ကန်သာအင်းလေးတည်တံ့အောင် ပေါင်းစုအားဖြင့် တို့စွမ်းဆောင်

“ရွှေပြည်သိင်္ဂါ၊ တောင်လက်ျာဝယ်

ထက်စွာမြင့်ခေါင်၊ ပြာရီမှောင်သည်

သန်းတောင်ဂီရိ၊ မိုးတရှိက

မြညှိစိုစို၊ မြေတခိုတွင်

ရေညိုပျံ့သင်း၊ ညောင်ရွှေအင်းလည်း

နတ်မင်းသုံးရန်၊ နန္ဒာကန်နှင့်

သဏ္ဌာန်မခြား၊ရေကျက်စားသည်

ရေသားတံငါစီးပွားရှာသို့

ကွန်ချာပွင့်ရုပ်၊ ဝင့်ကာအုပ်၍”

စာဆိုရှင် စလေဦးပုည၏ ညောင်ရွှေမြို့ပေးမေတ္တာ စာပါ ကဗျာစာသားများသည် ကန်သာ အင်းလေး၏ အလှနှင့် လှုပ်ရှားရုန်းကန်ရသော ဘဝတစ်စိတ် တစ်ဒေသတို့ပင်ဖြစ်သည်။ အင်းလေးကန်သည် တောင်မြောက်သွယ်တန်းလျက်ရှိသော တောင်တန်းကြီး နှစ်ခုအကြားတွင် ခွက်ဝင်နေသော ညောင်ရွှေချိုင့်ဝှမ်းကြီး၏ အလယ် အနက်ရှိုင်းဆုံးအပိုင်း၌တည်ရှိသည်။

အင်းလေးကန်သည် တောင်စွယ်တောင်တန်းများနှင့် ဝန်းရံထားပြီး သဘာဝအလှတရား များနှင့် ယဉ်ကျေးမှု ဓလေ့ထုံးစံတို့ဖြင့်ပြည့်စုံနေမှု၊ ရေပေါ်တွင်အိမ်ဆောက်၊  ရေပေါ်တွင်နေထိုင်၊ ရေပေါ်တွင် ကျင်လည်စွာ အသက်မွေးဝမ်းကျောင်းပြုရင်း မိမိတို့ဘဝအား အသက်ထက်ဆုံးရိုးရှင်းစွာ နေထိုင် သွားသူတို့ စုဝေးရာနေရာ၊  လှေကိုခြေထောက်ဖြင့်လှော်ကာ ကူးလူးသွားလာရာ  နေရာစသည့် ထူးခြားဆန်းပြားမှုတို့နှင့် ပြည့်နှက်နေသဖြင့် မြန်မာနိုင်ငံ၏ပြယုဂ်တစ်ခု၊ မျက်နှာဖုံးတစ်ခု ပင်ဖြစ် သည်။  ကန်အလယ်  ဖောင်တော်ဦးဘုရားကလည်း ကြည်ညိုဖွယ်ရာအတိရှိနေပြီဖြစ်သည်။

အလှပေါ်အယဉ်ဆင့်သည့် မြန်မာနိုင်ငံ၏အသည်း နှလုံးနေရာပင်ဖြစ်သည်။  အင်းလေးကန်သည်  မြန်မာနိုင်ငံ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ် ညောင်ရွှေမြို့အနီးတွင် တည်ရှိသည်။ အကျယ်အဝန်းအားဖြင့် ၄၄ ဒသမ ၉ စတုရန်းမိုင်(၁၁၆ စတုရန်းကီလိုမီတာ) ခန့်ရှိပြီး ပင်လယ် ရေမျက်နှာပြင်အထက် ၂၉၀၀ ပေ  (၈၈၀ မီတာ)ကျော် မြင့်မားသည့်နေရာမှာရှိသော တောင်ပေါ် ဒေသရှိ ထုထည်ကြီးမားသော အင်းအိုင်ကန်ကြီးတစ်ခုဖြစ်သည်။ ထိုတောင်ပေါ် အင်းအိုင် လူနေထိုင်မှုဖြစ်စဉ်သည် ကမ္ဘာပေါ်တွင်ထူးခြား ရှားပါးသောနေရာဖြစ်သည်။ လှေကိုခြေဖြင့်လှော် ခတ်သည့်ဓလေ့ကို အင်းလေးဒေသမှာသာတွေ့ရှိရပြီး ထိုလှေခတ်ဟန်ကား အခြားဒေသများမှ အတုခိုးကာ တွင်ကျယ်စွာအသုံးပြုနိုင်၍မရသေးပေ။

