့် အငြင်းပွားမှုမှလွဲပြီး မည်သည့် သဘောတူညီချက်မှ မရရှိခဲ့ပေ။ ဘောရစ်ဂျွန်ဆင်ကိုယ်တိုင်က ခွဲထွက်ရေးသဘော တူညီချက်များကြောင့် နိုင်ငံတကာစည်းမျဉ်းဥပဒေကိုပင် ချိုးဖောက်ရမည့်ဘက်သို့ ရောက်တော့မည်ဟု ဆိုခဲ့သည့်အတွက် ဗြိတိန်တို့ ဥရောပသမဂ္ဂမှခွဲထွက်ရေးကြောင့်   နိုင်ငံတကာ ဥပဒေချိုးဖောက်မည်ကို ဥရောပနိုင်ငံများရော အမေရိကန်တို့ကပါ အနီးကပ် စောင့်ကြည့်ခဲ့ရသည်။ သို့သော်လည်း ဗြိတိန်ကို ဥရောပသမဂ္ဂက ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်း အထိ ညှိနှိုင်းချိန်ထပ်ပေးခဲ့ကာ ကိုရိုနာဗိုင်းရပ်ကြောင့် မည်သည့်တိုးတက်မှု အရိပ်အယောင်မျှ မမြင်ခဲ့ရပေ။

ထို့ကြောင့် ဗြိတိန်အနေဖြင့် နိုင်ငံတကာဥပဒေကိုချိုးဖောက်သည်ဟု အမည်တပ်ခံပြီး ဥရောပ သမဂ္ဂမှ ခွဲထွက်ရေး သဘောတူညီချက်များကို ငြင်းဆန်မည်လား သို့မဟုတ် သဘော တူညီချက်များ အတိုင်းဆက်သွားပြီး အဓိကကုန်သွယ်ရေးဈေးကွက်ကို ထိန်းထားမည်လား ဆိုသည့် အချက်က ဘောရစ်ဂျွန်ဆင် ပြတ်ပြတ်သားသားဆုံးဖြတ်ရတော့မည် ဖြစ်သည်။ ဘယ်လ်ဂျီယံက အကယ်၍ ဗြိတိန်သာ စည်းမျဉ်းဥပဒေများကို ချိုးဖောက်ပါက တရားဥပဒေ မူဘောင်များအတိုင်း အရေးယူမည်ဟု စက်တင်ဘာ ၁၁ ရက်ကကြေညာထားကာ  အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီကလည်း နိုင်ငံတကာဥပဒေကို ချိုးဖောက်မည်ဆိုလျှင် ဗြိတိန်နှင့် အမေရိကန် ဆွေးနွေးနေသည့်  ကုန်သွယ်ရေး သဘောတူညီချက်များကို ချက်ချင်းရပ်တန့်ပစ်မည်ဟု ခြိမ်းခြောက်ထားပြန်သည်။ အမေရိကန် ဖွဲ့စည်းပုံအရ ကုန်သွယ်ရေး သဘောတူညီချက်များ လွှတ်တော်သို့ တင်သွင်း အတည်ပြုရချိန် ဗြိတိန်ကို နိုင်ငံတကာဥပဒေ ချိုးဖောက်သည်ဆိုသော စွပ်စွဲချက် တစ်မျိုးတည်းဖြင့် အောက်လွှတ်တော်က ထိုဥပဒေကို အသက်မသွင်းဘဲ ထား၍ရသည်။ ထို့ကြောင့် အစိုးရပိုင်းက ဗြိတိန်နှင့် မည်မျှပင်ဆွေးနွေးဆွေးနွေး အဓိပ္ပာယ်ရှိတော့မည် မဟုတ်ပေ။ လက်ရှိ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗြိတိန်ခွဲထွက်ရေးကို ထောက်ခံ အားပေးသူဖြစ်ကာ ဗြိတိန်နှင့် ကုန်သွယ်ရေး သဘောတူညီချက်များရရှိရန် မျှော်လင့် နေသူလည်းဖြစ်သည်။  သို့သော်လည်း အမေရိကန်ရွေးကောက်ပွဲက နိုဝင်ဘာ ၃ ရက်ဆိုလျှင် ရောက်လာမည်ဖြစ်သည့်အတွက် ထရမ့်အဖို့ သက်တမ်းတစ်ခု ထပ်အနိုင်ရမှသာ ဗြိတိန်နှင့် အရေးကို ဆုံးဖြတ်ချက်ချနိုင်မည်ဖြစ်သည်။

