မူဝါဒများကို အကောင်အထည် ဖော်ဆောင်ရန်အတွက် ကီရှီဒါအား အခွင့်အလမ်း ပေးလိုက်သည့် ဂျပန်ရွေးကောက်ပွဲ

မူဝါဒများကို အကောင်အထည် ဖော်ဆောင်ရန်အတွက် ကီရှီဒါအား အခွင့်အလမ်း ပေးလိုက်သည့် ဂျပန်ရွေးကောက်ပွဲ

ဂျပန်နိုင်ငံတွင် အောက်တိုဘာ ၃၁ ရက်တွင် စတင်ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲ၌ ထွက်ပေါ်လာသည့် ရလဒ်သည် လက်ရှိဝန်ကြီးချုပ် ဖူမီယိုကီရှီဒါအား ၎င်း၏မူဝါဒများကို အကောင်အထည် ဖော်ဆောင်ရန် အခွင့်အလမ်း ပေးလိုက်ပြီဖြစ်သည်။နိုဝင်ဘာ ၁ ရက်နေ့ ထုတ်ပြန်ချက်များအရ အဆိုပါ ရွေးကောက်ပွဲတွင် လက်ရှိအာဏာရ လစ်ဘရယ်ဒီမိုကရက်တစ် ပါတီ(LDP)သည် အောက်လွှတ်တော်ရှိ အမတ် ၄၆၅ နေရာအနက် ၂၆၁ နေရာကို အနိုင်ရရှိခဲ့ခြင်းကြောင့်   အမတ်အများစုကို ရရှိခဲ့ပြီဖြစ်သည်။

ယခုကျင်းပသည့် ရွေးကောက်ပွဲသည် အလွန်အရေးပါသည့် ရွေးကောက်ပွဲတစ်ခု ဖြစ်သည့်အပြင် ခက်ခဲသော ရွေးကောက်ပွဲတစ်ခုဖြစ်သည်ဟု ဝန်ကြီးချုပ်ကီရှီဒါကဆိုသည်။ ထို့ပြင် ရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် ရလဒ်ကို ကြည့်ခြင်းအားဖြင့် မိမိသည်  ပြည်သူအများစု၏ ယုံကြည်မှုကို လက်ခံရရှိခဲ့ပြီဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ တစ်နည်းအားဖြင့်ဆိုရပါမူ ဂျပန်ပြည်သူများသည် ၎င်းတို့နိုင်ငံ၏ အနာဂတ်ကို ပုံဖော်နိုင်မည့် အစိုးရကို တည်တည်ငြိမ်ငြိမ်ဖြင့် ရွေးကောက်ခြင်းဖြစ်သည်ဟုလည်း ဆိုနိုင်သည်။

ထို့ကြောင့်   ပြည်သူများ၏ ယုံကြည်မှုကို လက်ခံရရှိခဲ့ပြီးဖြစ်သောကြောင့် နိုင်ငံအတွင်းအရေးတယူ ဆောင်ရွက်ရန် လိုအပ်နေသည့် ကိစ္စရပ်များကို ကီရှီဒါက အဓိကထား ဖော်ဆောင်သွားမည်ဖြစ်သည်။ အဆိုပါရွေးကောက်ပွဲတွင် LDP ၏ မိတ်ဖက်နိုင်ငံရေး ပါတီတစ်ခုဖြစ်သည့် ကိုမေတိုပါတီက အမတ်နေရာ ၃၂ နေရာ ရရှိထားသည်။

ယခုကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ   စုစုပေါင်းအနက် ၅၅ ဒသမ ၉၃ ရာခိုင်နှုန်းရှိသောကြောင့် ယင်းပမာဏသည် ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ်က ကျင်းပသည့် ရွေးကောက်ပွဲသို့ လာရောက်မဲပေးသူ ပမာဏထက် ပိုမိုမြင့်တက်နေသည်။