အင်းလေးဟူသော ဝေါဟာရနှင့်ပတ်သက်၍ အင်းလေးဒေသရှိ ကန်လေးကန်ကိုအကြောင်းပြု၍ လည်းကောင်း၊ ကချင်ပြည်နယ်ရှိ အင်းတော်ကြီးကန် ထက်ငယ်သောကြောင့် “အင်းကလေး”မှ “အင်းလေး” ဟူ၍လည်းကောင်း၊ အင်းလေးရွာအမည်တွင်ခဲ့ရာမှ “ရွာ” ဟူသောစကားလုံးကို ဖြုတ်၍ ခေါ်ကြသောကြောင့်  “အင်းလေး” ဖြစ်လာသည်ဟူ၍လည်းကောင်း၊ “ထားဝယ်” အဆက်အနွှယ် အိမ်ထောင်စုတို့က စတင်တည်ထောင်ခဲ့ရာမှ အင်းလေးရွာ၊ အင်းလေးအမည်ဖြစ်ပေါ်လာ သည်ဟူ၍ လည်းကောင်း အမျိုးမျိုးသောထင်မြင် ယူဆချက်များအား ကြားသိခဲ့ရသည်။

အင်းလေးအင်းကြီး၏ သမိုင်းစာပေ၊ မှတ်တမ်းများအရ အင်းလေးအင်းကြီး သေးငယ်စဉ်အခါက ရမ္မာဝတီမြို့ဟောင်းနေရာသည်  ကုန်းမြေဖြစ်ပြီး  ရမ္မာဝတီမြို့သူ/မြို့သားများသည် ရေလွတ်ရာ အရှေ့တောင်ခြေသို့ ပြောင်းရွှေ့လာကြပြီး မိုင်းသောက်တွင် စတင်နေထိုင်ခဲ့ကြသည်။ အင်းရေများ ကျသွားသည့်အခါတွင် မြောက်ဘက်သို့ရွှေ့ပြောင်းခဲ့ပြီး ဖန်းဖယ်နှင့် မန်ကျည်းစင်အမည်ရ အမြွှာမြို့နှစ်မြို့ကို မြို့ရိုးများ၊ ကျုံးများဖြင့်တည်ဆောက်ခဲ့ကြသည်။ ၎င်းနေရာသည် ကျဉ်းမြောင်း သေးငယ်လှသည့်အတွက်  သက္ကရာဇ်  ၁၃၅၉ တွင် စော်ဘွားကြီး ဆီဆိုင်ဖမှ ယခုညောင်ရွှေမြို့ကို မြို့အင်္ဂါရပ်နှင့်အညီ တည်ခဲ့သည်ဟုဆိုကြသည်။

ကောသမ္ဘီတိမ်ကောပျက်သုဉ်းပြီး နှစ်ရာပေါင်းများစွာ ကြာမြင့်လာသည့်အခါ ရေများကျသွား ခဲ့ပြီးနောက် ကုန်းမြေများပေါ်ထွန်းလာခဲ့သည်။ ညောင်ရွှေမြို့သည် ညောင်ရွှေချိုင့်ဝှမ်းကြီး၏ အလယ်တွင်တည်ရှိပြီး ညောင်ရွှေမြို့အား ရှမ်းဘာသာဖြင့် “ယောင်ဟွေ့”ဟုအသံထွက်သည်။ တောင်နှစ်လုံးကြားမှ ကုန်းမြေမို့မို့ဟုအဓိပ္ပာယ်ရသည်။ ရေကျသွားသဖြင့်  ကျန်ရှိခဲ့သောကုန်းမြေ ဖြစ်သောကြောင့်  “မိုင်းယောင်ဟွေ့” ဟုလည်း ဒေသခံများက ခေါ်ဝေါ်ကြသည်။ ရပ်စောက်မြို့ သမိုင်းစစ်တမ်းအရမြန်မာ သက္ကရာဇ် ၁၀၁၊ ခရစ်သက္ကရာဇ် ၇၃၉ တွင် သရေခေတ္တရာမှ ဒွတ္တပေါင်မင်းသည် အင်းလေးရှိရေပေါ် စံနန်း၌   ခေတ္တလာရောက်စံမြန်းသွားသည်ဟု “အင်းလေး မြန်မာစာတမ်း” တွင် ဖော်ပြထားခြင်းဖြင့် အင်းလေးဒေသ ညောင်ရွှေလွင်ပြင်ကြီးသည် အေဒီ ၇၀၀ လောက်ကပင် ယဉ်ကျေးမှုထွန်းကားပြီး အခြားဒေသမှ မင်းနှင့်လူသူအရောက်အပေါက်ရှိသည်ကို ပြဆိုနေပေသည်။ အင်းတစ်ဝိုက်ရှိ မပျောက်ပျက်သေးသည့် မြို့ရိုး၊ အုတ်ရိုးနေရာများ၊ ရှေးဟောင်း စေတီပုထိုးများ၊ သမိုင်းဝင်အဆောက်အအုံများအား ကြည့်ခြင်းအားဖြင့်  သမိုင်းကြောင်းရှည်လျား သည့် ယဉ်ကျေးမှုများ နှစ်ပေါင်းထောင်ချီ၍ ရှိနေသည်ကား အမှန်ပင်ဖြစ်သည်။ အစားထိုးမရသည့် သမိုင်းဝင် နေရာတစ်ခုပင်ဖြစ်သည်။

