မြောက်ကိုရီးယားက နျူကလီးယား လောင်စာများ ပိုမိုထုတ်လုပ် နိုင်မည်ဖြစ်ဟု သုတေသီများပြော

မြောက်ကိုရီးယားက နျူကလီးယား လောင်စာများ ပိုမိုထုတ်လုပ် နိုင်မည်ဖြစ်ဟု သုတေသီများပြော

မြောက်ကိုရီးယားနိုင်ငံသည် နျူကလီးယား လက်နက် ထုတ်လုပ်နိုင်ရန်အတွက် လိုအပ်သည့်  ယူရေနီယံ သတ္တုအားလုံးကို ရယူနိုင်သောကြောင့် နျူကလီးယား လောင်စာများကို   ပိုမိုထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း  သုတေသီများက ထုတ်ပြန်သည်။

မြောက်ကိုရီးယား နိုင်ငံသည် ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်မှစ၍ နျူကလီးယား လက်နက် ထုတ်လုပ်ရေးနှင့် စပ်လျဉ်း၍ ပိတ်ဆို့မှုများ ချမှတ်ခြင်း ခံထားရသော်လည်း ၎င်းတို့၏ လက်နက်အင်အားကို  ဆက်လက်တိုးမြှင့်လျက် ရှိကြောင်း၊ ယခုနှစ်တွင် ယင်းနိုင်ငံအနေဖြင့် လက်နက်ထုတ်လုပ်နိုင်သည့် အဆင့်ရှိ ပလူတိုနီယံများအား ထုတ်လုပ်နိုင်မည့်    ဓာတ်ပေါင်းဖို တစ်လုံးအား ပြန်လည်လည်ပတ်နိုင်မည့် အလားအလာ ရှိကြောင်း သုတေသီများက ပြီးခဲ့သည့်လ  အတွင်းက ထုတ်ဝေခဲ့သည့် သိပ္ပံနှင့်ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးဂျာနယ်တွင် ရေးသားဖော်ပြသည်။

ထို့ကြောင့် မြောက်ကိုရီးယားနိုင်ငံသည်   အခြားယူရေနီယံ သတ္တုစက်ရုံများ မလိုအပ်ဘဲ   လက်နက် ထုတ်လုပ်ခြင်းကို တိုးမြှင့်လာဖွယ်ရှိကြောင်း   ဂျာနယ်တွင် ဆက်လက်ဖော်ပြသည်။

မြောက်ကိုရီးယားနိုင်ငံသည် ၎င်းတို့၏  ယုံပြုံန်နျူကလီးယား ဓာတ်ပေါင်းဖိုတွင် တိုးချဲ့တည်ဆောက်မှုများ လုပ်ဆောင်နေသည်ကို ဂြိုဟ်တုမှတစ်ဆင့် ရိုက်ယူနိုင်သည့်ပုံများတွင် တွေ့ရှိပြီးနောက် သုတေသီများ၏ ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အဆိုပါဓာတ်ပေါင်းဖိုတွင် တိုးချဲ့တည်ဆောက်နေသည့် အဆောက်အအုံများအား လက်နက် ထုတ်လုပ်ရာတွင်  အသုံးပြုနိုင်မည့် ယူရေနီယံသတ္တု ထုတ်လုပ်ရန်အတွက်ရည်ရွယ်ခြင်းဖြစ်ကြောင်း     ၎င်းတို့က ဆက်လက်ပြောဆိုသည်။

မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယား အစီအစဉ်ကို ရပ်တန့်ပစ်ရန် အမေရိကန် အစိုးရက ဆန္ဒရှိနေပြီး  ယင်းကိစ္စရပ်နှင့် စပ်လျဉ်း၍   တွေ့ဆုံဆွေးနွေးပွဲများ ထပ်မံကျင်းပရန် လမ်းဖွင့်ပေးထားကြောင်း သိရသည်။