နိုင်ငံအတွင်း၌ ကျင်းပသည့် ရွေးကောက်ပွဲ၌   လက်ရှိအာဏာရ LDP  ပါတီက အနိုင်ရမည်ဟု အလားအလာမြင့်တက်နေစဉ် အစုရှယ်ယာဈေးကွက်၌ အစုရှယ်ယာဈေးနှုန်းများမှာ မြင့်တက်လာသည်။ဤကား နိုင်ငံရေး၏ ရိုက်ခတ်မှုဖြစ်သည်ဟုလည်းဆိုနိုင်သည်။ ရွေးကောက်ပွဲ ကျင်းပနေစဉ် အတွင်း LDP  ပါတီနှင့် ကိုမေတိုပါတီတို့ အနေဖြင့် အောက်လွှတ်တော်ရှိ အမတ်နေရာ ၄၆၅ နေရာအနက် အနည်းဆုံး၂၃၃ နေရာကို ရရှိထားမည်ဟု မျှော်လင့်ခဲ့သည်။ သို့သော် ယခုနောက်ဆုံး ထုတ်ပြန်ချက်များအရ အဆိုပါအာဏာရ ပါတီနှင့်ကိုမေတိုပါတီတို့ အနေဖြင့် အမတ်နေရာများကို မျှော်လင့်ထားသည်ထက်  ပိုမိုရရှိခဲ့ပြီဖြစ်သည်။ အဓိက အတိုက်အခံ ပါတီကြီးဖြစ်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ဒီမိုကရက်တစ် ပါတီ(CDPJ)ကမူ ယခင်က အမတ်နေရာ ၁၁ဝ နေရာရရှိခဲ့ရာမှ ယခုရွေးကောက်ပွဲတွင် အမတ်နေရာ ၉၆ နေရာသာ ရရှိထားသည်။

ယခုကျင်းပသည့် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီကိုးခုမှ ကိုယ်စားလှယ်လောင်း ၁ဝ၅ဝ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ အဆိုပါ ရွေးကောက်ပွဲသည် မကြာမီက ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ကီရှီဒါနှင့် နိုင်ငံအတွင်း ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုအား ထိန်းချုပ်ရာတွင် အားနည်းခဲ့သည့် LDP  ပါတီတို့အနေဖြင့် စိုးရိမ်မကင်းဖြစ်နေစဉ် ထွက်ပေါ်လာခြင်း လည်းဖြစ်သည်။

အလားတူ ဝန်ကြီးချုပ် ကီရှီဒါ၏ မူဝါဒများကို ကြည့်မည်ဆိုပါက ၎င်းသည် တရုတ်နိုင်ငံနှင့် စပ်လျဉ်း၍ ရပ်တည်ချက် တင်းမာနေသူ တစ်ဦးဖြစ်ပြီး စစ်ရေးအသုံးစရိတ် တိုးမြှင့်သုံးစွဲရေးကို ကြိုးပမ်းလျက် ရှိသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီးနောက် အစိုးရအဖွဲ့အတွင်း နေရာအပြောင်းအလဲ လုပ်ဆောင်မည်ဟု ကီရှီဒါက ပြောဆိုခဲ့ခြင်းဖြစ်သည်။ထို့ပြင် အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုကို ထိန်းချုပ်နိုင်ရေးအတွက်  ရောဂါပိုး ကူးစက်သူများကို ဆေးကုသမှု ပိုမိုပေးအပ်နိုင်ရေးအတွက် ပြင်ဆင်သွားမည် ဖြစ်သည်။ နိုင်ငံအတွင်း ရောဂါပိုး ကူးစက်မှုကြောင့် စီးပွားရေးအရ ထိခိုက်ခဲ့ရသည့် စီးပွားရေးလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များအား ထောက်ပံ့နိုင်ရေးကို ယခုနှစ်အတွင်း လုပ်ဆောင်မည်ဖြစ်သည်။

ဂျပန်နိုင်ငံရေးတွင် အောက်လွှတ်တော် ရွေးကောက်ပွဲသည် အရေးကြီးလှသည်။ အဘယ့်ကြောင့်ဆိုသော် အောက်လွှတ်တော်သည် အထက်လွှတ်တော်နှင့် နှိုင်းယှဉ်ပါက လုပ်ပိုင်ခွင့် အများအပြား ရှိနေခြင်းကြောင့် ဖြစ်သည်။    အောက်လွှတ်တော်သည်နိုင်ငံ၏ ဝန်ကြီးချုပ်အား ရွေးကောက်တင်မြှောက်ခြင်း၊ အစိုးရအတွက် အသုံးစရိတ်သတ်မှတ်ခြင်းနှင့် နိုင်ငံတကာနှင့် ချုပ်ဆိုသည့် သဘောတူညီချက်များကို အတည်ပြုပေးရခြင်း စသည်တို့ကို အတည်ပြုပေးရခြင်း ကြောင့် အောက်လွှတ်တော်တွင် ဝန်ကြီးချုပ် ကီရှီဒါ၏ အာဏာရပါတီနှင့် မိတ်ဖက်ပါတီ တို့က လွှတ်တော်အမတ်နေရာ အများစုကို အနိုင်ရရှိခဲ့ခြင်းသည် ကီရှီဒါ၏ မူဝါဒများကို ဖော်ဆောင်ရန်  အခွင့်အလမ်း ပေးအပ်လိုက်ခြင်းပင်ဖြစ်သည်ဟု  ဆိုရမည်ဖြစ်သည်။