ဘူမိဗေဒပညာရှင်များက ရှမ်းကုန်းမြေမြင့်ဒေသသည် Limestone ခေါ် ထုံးကျောက်များ ပေါကြွယ် ရာဒေသဖြစ်သည်။ မိုးများ အဆက်မပြတ်ရွာသွန်းရာတွင် ထုံးကျောက်များ အရည်ပျော်ရာမှ ဖြစ်ပေါ်လာသော  ပျော်ဝင်ကန် (Solution Lake) ဖြစ်သည်ဟုလည်းကောင်း၊ ထုံးကျောက်များကို ရေတိုက်စားခြင်းဖြင့် ရေတိုက်စားခံရသော နေရာများတွင် ချိုင့်ဝှမ်းဖြစ်ပေါ်လာသော ထုံးကျောက်အိုင် ဟူ၍လည်းကောင်း၊ အင်းလေးကန်၏ တစ်ဖက်တစ်ချက်ရှိအက်ကြောင်းကြီး နှစ်ခု၏ အလယ်ထုအောက်သို့ လျှောကျမှုကြောင့် (ထုပြတ်ရွေ့ Block Faulting ) ဖြစ်ပေါ်လာသော ရေအိုင်ဟူ၍လည်းကောင်း ဆိုကြသည်။ 

အင်းလေးကန်သည် သမိုင်းမှတ်တမ်း၊ ဘူမိဗေဒမှတ်တမ်းများအရ နှစ်ကာလကြာညောင်းစွာတည်ရှိ နေပြီဖြစ်သည်။ ဖြတ်သန်းလာရသော ကာလများအရ အင်းရေပြင်သည် မာန်ဟုန်ပြင်းပြင်း ထုထည်ကြီးမား သည့်အချိန်ကိုလည်းကြုံခဲ့ဖူး၏။ ထုထည်သေးငယ်သည့် ရေပြင်တိမ်တိမ်နှင့်လည်း နေခဲ့ဖူး၏။ ရေပြင်သည်အင်အားရှိခြင်း၊ အင်အားသေးခြင်းသံသရာကို အဖုံဖုံခံစားခဲ့ရဖူး၏။ လူသားနှင့် သဘာဝတောတောင် ရေမြေတို့၏ပဋိပက္ခသည် ကမ္ဘာနှင့်အဝှမ်း ကြုံတွေ့နေရသော အဆုံးမသတ်နိုင်သည့် အားပြိုင်မှုပင်ဖြစ်သည်။ အင်းလေးကန်နှင့် ပတ်ဝန်းကျင်သည်လည်း  လူသားတို့ ဖန်တီးနေသော ဘေးအန္တရာယ်အောက် ရောက်နေသည်ဟုဆိုနိုင်သည်။  ရှေးယခင်က  အင်းလေးဒေသပတ်ဝန်းကျင်တွင်   လူနေအိမ်ခြေ နည်းပါးကာ ရေခြံများ၊   ကျွန်းမျောစိုက်ခင်းများ မထွန်းကားသေးခဲ့။ ဘေးဘယ်ညာနှင့်မြောက်ဘက်မှ စီးဝင်သော ရေချောင်း၊ ရေမြောင်းများသည် သစ်တော ထူထပ်၍ ရေစီးရေလာကောင်းခဲ့သည်။ သစ်မြစ်များ၊  သစ်ပင်များကြောင့် နုန်းပါဝင်မှု အားနည်းနေသည့်အတွက် ရေချောင်းများကြည်လင်၍ အင်းလေးကန် ကြီးရေစီးဝင်မှုအား ကောင်းခဲ့သည်။