အကယ်၍  သမ္မတအပြောင်းအလဲဖြစ်မည်ဆိုလျှင် ဒီမိုကရက်တစ်သမ္မတ ဂျိုးဘိုင်ဒင် ဦးဆောင်သော အစိုးရလက်ထက်တွင် ဗြိတိန်တို့ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီ ပြောသကဲ့သို့ ကျိန်းသေဖြစ်လာနိုင်သည်။ အကယ်၍ ဗြိတိန်တို့  ဥရောပသမဂ္ဂမှ စည်းမျဉ်းများအတိုင်းခွဲထွက်မည်ဆိုလျှင် နောက်ထပ် ယူရိုဘီလီယံ ၁၃၀ ကျော်ထပ်မံကုန်ဦး မည်ဖြစ်ကာ ဗြိတိန်အတွက် နစ်နာမှုကြီးဖြစ်သည်။ ထိုအချက်ကို ဘောရစ်ဂျွန်ဆင် စဉ်းစားမိ သောကြောင့် နယ်စပ်ကုန်စည်ပို့ဆောင်ရေးကို ပုံစံပြောင်းပြီး ကိုင်တွယ်ကြည့်ခဲ့သည်။ သို့သော်လည်း အခြေခံအဆောက်အအုံ အသုံးပြုမှုပုံစံ ပြောင်းခြင်းကအစ၊ လုံလောက်သော ကျွမ်းကျင်လုပ်သား မရှိခြင်းနှင့် စနစ်ကူးပြောင်းမှု နောက်မလိုက်နိုင်ခြင်းအတွက် ဗြိတိန် နယ်စပ် ကုန်စည်စီးဆင်းမှုများက ကိုရိုနာဗိုင်းရပ်ဖြစ်ပွားနေသည့်ကြားထဲတွင် အခြေအနေ ပိုဆိုးလာကာ ယခု ဘောရစ်ဂျွန်ဆင် ကိုယ်တိုင် ၎င်းသွားချင်သည့်လမ်းကို  ပြတ်ပြတ် သားသား ရွေးချယ်ရမည်ဖြစ်သည်။

