ဂျပန်အစိုးရက ကလေးရှိသော အိမ်ထောင်စုများကို ငွေသား ယန်း ၂ ထရီလီယံ နီးပါးထောက်ပံ့မည်

ဂျပန်အစိုးရက ကလေးရှိသော အိမ်ထောင်စုများကို ငွေသား ယန်း ၂ ထရီလီယံ နီးပါးထောက်ပံ့မည်

ဂျပန်အစိုးရသည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် ရင်ဆိုင်ရသော ထိခိုက်မှုများကို လျော့ပါးစေရန်အလို့ငှာ စီးပွားရေး အားပေးမှု အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အသက် ၁၈ နှစ်အောက် ကလေးရှိသော အိမ်ထောင်စုများကို ငွေသားယန်း၂ ထရီလီယံနီးပါး ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ဒေသတွင်း သတင်းစာတစ်စောင်က နိုဝင်ဘာ ၅ ရက်တွင် ဖော်ပြထားသည်။

အဆိုပါ ထောက်ပံ့ရေးအစီအစဉ်အရ ထိုအိမ်ထောင်စု၏ ဝင်ငွေ မည်မျှပင် ရှိစေကာမူ ယင်းအိမ်ထောင်စု အနေဖြင့် ကလေးတစ်ဦးလျှင်    ယန်းတစ်သိန်းနှုန်းဖြင့် ထောက်ပံ့ငွေ ရရှိမည်ဖြစ်သည်။ ထောက်ပံ့ငွ ေပေးအပ်မှုကိုမူ လာမည့်နှစ် နွေဦးရာသီတွင် စတင်မည်ဖြစ်ကြောင်း  သတင်းစာက ဆက်လက် ရေးသားထားသည်။

အစိုးရအနေဖြင့်   ထိုကဲ့သို့  ငွေကြေးထောက်ပံ့ ပေးနိုင်ရေးအတွက် နိုင်ငံတော် အရန်ငွေကြေးများကို အသုံးပြုသွားမည်ဖြစ်ပြီး ထိုသို့ထောက်ပံ့မှုကြောင့် အစိုးရအပေါ်ကြီးမားလှသော ကြွေးမြီဖြစ်ပေါ်စေမည် မဟုတ်ကြောင်း သတင်းစာတွင်  ဖော်ပြထားသည်။

အလားတူ ဝန်ကြီးချုပ်အသစ်ဖြစ်သော ဖူမီအိုကီရှီဒါ၏ အစိုးရအဖွဲ့အနေဖြင့် ဝင်ငွေနည်း အိမ်ထောင်စုများနှင့်  ယာယီအလုပ်သမားများကိုလည်း   ငွေသားထောက်ပံ့ ပေးနိုင်ရေးအတွက် စဉ်းစားနေကြောင်းနှင့် အာဏာရပါတီက   အသေးစိတ်အချက်အလက်များကို ရေးဆွဲနေကြောင်း သတင်းစာတွင် ဆက်လက်ဖော်ပြထားသည်။

ယခုအစိုးရ၏ စီစဉ်ပေးမှုသည် ယခင်ပေးအပ်ခဲ့ပြီးဖြစ်သည့် အိမ်ထောင်စုများသို့ လွှမ်းခြုံထောက်ပံ့မှုထက် ပိုမိုထိရောက်မည် ဖြစ်ကာ ငွေသား လိုအပ်မှုဖြစ်ပေါ်နေသူများကို  အဓိက ဦးတည်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ထိပ်တန်းစီးပွားရေး ပညာရှင်တစ်ဦးဖြစ်သည့် မာဆာတိုကိုအီကီ ကပြောသည်။

အစိုးရအနေဖြင့် ထောက်ပံ့မှုများ ပိုမိုပေးအပ်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ကတိပြုထားပြီး အစိုးရ၏ အသုံးစရိတ်ကို လွှတ်တော်အနေဖြင့်   ယခုနှစ်ကုန်တွင် အတည်ပြုပေးနိုင်မည်ဟု မျှော်လင့်ကြောင်း တာဝန်ရှိသူများက ပြောသည်။

ထို့ပြင် အစိုးရအဖွဲ့ အနေဖြင့် ကပ်ရောဂါကြောင့်   ထိခိုက်ရမှုများကို ကုစားနိုင်ရေးအတွက် ငွေကြေးထောက်ပံ့မှုများ ပေးရန် အသင့်ရှိသည်ဟု ဝန်ကြီးချုပ်က အကြိမ်ကြိမ် ပြောထားကြောင်းနှင့်  ထိုအပေါ်တွင် ဆွေးနွေးမှုများကို လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း စီးပွားရေးဝန်ကြီး ဒါအိရှီရိုယာမာဂီဝါက နိုဝင်ဘာ ၅ ရက်တွင် သတင်းထောက် များကို ပြောထားသည်ဟု   သိရသည်။