သို့သော် “တောပင်ကိုတော်တော်ခုတ်ပေါ့၊ တောပြုတ်လိမ့်နောက်နောင်၊ တောပြုတ်လို့တောပြောင် လျှင် မိုးခေါင်တော့မှာပဲ၊ မိုးခေါင်လို့ရေမကြွယ်၊ သဲပင်လယ် ဖြစ်လိမ့်မလွဲ” ဆိုသကဲ့သို့ လူသားတို့၏ ပယောဂကြောင့် အင်းလေးရေပြင်သည် တစ်စတစ်စကျဉ်းမြောင်းလာကာ တိမ်ကောရလုနီးပါး အခြေအနေသို့ ဆိုက်ရောက်ခဲ့ရဖူးသည်။ ပညာရှင်များက အင်းလေးရေပြင်သည် နောင်နှစ်ပေါင်း ၅၅၀ ခန့်တွင် ခန်းခြောက်ကောသွားနိုင်သည်ဟု ခန့်မှန်းတွက်ဆထားကြသည်။ ကျွန်ုပ်တို့က မထိန်းသိမ်းပါလျှင် ယခုထက်ပင်စော၍ ခန်းခြောက်ကောသွားနိုင်ပါသည်။

နိုင်ငံတော်၏သယံဇာတများအား   ထိန်းသိမ်း စောင့်ရှောက်နိုင်ခြင်းမရှိပါက ရေရှည်တွင်အကျိုးမဲ့ ရင်ဆိုင်ကြုံတွေ့နေရမည်ဖြစ်သည်။ အင်းလေးကန်ဝန်းကျင်တွင် သစ်တောသယံဇာတများ ပျက်စီး ပါက ရေသယံဇာတ၊  မြေသယံဇာတများ ဆက်စပ်ဆုံးရှုံးမည်ဖြစ်ရာ လတ်တလော အကျိုးစီးပွားကို မကြည့်ဘဲ ရေရှည်အကျိုးစီးပွားကိုကြည့်၍ ထိန်းသိမ်းစောင့် ရှောက်ကြရမည်ဖြစ်သည်။   အင်းလေးကန်တိမ်ကောရခြင်းတွင် စိုက်ပျိုးမြေတိုးချဲ့ခြင်းကြောင့် အင်းလေးကန် ရေဝေရေလဲ သစ်တောများပြုန်းတီးခြင်း၊ လူနေဒေသကိုလွန်စွာတိုးချဲ့ခြင်း၊ ချောင်းများမှစီးဝင်သည့် ရေလမ်း ကြောင်း တစ်လျှောက်ရှိ ပတ်ဝန်းကျင်၌ တောင်ယာခုတ်ထွင် ရှင်းလင်းထွန်ရက်မှုများကြောင့် အပေါ်ယံမြေများ  အချပ်လိုက်  တိုက်စားစီးဆင်းလာခြင်း၊ ကမ်းပါးပြို တိုက်စားစီးဆင်းခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ကန်အတွင်း သဲနုန်းပို့ချမှုမှတစ်ဆင့်  တိမ်ကောလာခြင်း စသည့် အကြောင်းအချက် များကိုတွေ့ရသည်။ ရေအရည် အသွေးကျဆင်းလာမှုနှင့်အတူ ရေမှော်၊ ဗေဒါများ ထူထပ်စွာ ပေါက်ရောက်လာပြီး ရေလမ်းကြောင်း ပိတ်ဆို့လာကာရေပြင်ဧရိယာနှင့် ရေလှောင်ပမာဏ လျော့နည်းလာခြင်းများကို အင်းလေးဒေသခံများ ကြုံတွေ့လာရချေပြီ။ အင်းလေးကန်တွင် ၂၀၁၀ ခုနှစ်၊ ၂၀၁၅ ခုနှစ်၊ ၂၀၁၆ ခုနှစ်တို့တွင် ဆိုးရွားစွာ ရေခန်းခြောက်ခြင်းတို့ကိုလည်း ကြုံတွေ့ခဲ့ရဖူးပြီ ဖြစ်သည်။

