ကလေးငယ်ကို သေဆုံးစေသည်အထိ လျစ်လျူရှုသည့်မိခင် ထောင်ဒဏ်အနှစ် ၂ဝ ချမှတ်ခံရ

ကလေးငယ်ကို သေဆုံးစေသည်အထိ လျစ်လျူရှုသည့်မိခင် ထောင်ဒဏ်အနှစ် ၂ဝ ချမှတ်ခံရ

တောင်ကိုရီးယားနိုင်ငံ၌ အသက် ၃ နှစ်ရှိ ကလေးငယ်တစ်ဦးကို သေဆုံးစေသည်အထိ လျစ်လျူရှုသည့် အသက် ၃၂ နှစ်ရှိ မိခင်တစ်ဦးသည် နိုဝင်ဘာ ၅ ရက်တွင် ထောင်ဒဏ်အနှစ် ၂ဝ ချမှတ်ခံရကြောင်း သိရသည်။

အဆိုပါအမျိုးသမီးသည် ၎င်း၏သမီးကို နေအိမ်၌ သုံးရက်ကြာ ထားခဲ့ခြင်းဖြစ်ပြီး ၎င်းကိုယ်တိုင်က  အမျိုးသားတစ်ဦးနှင့် ချိန်းတွေ့ရန် ထွက်သွားခြင်းဖြစ်သည်။

ထို့နောက် နေအိမ်သို့ပြန်လာချိန်တွင် ကလေးငယ်မှာ ရေဓာတ် ခန်းခြောက်ကာ သေဆုံးနေသည်ကို တွေ့ရခြင်း ဖြစ်သော်လည်း  တာဝန်ရှိသူများထံ သတင်းမပို့ဘဲ ၎င်းနှင့်ချိန်းတွေ့ခဲ့သည့် အမျိုးသား၏ နေအိမ်၌ သီတင်းပတ်နှစ်ပတ်ကြာ ပုန်းအောင်းနေကာ နောက်ကျမှ သတင်းပို့ခြင်းဖြစ်ကြောင်း တရားရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်ဖြစ်ပွားသည့် ဇူလိုင်လတွင် အပူလှိုင်း ဖြတ်မှုဖြစ်ပွားသည့်အတွက် တာဝန်ရှိသူများက သတိပေးချက် ထုတ်ပြန်ထားပြီး နေအိမ်၌ ကျန်ခဲ့သည့်ကလေးငယ်မှာ ရေသောက်ရန် ရေဘူးကိုဖွင့်နိုင်သည့် အင်အားမရှိသည့်အပြင်  အိမ်ရှေ့တံခါးကိုလည်း ဖွင့်နိုင်ခြင်း မရှိကြောင်း ထိုထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။

ထိုအမျိုးသမီးသည် ကလေးငယ်အတွက် သရေစာများ၊ သကြားလုံးများနှင့် ဖျော်ရည်နှစ်ဘူးပါသည့် အိတ်တစ်လုံးကို ချန်ထားခဲ့သော်လည်း ကလေးငယ်မှာ ထိုစားစရာများကို စိုးစဉ်းမျှ စားသုံးခြင်းမရှိဘဲ    ရေဓာတ်ခန်းခြောက်ပြီး သေဆုံးသွားခြင်းဖြစ်သည်။

ယခုဖြစ်စဉ် အပါအဝင် အဆိုပါကလေးငယ်သည် နှစ်လအတွင်း ၂၆ ကြိမ်တိုင်တိုင် နေအိမ်၌ တစ်ယောက်တည်း မကြာခဏ ကျန်နေခဲ့ရကြောင်း   တာဝန်ရှိသူများက စစ်ဆေးတွေ့ရှိသည်။

ထို့ကြောင့် အင်ချွန်းခရိုင်တရားရုံးက အဆိုပါ အမျိုးသမီးကို ထောင်ဒဏ်အနှစ် ၂ဝ အပြင် ကလေးသူငယ် ညှဉ်းပန်းနှိပ်စက် မှုအတွက် ကုထုံးကို နာရီ  ၄ဝ ကြာခံယူရန် အမိန့်ချမှတ်ကာ  ကလေးငယ်များနှင့် ပတ်သက်သည့်   အဖွဲ့အစည်းများတွင် အလုပ်လုပ်ခွင့်ကို  ၁ဝ နှစ်ကြာ တားမြစ်လိုက်ကြောင်း သိရသည်။