သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ဖို့ ပြောင်းလဲပေးနိုင်တဲ့ လူသားတွေရဲ့ သွားလာမှုအမူအကျင့်များ

ယနေ့အချိန်အခါမှာ မော်တော်ယာဉ်တွေဆိုတာ လေထုညစ်ညမ်းမှုနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကို အများဆုံး ဖြစ်ပေါ်စေတဲ့အရာဖြစ်ပါတယ်။ ကားတစ်စီးကနေ လောင်စာဆီ ၁ ဂါလန် လောင်ကျွမ်းသွားတိုင်း ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ၁၉ ပေါင်ကျော်ထွက်ရှိပါတယ်။ တစ်နေ့တစ်နေ့ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ လမ်းတွေပေါ်မှာ သွားလာနေတဲ့ ကားအရေအတွက်က မရေမတွက်နိုင်အောင်ပါပဲ။ အထူးသဖြင့် ခရီးဝေးသွားခြင်းထက် ရုံးတက်၊ ရုံးဆင်းသွားလာမှုက ပိုများပါတယ်။ ဒါကြောင့် မိမိတို့ရဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ဖို့ဆိုရင် မိမိတို့ရဲ့ နေ့စဉ်လှုပ်ရှားသွားလာမှုပုံစံကို ပြောင်းလဲဖို့လိုပါတယ်။ ဘယ်လိုနည်းလမ်းတွေနဲ့ နေ့စဉ်သွားလာ လှုပ်ရှားမှုပုံစံကိုပြောင်းလဲပြီး မိမိတို့ရဲ့ သဘာဝပတ်ဝန်းကျင် ကြီးကိုကာကွယ်နိုင်လဲဆိုတာ အောက်မှာ ဆက်လက်ဖော်ပြလိုက်ပါတယ်။

စက်ဘီးစီးပါ

အမေရိကန်နိုင်ငံမှာ အလုပ်လုပ်နေသူစုစုပေါင်းရဲ့ သုည ဒသမ ၆ ရာခိုင်နှုန်းဖြစ်တဲ့ လူအယောက် ၈၇၂၀၀၀ ခန့်ဟာအလုပ်ကို နေ့စဉ်စက်ဘီးစီးပြီး သွားတယ်လို့ဆိုပါတယ်။ စက်ဘီးစီးတာကို အကြိုက်ဆုံး အရွယ်တွေက ၁၆ နှစ်ကနေ ၂၄ နှစ်ကြားဖြစ်တယ်လို့ အကြမ်းဖျင်းဆိုနိုင်ပေမယ့် အသက် ၄၅ နှစ်နဲ့အထက် အလုပ်သမားတွေကလည်း အလုပ်ကို စက်ဘီးနဲ့သွားတာ ပိုမိုနှစ်သက်ကြ ပါတယ်။ စက်ဘီးစီးခြင်းဟာ မိမိရဲ့တစ်ကိုယ်ရေ ကျန်းမာရေးအတွက် သိပ်ကောင်းတဲ့ လေ့ကျင့်ခန်း တစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် စက်ဘီးစီးခြင်းဟာ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကို ထိန်းသိမ်းကာကွယ်နိုင်ရုံသာမက လူကိုလည်းကျန်းမာစေလို့ မိမိတို့ပြောင်းလဲတဲ့ နေ့စဉ်သွားလာမှု ပုံစံတစ်ခုဖြစ်ပါတယ်။

လမ်းလျှောက်ပါ

အိမ်နဲ့အလုပ်နဲ့နီးသူတွေ အတွက်ကတော့ အလုပ်ကို လမ်းလျှောက်သွားတာက သိပ်ကိုအကုန် အကျနည်းတဲ့အတွက် ကံကောင်းတဲ့ လူသားတစ်ဦးဖြစ်ပါလိမ့်မယ်။ အမေရိကန်နိုင်ငံမှာတော့ စက်ဘီးစီးပြီးအလုပ်သွားတဲ့သူ သုည ဒသမ ၆ ရာခိုင်နှုန်းသာရှိပေမယ့် လမ်းလျှောက်သွားတဲ့ သူကတော့ ၂ ဒသမ ၉ ရာခိုင်နှုန်းရှိပါတယ်။ လမ်းလျှောက်ခြင်းကြောင့် ရရှိမယ့်အားသာချက်တွေက အဓိကအားဖြင့် ကျန်းမာရေးကောင်းလာခြင်းပါပဲ။ အမေရိကန်နှလုံးရောဂါ အဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက် အရဆိုရင် တစ်နေ့ကို နာရီဝက်လောက် လမ်းလျှောက်ပေးခြင်း ဟာလေဖြတ်ခြင်း၊ အရိုးပွရောဂါဖြစ်ခြင်းနဲ့ နှလုံးရောဂါများဖြစ်ခြင်း အပါအဝင် ဆိုးဝါးလှတဲ့ကျန်းမာရေး ပြဿနာတွေ ဖြစ်ပွားမှုကို လျော့နည်းစေလိမ့်မယ်လို့ ဆိုပါတယ်။ ဒါကြောင့် အလုပ်ကိုလမ်းလျှောက် သွားမယ် ဆိုရင် တစ်ဖက်က ကိုယ့်ကျန်းမာရေးကိုလိုက်စားပြီးဖြစ်သလို တစ်ဖက်မှာလည်း ပျက်စီးရမယ့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ပြီးသားဖြစ်သွားပါလိမ့်မယ်။