ထို့ပြင်အင်းလေးဒေသသို့ လာရောက်ကြသော ဧည့်သည်များ၏ စားကြွင်းစားကျန်များ၊ အမှိုက် သရိုက်များ၊ ပလပ်စတစ်များကို ရေပြင်သို့ပစ်ချခြင်း ဖြင့်လည်းကောင်း စသည့်အကြောင်းအချက် တို့သည် ယခင်အင်းလေး ကန်ထက်စာလျှင် အစစအရာရာ (သိသိသာသာ) ယုတ်လျော့ တိမ်ကော၍ နေပြီဖြစ်သကဲ့သို့  သဘာဝအလှအပတို့သည်လည်း လျော့ရဲ၍လာနေပြီဖြစ်ပါသည်။ အင်းလေးကန် အစဉ်အမြဲ သန့်ရှင်းသာယာလှပစေပြီး သဘာဝပတ်ဝန်းကျင်နှင့် ဆက်စပ်ဂေဟစနစ်များ မပျက်သုဉ်းစေရန်နှင့် အင်းလေးကန်၏ သဘာ၀အနေအထားများ အရှည်တည်တံ့နေစေရန် တို့အတွက်နိုင်ငံတော်၊ ပြည်သူနှင့်တပ်မတော်တို့က လက်တွဲပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိနေပြီ ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ဒေသဆိုင်ရာ အာဏာပိုင်များ၊ ဆက်စပ်ဌာန များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး နှစ်စဉ်သဲနုန်းကျင်းပေါင်း တစ်သိန်းခန့်ကို တူးဖော်ဖယ်ရှား ပေးလျက်ရှိပါသည်။