ဗြိတိန်စီးပွားရေးသမားများက ၎င်းတို့၏ အကြီးမားဆုံး ဈေးကွက်ကို မဖျက်ဆီးရန်  သတိ ပေးထားကာ လျော်ကြေးနှင့် ကုန်ကျစရိတ်များပေးပြီး သဘောတူညီချက်ဖြင့်သာ ဥရောပ သမဂ္ဂမှ ခွဲထွက်ရေးကိုဆောင်ရွက်ရန် တိုက်တွန်းနေကြသည်။ အမှန်တကယ်လည်း ဗြိတိန် စီးပွားရေး ၁၀ရာခိုင်နှုန်းကို ကာကွယ်ပေးထားသည်က လွတ်လပ်သော ကုန်သွယ်ရေး သဘောတူ စာချုပ်များဖြစ်ကာ ဥရောပသမဂ္ဂကအကြီးဆုံး ဈေးကွက်ဖြစ်သည်။ ဂျပန်နှင့် ရှိပြီးသား သဘောတူညီချက်များအတိုင်း ဘောရစ်ဂျွန်ဆင်က ကုန်သွယ်ရေးသက်တမ်း ထပ်မံတိုးနိုင်ခဲ့ကာ ဂျပန်သဘောတူညီချက်ကလည်း ဗြိတိန်၏စီးပွားရေး ၁၀ ရာခိုင်နှုန်းကို ပံ့ပိုးပေးနေသည့် အဓိကနိုင်ငံများထဲတွင် ပါဝင်သည်။ ထို့ကြောင့် လတ်တလော နစ်နာမှုကို ကြည့်ပြီး ရေရှည်ကိုမကြည့်လျှင် ဗြိတိန်၏စီးပွားရေးက နောက်ထပ် ၁၀ ရာခိုင်နှုန်းကျော် ထပ်မံကျဆင်းရဦးမည်ဖြစ်ကာ ယခုပင် ယူရိုငွေကြေးကျဆင်းမှုနှုန်းက ပိုမိုမြန်ဆန်လာသည်။ အကယ်၍ သဘောတူညီချက်များကိုချိုးဖောက်ပြီး နုတ်ထွက်ခဲ့လျှင်နောက်ထပ်ယူရိုငွေကြေး ၁၀ ရာခိုင်နှုန်းထပ်မံကျဆင်းဦးမည်ဖြစ်သည်။

ဥရောပသမဂ္ဂသည် ဗြိတိန်၏ပို့ကုန် ဈေးကွက်အကြီးဆုံးဖြစ်ကာ ၄၂ ရာခိုင်နှုန်းအထိ နေရာ ယူထားသည်။ ပို့ကုန်ဈေးကွက်မြင့်သလောက် နေ့စဉ် စားသောက်ကုန်ကအစ ဆေးဝါးအဆုံး ပြန်လည် တင်သွင်းရသည့်အတွက် ပို့ကုန်သွင်းကုန်က ဥရောပသမဂ္ဂနှင့်  ဖြတ်တောက် မရသော လမ်းကြောင်း ယခင်ကတည်းက ရှိခဲ့သည်။ အကယ်၍ ထိုလမ်းကြောင်းသာ ဗြိတိန်တို့ တရားမဝင်ခွဲထွက်မှုမျိုးဖြင့်ဖြတ်တောက်ခဲ့ပါက ဥရောပသမဂ္ဂက အခွန် ၂၂ ရာခိုင်နှုန်းကောက်ခံမည်ဖြစ်သည့်အတွက် ကုန်ဈေးနှုန်းကြီးမြင့်မှုအပြင် အစားအသောက်နှင့် ဆေးဝါးပြတ်တောက်မှုအထိပင် ဖြစ်လာနိုင်ကြောင်း ပညာရှင်များက သတိပေးထားသည်။ လက်ရှိခံစားနေရသော ကိုရိုနာဗိုင်းရပ်ထက်ပင် ပိုမိုဆိုးရွားသည့်အဆင့်ကို ရောက်မည့် အခြေအနေ တစ်ခုဟု စီးပွားရေးပညာရှင်များကလည်း သတိပေးလာပြီဖြစ်သည်။  

ဗြိတိန်တို့ ၂၀ ရာခိုင်နှုန်း စီးပွားရေးကျဆင်းမှုဖြင့် ကြုံထားရကာ သမိုင်းတစ်လျှောက် အဆိုးရွားဆုံး အခြေအနေဖြစ်သည်။ ထို့ကြောင့် ဘောရစ်ဂျွန်ဆင်က အလျှော့ပေးပြီး တရားဝင် ခွဲထွက်မည်လား သို့မဟုတ် နိုင်ငံတကာဥပဒေချိုးဖောက်ပြီး ဥရောပသမဂ္ဂမှ တရားမဝင် ခွဲထွက်မည်လားဆိုသည်ကို စောင့်ကြည့်ရဦးမည် ဖြစ်ပါကြောင်း  ရေးသားတင်ပြ လိုက်ရပါသည်။  ။

Ref;CNN