ဘတ်စကားစီးပါ

တချို့ကတော့ အလုပ်နဲ့အိမ်နဲ့ကြားကလည်း နည်းနည်းဝေးတယ်။ စက်ဘီးလည်းမစီးချင်ဘူး ဆိုရင်တော့ အကောင်းဆုံးက ဘတ်စကားစီးခြင်းပါပဲ။ ဘတ်စကားတစ်စီးဟာ လူအယောက် ၇၀ လောက်ကိုတင်ဆောင်နိုင်ပါတယ်။ ဘတ်စကားတစ်စီးကနေ ထွက်ရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ပမာဏက ခရီးသည်တစ်ဦးစာအတွက် သုည ဒသမ ၁၄ ပေါင်ရှိ ပါတယ်။ လူတစ်ဦးတည်းက ကားတစ်စီးတည်းကို မောင်းပြီးသွားလာမယ်ဆိုရင် ထွက်ရှိမယ့် ကာဗွန်ဓာတ်ငွေ့ က သုည ဒသမ ၈၉ ပေါင်ပါ။ ဒါကြောင့် လူတစ်ဦးချင်းက ကားတစ်စီးချင်းစီကိုစီးနင်းမယ့်အစား ဘတ်စကားစီးခြင်းဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမယ့် ကာဗွန်ဓာတ်ငွေ့ထွက်ရှိမှုကို များစွာလျှော့ချပေးနိုင်ပါတယ်။

လျှပ်စစ်ကားကိုစီးပါ

တကယ်လို့ ကိုယ်ကကိုယ့်ကားနဲ့ ကိုယ်သွားမှရတော့မယ့် အခြေအနေဆိုရင် အကောင်းဆုံးကတော့ လျှပ်စစ်ကားကိုစီးတာ အကောင်းဆုံးပါပဲ။ လျှပ်စစ်ကားတွေဟာ ရုပ်ကြွင်းလောင်စာတွေကို အသုံးပြုတာ မဟုတ်တဲ့အတွက် သူတို့ဆီကနေ ကာဗွန်ဓာတ်ငွေ့ထွက်ရှိခြင်းမရှိပါဘူး။ လျှပ်စစ်ကား ကိုစီးခြင်းဟာ သဘာဝပတ်ဝန်းကျင်ကို လုံးဝမထိခိုက်စေတာတော့မဟုတ်ပါဘူး။ ယနေ့ခေတ် လျှပ်စစ်ကားအများအပြားက လီသီယံအိုင်းယွန်း ဘက်ထရီအပေါ်မှီခိုနေပါတယ်။

ဒါပေမဲ့လည်း လျှပ်စစ်ကားဟာ ရုပ်ကြွင်းလောင်စာသုံး ကားတွေနဲ့နှိုင်းယှဉ်ရင်တော့ လေထဲကို ကာဗွန်ထုတ်လွှတ်မှု အနည်းဆုံးဖြစ်ပါတယ်။ ဒါကြောင့် လျှပ်စစ်ကားစီးခြင်းဟာ မတတ်သာတဲ့ အဆုံး လုပ်ဆောင်ရတဲ့ ရွေးချယ်မှုဖြစ်ပေမယ့်လည်း ကာဗွန်ဓာတ်ငွေ့ထွက်ရှိမှု အနည်းငယ်သာ ရှိတဲ့အတွက် သဘာဝပတ်ဝန်းကျင်ကို ဆိုးဆိုးဝါးဝါး မထိခိုက်စေတာတော့အမှန်ပါပဲ။

ကားကိုတစ်နေရာမှာရပ်ပြီး အလုပ်ကိုလမ်းလျှောက်ပါ

ဒီလိုလုပ်ရတာဟာ နည်းနည်းတော့ရူးကြောင်ကြောင် ဆန်ချင်ဆန်နေပါလိမ့်မယ်။ ဒါပေမဲ့ ဒီလိုလုပ်ခြင်းအားဖြင့် ကိုယ့် အတွက်သာကောင်းကျိုးရမှာပါ။ တစ်ကယ်လို့ကိုယ်က တော်တော် လှမ်းတဲ့ နေရာမှာရှိတဲ့ အလုပ်ကိုလည်းသွားရမယ်။ နေ့စဉ်လေ့ကျင့်ခန်းလည်း လုပ်ချင်တယ် ဆိုရင်တော့ ဒီနည်းလမ်းကအကောင်းဆုံးပါပဲ။ တစ်ဖက်က ကားကနေထွက်ရှိမယ့် ကာဗွန် ဓာတ်ငွေ့ပမာဏကို အနည်းငယ်လျှော့ချနိုင်ပြီး တစ်ဖက်ကလည်း လမ်းလျှောက်ခြင်း ကြောင့် ကျန်းမာရေးကိုကောင်းစေပါတယ်။

ဒီလိုအမူအကျင့်ကို ပြောင်းလဲလိုက်ခြင်းအားဖြင့် အားကစားကို တစ်သီးတစ်သန့်သွား လုပ်စရာ မလိုဘဲ  အလုပ်တက်ရင်းနဲ့ လုပ်နိုင်ပါလိမ့်မယ်။ ဒါ့အပြင် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့ချလိုက်တာကြောင့်  သဘာဝပတ်ဝန်းကျင်ကိုလည်း ကာကွယ်ပြီးသားဖြစ်သွားမှာဖြစ်ပါတယ်။