ရှီကျင့်ဖျင်နှင့် ဘိုင်ဒင်တို့ နှစ်နိုင်ငံ ကောင်စစ်ဝန်ရုံးများ ပြန်လည်ဖွင့်လှစ်မှုကို ကြေညာနိုင်ဖွယ်ရှိ

ရှီကျင့်ဖျင်နှင့် ဘိုင်ဒင်တို့ နှစ်နိုင်ငံ ကောင်စစ်ဝန်ရုံးများ ပြန်လည်ဖွင့်လှစ်မှုကို ကြေညာနိုင်ဖွယ်ရှိ

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့အနေဖြင့် ပြီးခဲ့သည့် နှစ်တွင်ပိတ်ထားသော နှစ်နိုင်ငံကောင်စစ်ဝန်ရုံးများ ပြန်လည်ဖွင့်လှစ်မှုကို ကြေညာနိုင်ဖွယ်ရှိကြောင်း နိုင်ငံရေး သတင်းဌာနတစ်ခုက ဖော်ပြထားသည်။

ထိုသို့  ကောင်စစ်ဝန်ရုံးများ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းသည်  နှစ်နိုင်ငံကြား ပျက်စီး ခဲ့သည့် ဆက်ဆံရေးကို ပြန်လည်ပြင်ဆင်နိုင်ရေးအတွက်  အရေးအကြီးဆုံးသော ခြေလှမ်းများအနက် တစ်ခုဖြစ်သည်။

အလားတူ  နှစ်နိုင်ငံခေါင်းဆောင်များသည် မကြာမီအချိန်အတွင်း အွန်လိုင်းမှ တစ်ဆင့်တွေ့ဆုံ ဆွေးနွေးဖွယ်ရှိပြီး အဆိုပါ တွေ့ဆုံမှုတွင် နှစ်နိုင်ငံကြား ဗီဇာကန့်သတ်ချက်များ ဖြေလျှော့မှုကိုလည်း ကြေညာနိုင်ဖွယ်ရှိသည်ဟု  Politico သတင်းဌာနကဖော်ပြထားသည်။

ရှီကျင့်ဖျင်နှင့်ဘိုင်ဒင်တို့ အနေဖြင့် ပြီးခဲ့သည့်  အမေရိကန်အစိုးရ သက်တမ်းတွင် ပေါ်ပေါက်ခဲ့သော ကုန်သွယ်ရေး တင်းမာမှုများကို လျှော့ချနိုင်ရေးအတွက် မူဘောင်တစ်ခုကိုလည်း သဘောတူနိုင်ဖွယ်ရှိကြောင်း ထိုသတင်းဌာနက ဆက်လက် ဖော်ပြထားသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရလက်ထက်တွင် ဟူစတန်မြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးကို ပိတ်ရန် ၂ဝ၂ဝ ပြည့်နှစ် ဇူလိုင်လတွင်    အမိန့်ပေးခဲ့ခြင်းဖြစ်ပြီး တရုတ်ကလည်း လက်တုံ့ပြန်သည့်အနေဖြင့် ချန်ဒူးမြို့ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးကို ပိတ်ခိုင်းခဲ့ခြင်းဖြစ်သည်။

တရုတ်အစိုးရအနေဖြင့် ထိုကောင်စစ်ဝန် ရုံးကိုကြားခံကာ  ကုန်သွယ်ရေး လျှို့ဝှက်ချက်များကို ခိုးယူခြင်းနှင့် အမေရိကန်နိုင်ငံအပေါ် လွှမ်းမိုးနိုင်ရေးတို့ကို ဆောင်ရွက်နေသည့်အတွက် ပိတ်ခိုင်းရခြင်း ဖြစ်သည်ဟု အမေရိကန်အစိုးရဘက်က ပြောသော်လည်း ၎င်းတို့၏ ပြောဆိုမှုနှင့် ပတ်သက်၍ သက်သေတစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိကြောင်း သိရသည်။