တပ်မတော်အကြီးအကဲအနေဖြင့် ကာကွယ်ရေးဆိုသည်ကို စစ်ဆင်ရေးတစ်ခုတည်းသာ မဟုတ်ဘဲ ပြည်သူ့အသက် အိုးအိမ်စည်းစိမ်ကိုကာကွယ်ခြင်း၊ ပြည်သူ့အကျိုးဖော်ဆောင်ပေးခြင်းနှင့် ပြည်သူတို့၏ စားရေး၊ သောက်ရေး၊ ယဉ်ကျေးမှုတို့ကိုထိခိုက်မှုမရှိစေရေး ကာကွယ်ရမည်ဟု ခံယူထားသူဖြစ်သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်တွင်အင်းလေးဒေသသို့ ရောက်ရှိခဲ့စဉ် ရပ်မိရပ်ဖများ၊ ဒေသခံများနှင့်တွေ့ဆုံ၍ အင်းလေးကန် ရေရှည်တည်တံ့ပြီး စိမ်းလန်းစိုပြေရေး၊ အင်းလေးကန်အား ပလပ်စတစ်ကင်းမဲ့ဇုန် အဖြစ် သတ်မှတ်သင့်ရေး၊ ကန်အတွင်းမှဗေဒါပင်များ ဆယ်ယူရေးအတွက် စက်ယန္တရား တိုးချဲ့နိုင်ရေးနှင့် ဗေဒါပင်များမှ သဘာ၀မြေသြဇာထုတ်လုပ်ပြီး စိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာ လျှော့ချရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။ နှစ်စဉ်နွေရာသီရောက်တိုင်း ဒိုက်၊ မှော်၊ ဗေဒါများကြောင့် ရေလမ်းကြောင်းပိတ်ဆို့မှုဖြစ်ပွားပြီး စက်လှေများဝင်။ ထွက်သွားလာရန် ခက်ခဲခြင်း ဒုက္ခကား ကြီးမားလှပါသည်။ အင်းလေးကန်၏ ဧရိယာအကျယ်အဝန်းသည် ဗေဒါ၊ ဒိုက်၊ နုန်း၊အနယ်အနှစ်များနှင့် အမှိုက်စွန့်ပစ်မှုတို့ကြောင့် ယခင်ထက်ဧရိယာ ပိုမိုကျဉ်းမြောင်းလာပြီး ရေလျော့နည်းလာသည့် အခြေအနေမှာ ဗေဒါနှင့်ကန်ရေပြင် သဟဇာတမရှိသဖြင့် သဘာ၀ အလှတရားပျက်ရခြင်းဖြစ်သည်။ မည်သည့်အရာတွင် မဆိုတစ်ဖက်စွန်းသည်မကောင်း၊ အင်းလေး ရေပြင်တွင် ဗေဒါ၊ ဒိုက်၊ ကျွန်းမျောတို့ဖြင့်များပြား နေပါက သဘာဝအလှတရား ပျက်ရမည်။ အကျည်းတန်ရမည်။ ရေပြင်နှင့်ဗေဒါရှိသင့်သည့်ပမာဏ သဟဇာတရှိမှသာ ကန်ရေပြင်အစဉ်တင့်၍ အလည်လာစေချင်သည့် ဧည့်သည်များအား ကမ်းလင့်နေမှာဖြစ်ပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အင်းလေးဒေသခံများ၏ တင်ပြချက်များနှင့် အင်းလေးကန်ထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေရန်အတွက် လမ်းညွှန်ချက်များဆောင်ရွက်ခဲ့ပြီး လမ်းညွှန်ချက်များအရ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက ဒိုက်နှင့်ဗေဒါရှင်းစက် Aquatic Weed Harvester နှစ်စီးကို လှူဒါန်းခဲ့ ပါသည်။ ၎င်းစက်သည် ကနေဒါနိုင်ငံထုတ် Aquamarine အမှတ်တံဆိပ်ဖြစ်ပြီး တစ်စီးလျှင်ငွေ $ ၂၄၆၀ သိန်း တန်ဖိုးရှိသည်။ ယာဉ်အလေးချိန် ၃ တန်ခန့်ရှိပြီး ဒိုက်နှင့် အမှိုက်သယ်နိုင်ဝန် ၂၀၁ ကုဗပေခန့် တင်ဆောင်နိုင်သည်။ တစ်နာရီလျှင် ဒိုက်နှင့်အမှိုက် ၂၀၀ ကုဗပေရှင်းလင်းနိုင်ပြီး တစ်ရက်လျှင် ၁၆၀၀ ကုဗပေရှင်းလင်းနိုင်မည်ဖြစ်သည်။ ၎င်းစက်ဖြင့်ရှင်းလင်းရာတွင် ဒိုက်များအား ထိုးကော်ဖြတ်တောက်ခြင်း၊ ယာဉ်ပေါ်သို့တင်ဆောင်ခြင်း၊ သတ်မှတ်တန်ချိန်ပြည့်ပါက စွန့်ပစ်မည့် မြေနေရာသို့သွန်ချခြင်း စသည့်လုပ်ငန်းများကို Automatic System များဖြင့်လုပ်ဆောင်နိုင်မည် ဖြစ်သည်။ ထို့အတွက်လူပင်ပန်းမှုကို သက်သာစေမည် ဖြစ်သကဲ့သို့ အင်းလေးကန်သန့် ရှင်းသာယာ လှပရေးလုပ်ငန်းများကို ပိုမိုလျင်မြန်စွာဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ၎င်းစက်သည် စက်တင်ဘာလ ပထမပတ်တွင် အင်းလေးဒေသသို့ရောက်ရှိခဲ့သည်။ စက်တင်ဘာလ ၈ ရက်တွင် ယာဉ်များအား အင်းလေးကန်အတွင်း စမ်းသပ်မောင်းနှင်၍ အမှိုက်နှင့်ဗေဒါများကို စတင်ရှင်းလင်း လျက်ရှိသည်။ အင်းလေးဒေသ ရေရှည်သန့်ရှင်းတည်တံ့ရေး ဆောင်ရွက်ရာတွင် အသုံးဉပနိုင်ရန် အတွက် ဒေသခံများနှင့်သက်ဆိုင်ရာဌာနသို့ စက်တင်ဘာလ ၁၀ ရက်တွင်လွှဲပြောင်းပေးအပ်ခဲ့သည်။ အင်းလေးကန်ကြီး မူလအခြေအနေသို့ ပြန်လည်ရောက်ရှိရန်မှာ လွယ်ကူမည်မဟုတ်ချေ။ အင်းလေးကန် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အင်းလေးဒေသတွင် နေထိုင်သူများ၊ လာရောက် လည်ပတ်သူများ၊ လာရောက် အလုပ်လုပ်ကိုင်သူများ အားလုံးသည် အင်းလေးကန်ကြီးကို ထိခိုက်ပျက်စီးစေမည့် လုပ်ရပ်မှန်သမျှအား ရှောင်ကြဉ်ရမည်ဖြစ်ပါသည်။