အောက်တိုဘာလအတွက်  ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံးနည်းပြဆုနှင့် ကစားသမားဆုအတွက် ဆန်ခါတင် စာရင်းများ ထုတ်ပြန်

အောက်တိုဘာလအတွက်  ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံးနည်းပြဆုနှင့် ကစားသမားဆုအတွက် ဆန်ခါတင် စာရင်းများ ထုတ်ပြန်

ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်က လစဉ်ပေးအပ် ချီးမြှင့်သည့်  တစ်လတာ အကောင်းဆုံး ကစားသမား ဆုများမှ အောက်တိုဘာလ အတွက်  ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး နည်းပြဆုနှင့် ကစားသမား ဆုအတွက်       ဆန်ခါတင် ကစားသမားစာရင်းများ  ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာလအတွက် ပရီးမီးယားလိဂ် တစ်လ တာ အကောင်းဆုံး ကစားသမားဆုအတွက်   ဆန်ခါတင် ကစားသမားစာရင်းတွင်   ချယ်လ်ဆီးအသင်းမှ ဘန်ချီဝဲလ်၊  ဘန်လေအသင်းမှ  မက်ဝဲလ်ကွန်နက်၊ မန်စီးတီးအသင်းမှ ဖိုဒန်၊ ဆောက်သမ်တန် အသင်းမှ ဗီရာမန်တို၊ အာဆင်နယ်အသင်းမှ ရမ်ဒဲလ်၊ ဝက်စ် ဟမ်းအသင်းမှ   ဒီကလန်ရိုဒ်၊   လီဗာပူးအသင်းမှ ဆာလက်ချ်၊ လက်စတာအသင်းမှ တိုင်လီမန်းတို့ပါဝင် လာခဲ့ကြသည်။

အလားတူ အကောင်းဆုံး နည်းပြဆုအတွက် ဆန်ခါ တင်စာရင်းတွင်   လီဗာပူးအသင်း နည်းပြကလော့၊ ဝက်စ်ဟမ်းအသင်းနည်းပြ   မိုယက်စ်၊  ချယ်လ်ဆီးအသင်းနည်းပြ   တူချယ်လ်နှင့်    ခရစ္စတယ်ပဲလေ့စ် အသင်းနည်းပြ ဗီယာရာတို့ ပါဝင်သည်။

ဆန်ခါတင်ကစားသမား စာရင်းတွင်   ပါဝင်ခဲ့သူများမှ ဘန်ချီဝဲလ်သည် ချယ်လ်ဆီးအသင်းနှင့် အတူ နောက်ပိုင်းပွဲစဉ်များတွင် ပွဲထွက်ပါဝင် ကစားခွင့်ရရှိကာ  အကောင်းဆုံး ခြေစွမ်းပြနိုင်ပြီး အသင်းအတွက် အရေးပါသည့် အဆုံးအဖြတ် သွင်းဂိုးများကို  သွင်းယူ နိုင်ခဲ့သူဖြစ်သည်။  ထို့အတူ အာဆင်နယ်အသင်း ဂိုးသမား ရမ်ဒဲလ်သည်လည်း အောက်တိုဘာလအတွင်း အာဆင်နယ်အသင်း ရလဒ်ကောင်းများ ဆက်တိုက်ရရှိခဲ့သည့် ပွဲစဉ်များတွင် အသင်းနှင့်အတူ အကောင်းဆုံး လက်စွမ်းပြနိုင်ကာ ၎င်း၏ အကောင်းဆုံး ကာကွယ်မှုများကြောင့်သာ   အာဆင်နယ်အသင်း ရလဒ်ကောင်းများကို ဆက်တိုက် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

အလားတူ လက်စတာအသင်း ကွင်းလယ်ကစားသမား   တိုင်လီမန်းသည်    ကွင်းလယ်ကစားသမား တစ်ဦးဖြစ်သော်လည်း    အသင်းတိုက်စစ်ပိုင်းအထိ အကောင်းဆုံး လိုက်ပါကစားခဲ့ကာ အောက်တိုဘာလ အတွင်းကစားသည့် ပွဲစဉ်များတွင်  အသင်းအတွက် အရေးပါသည့် သွင်းဂိုးများ သွင်းယူနိုင်ခဲ့သည်။

လီဗာပူးအသင်း  တိုက်စစ်မှူး  ဆာလက်ချ်သည် အောက်တိုဘာလ အတွင်း ကစားသည့်  ပရီးမီးယားလိဂ်လေးပွဲတွင်  ငါးဂိုးအထိ သွင်းယူနိုင်ပြီး   သုံးကြိမ်ဂိုး ဖန်တီးမှုပြုလုပ်ထားခြင်းကြောင့်    တစ်လတာ အကောင်းဆုံး ကစားသမားဆု ဆွတ်ခူးရန် ထိပ်ဆုံးမှ ရေပန်းစားလျက်ရှိသည်။

အလားတူ အကောင်းဆုံး နည်းပြဆုအတွက် ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့သူများမှ     လီဗာပူးအသင်း နည်းပြကလော့နှင့်    ချယ်လ်ဆီးအသင်း နည်းပြ  တူချယ်လ်တို့သည် အောက်တိုဘာလ အတွင်းကစားသည့် ပွဲစဉ်များတွင် ရလဒ်ကောင်းများ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းကြောင့် ဆုရရှိရန် အပြိုင် ရေပန်းစားလျက် ရှိကြောင်း သိရသည်။